ဝေ့စကားအဆုံး ငွေနှင်းက မျက်မှောင်ကျုံ့လိုက်ကာ

"စာတော်တာ ဘာလုပ်ရမှာလဲ"

ငွေနှင်း၏ စကားကြောင့် ဝေရော ဆွေပါ ငွေနှင်းအား ကြည့်လိုက်လေသည်။ ထို့နောက် နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကာ ရယ်လိုက်ကြလေသည်။

"ငါတို့ကလည်း နင့်ကို ဘာမှ မလုပ်ခိုင်းပါဘူး။ ဒီအတိုင်း စကားစပ်လို့ သူ့အကြောင်း ပြောပြတာလေ... နင်က ဘာလုပ်ချင်လို့လဲ"

ဝေ့စကားကြောင့် ငွေနှင်းက မျက်စောင်းထိုးလိုက်ကာ

"ဟာ... သမီးဆိုလိုချင်တာက လက်တွေ့ဘဝကြီးမှာ စာတော်ရုံနဲ့ ဘာမှ လုပ်လို့မရဘူးလို့"

"အဲ့ဒါ သူ့ကိစ္စလေ..."

ကြားဖြတ်ကာပြောလိုက်သော ဆွေ့စကားကြောင့် ငွေနှင်းက နှုတ်ခမ်းစူလာလေသည်။

"ဟဲ့ အသက်ရှည်ဦးမယ်။ ဟိုမှာ..."

ဝေက ငွေနှင်း၏ ပေါင်ကို ဆတ်ခနဲရိုက်ကာ ပြောရင်း မေးငေါ့ပြလေရာ ငွေနှင်းရော၊ ဆွေပါ မုန့်တီဆိုင်၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေ၏။

သူငယ်ချင်းများနှင့် စကားပြောရင်း ရယ်မောနေလေသော ဟန်သစ်ကတော့ သူတို့ကို မမြင်ချေ။ ဆိုင်ကို ကျော်လွန်၍ ရှေ့ဆက်လျှောက် သွားကြလေသည်။

ကိုယ်တိုင်ပင် သတိမထားမိဘဲ ဟန်သစ်အား ငေးကြည့်နေလေသော ငွေနှင်းအား ကြည့်ရင်း ဝေက ဆွေ့အား မျက်စိမှိတ်ပြလေသည်။
......................

အတန်းတွင်း tutorial ရှိသောကြောင့် အဖြေလွှာစာအုပ်များကို ဌာနသို့ ပြန်သယ်ရမည် ဖြစ်သဖြင့် ဝေက အတန်းသားများကို လိုက်ပို့ပေးရန် ပြောလေရာ ဟန်သစ်က သူမ၏ ယောက်ျားလေး သူငယ်ချင်းနှစ်ယောက်နှင့်အတူ စာအုပ်များကို သယ်ကာ လိုက်ပို့ပေးလေ၏။

အဆောင်ဝအရောက် ဟန်သစ်က ဝေ့အနားကပ်ကာ

"တီချယ်၊ ဟိုလေ... မရိုမသေ၊ သမီးကို ထီးဆောင်းပေးလို့ရမလား။ သမီးက နေပူရင် ခေါင်းကိုက်တတ်လို့..."

By Loving (own creation)Where stories live. Discover now