Part 6

815 55 2
                                    

Zawgyi Ver

ပူပြင်းတဲ့ နွေရာသီဟာ အထီးကျန်ဆန်ပြီး ခြောက်ကပ်လွန်းလှတယ်။ အစာရှာထွက်တော့မယ့် ငှက်ငယ်လေးတွေက တစာစာအော်ဟစ်ကာ မနက်ခင်းရဲ့ နှုတ်ဆက်စကားလေးတွေပြောပေးရတာက သူ့တို့တာဝန်တစ်ရပ်ပဲ မလား...။

"လေတိုက်တိုင်းကြွေတဲ့ သစ်ရွက်ဟောင်းများလို
ဒီအချိန် ဒီရက်တွေ တဖြုတ်ဖြုတ်နဲ့ကုန်သွားရင်
ဖော်ကွာသူဘဝမှာ လွမ်းရသက်သာလိမ့်မယ်
အို....အညာနွေရှည်လွန်းတယ်
အညာနွေကြာလွန်းတယ်
အချိန်ကုန်စေမယ့် မင်းမရှိပြီလေ...."

ယာခင်းထဲ နွားနှစ်ကောင်နဲ့ ထွန်ယက်နေရင်း ဘထီးရဲ့ အညာနွေသီချင်းလေး တသာသာညည်းနေတဲ့ ထက်ရှိန်ကိုမြင်တော့ ယာနားနီးချင်းဖြစ်တဲ့ ကိုသက်လွင်က ယာကန်သင်းထဲက ဖြတ်သွားရင်း လှမ်းအော်မေးလိုက်သည်။

"ဟေ့...ထက်ရှိန် သီချင်းသံလေး တသာသာပါလား"

ထက်ရှိန်က နွားနဖားကြိုးကို ထိန်းကိုင်ထားရင်း နှင်တံကို အသာမြှောက်ကာ နွားနှစ်ကောင်ရှေ့ဆက်သွားစေဖို့ ခြောက်သကာရုံလေး ခြောက်လိုက်ပြီး ထွန်ယက်နေရာကနေ ကိုသက်လွင်ရှိရာဘက်ကို လှမ်းကြည့်ရင်း ပြုံးပြလိုက်သည်။

"ကျွန်တော် အရမ်းပျင်းနေလို့ သီချင်းဆိုမိတာပါဗျ"

"အေးပါကွာ ဆိုပါ မနက်အစောကြီးကို ဘယ်အချိန်ကတည်းကများ ယာထဲ ရောက်နေတာလဲ"

"နိုးတဲ့အချိန် ထလာလိုက်တာပဲ"

ကိုသက်လွင်က ယာထဲမှာ ထီးထီးမားမားကြီးရှိနေတဲ့ ညောင်ပင်ကြီးရှိရာ လက်ညိုးထိုးပြကာ

"ငါ့မှာ စားစရာတွေပါတယ် ဗိုက်ဆာရင် ဟိုညောင်ပင်ကြီးအောက်မှာ လာစားလှည့် ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါဗျ"

ထက်ရှိန်က လိမ္မာတဲ့ကလေးမို့ ကလေးကစ ခွေးအဆုံး သူတို့တစ်ရွာလုံးက ချစ်ကြသည်။
ကိုသက်လွင်က ထက်ရှိန်နဲ့ အသက်အရွယ်အားဖြင့်တော့ ခြောက်နှစ်လောက်ကွာပေမယ့် ယာနားနီးချင်း ဆွေမျိုးရင်းဆိုသည့်အတိုင်း တစ်ရွာထဲသားချင်းမို့ ထက်ရှိန်ကို သူ့ရဲ့ညီအရင်းလိုပင် ချစ်သည်။
နေမွန်းတည့်တဲ့အထိ ထက်ရှိန်က လုံးဝမနားဘဲ ဆက်တိုက်ထွန်ယက်နေတာ ဧကတော်တော်များများတောင် ပြီးနေချေပြီ။
ကိုသက်လွင်က ညောင်ပင်အောက်ကနေ တကြော်ကြော်အော်ခေါ်နေပြန်တော့ နွားတွေကို လွှတ်လိုက်ပြီး သွားလိုက်သည်။

Smile AgainWhere stories live. Discover now