"ဒါကတော့ နင်က အားကိုးရသွားတာကိုး..."

ဝေ့စကားကြောင့် ရယ်လိုက်မိကြလေသည်။

"ဒါဆို သူငယ်ချင်းတွေ အထဲဝင်ကြတော့လေ ... သစ်သစ်ပြန်လိုက်ဦးမယ်နော်... "

ဟန်သစ်၏စကားကို ဆွေက လှောင်ပြုံးပြုံးလိုက်ကာ

"မပြန်ပါနဲ့ သစ်သစ်ရယ်... တကယ်တမ်း ပြန်ရမယ်ဆို တို့နှစ်ယောက်က ပြန်သင့်တာပါ။"

"ဟယ်... မဆွေကလည်း ဘာတွေ ပြောမှန်းမသိဘူး။"

ဆွေက ရှက်သွားသော ငွေနှင်းနှင့် ဟန်သစ်၏ မျက်နှာကို တစ်လှည့်စီ ကြည့်၍

"ဆိုတော့ကာ... တို့နှစ်ယောက်က ဝင်ရမှာလား... ပြန်လိုက်ရမလား..."

"ဆွေရယ် ဘာကိစ္စ ပြန်ရမှာလဲ... လာမယ်ဆိုပြီး ဒီအထိတောင် ရောက်လာနေပြီပဲကို... အဲ အတော်ပဲ... ကုလားကားကြည့်ဖို့ လေးအိမ်ဖြစ်သွားပြီ။ လာပါ... အထဲ ဝင်ကြစို့..."

ပြောရင်း အရှေ့က ထွက်သွားသော ဝေ့ကို ဟန်သစ် တအံ့တဩ ကြည့်နေမိလေသည်။

ငွေနှင်းကတော့ ဟန်သစ်အား ပုခုံးဖြင့် တိုက်လိုက်ကာ

"သူတို့က အဲ့လိုပဲ... ပိတ်ရက်ဆို တစ်လတစ်ခါလောက် အိမ်မှာ လာအိပ်တတ်ကြတယ်။ လာလေ... ဝင်ကြရအောင်။"

ဟန်သစ်က ပြုံး၍ ခေါင်းညိတ် လိုက်လေသည်။
........................

ဧည့်ခန်းတွင်း လေးယောက်သား အခင်းခင်းပြီး ခေါင်းအုံးချကာ အိပ်ရန် ပြင်ဆင်နေလေ၏။

"တို့လေးယောက် အခုလို အတူမရှိရတာ ကြာပြီနော်..."

ဆွေ့စကားကို ဝေက ခေါင်းညိတ်လိုက်ကာ

"အဲ့ဒါကြောင့် သူငယ်ချင်းတွေ အချင်းချင်း မတွဲသင့်တာ။ သူတို့ပြတ်တော့ ငါတို့ပါ မျက်နှာနာရတယ်..."

ငွေနှင်းက ဝေ့အား မျက်စောင်းထိုးလိုက်ကာ

"မဝေ ဒီနေ့ ဘာဖြစ်နေတာလဲ..."

"သူ့လူကြီးနဲ့ စကားများထားတယ်လေ..."

ဆွေ့စကားကြောင့် ငွေနှင်းက သက်ပြင်းချလိုက်ကာ

"ကလေးယူဖို့ ကိစ္စပဲလား..."

ဟန်သစ်ကတော့ သုံးယောက်သား စကားပြောနေသည်ကို ပြုံး၍ ကြည့်နေလေ၏။

By Loving (own creation)Where stories live. Discover now