"သမီးရဲ့ သူငယ်ချင်းတွေကလေ အတူတူ ခရီးသွားကြမယ်ဆိုလို့။ အဲ့ဒါ သမီးလည်း လိုက်သွားချင်တာ... မေမေ့ကို မပြောရဲလို့။"

"အဲ့တော့ တီချယ်က သမီးမေမေကို ပြောပေးရမယ်ပေါ့..."

သွန်းက ပြုံး၍ ခေါင်းညိတ်လိုက်လေ၏။

"သမီးက ဘာလို့ ကိုယ်တိုင်မပြောရတာလဲ ... မေမေ မလွှတ်မှာ စိုးလို့လား။"

"အဲ့ဒါလည်း ပါတာပေါ့။ ဒါပေမယ့်လေ တီချယ်ကသာ အာမခံပေးရင် မေမေက ကျိန်းသေ စိတ်ချမယ် ဆိုတဲ့ ခံစားချက်မျိုး ရနေလို့... သမီး သွားချင်ရင်တော့ မေမေက လွှတ်မှာပါ။ ဒါပေမယ့် မေမေက စိတ်ပူနေမယ်မှန်း သိတော့ သမီးအနေနဲ့လည်း စိတ်မဖြောင့်ဘူး။"

ဟန်သစ်က ခေါင်းညိတ်လိုက်ကာ

"ဘာဖြစ်လို့ တီချယ်လဲ..."

"ရှင်..."

"တီချယ့်ထက် အန်တီဝေတို့ အန်တီဆွေတို့က သမီးမေမေနဲ့ ပိုပြီး နီးနီးကပ်ကပ်နေတာလေ။ သူတို့ ပြောပေးရင် ပိုအဆင်မပြေနိုင်ဘူးလား။"

"စိတ်ကြောင့်ပါ။"

"ဟမ်..."

"သမီးအတွက် တီချယ်က လုံခြုံမှုပေးနိုင်တယ်ဆိုတဲ့စိတ်၊ ဘာလို့မှန်းမသိပေမယ့် တီချယ်ရှိရင် လုံခြုံတယ်၊ စိတ်အေးရတယ်။ သမီး အဲ့လို ခံစားရလို့။ မေမေလည်း ဒီလိုပဲ ခံစားရမယ်လို့ ထင်မိလို့။"

သွန်း၏ စကားကြောင့် ဟန်သစ်က တအံ့တဩ ကြည့်နေမိလေသည်။ ထို့နောက် ခေါင်းညိတ်လိုက်ကာ

"ကောင်းပြီလေ ... တီချယ်ပြောပေးမယ်။ ဘယ်တော့လဲ။"

"နောက်တစ်ပတ် သောကြာ အတန်းဆင်းတဲ့အချိန်။ လမင်းရဲ့အိမ်က ကားနဲ့ပဲ သွားကြမှာ။ မိန်းကလေး သူငယ်ချင်းတွေချည်းပဲ။ ကားမောင်းတာကလဲ လမင်းရဲ့အစ်မ လိုက်ပို့ပေးမှာ။"

"တီချယ် အဲ့သည့် လမင်းဆိုတဲ့ ကလေးမနဲ့ တွေ့ချင်တယ်... ဒါမှ စိတ်ချရတဲ့ လူလား ဆိုတာ သိရအောင်လို့"

"ဟုတ်ကဲ့... သမီး ဖုန်းဆက်ခေါ်ပေးပါမယ်။"

....................................

"အဲ့တော့ နွယ်က သမီးကို လိုက်ဖို့ ခွင့်ပြုပေးချင်တယ်ပေါ့..."

ငွေနှင်းက တစ်ခါစားစာ နွှင်ထားသည့် ကြက်ကြော်ဖက်များကို ဟန်သစ်၏ ပန်းကန်အတွင်းထည့်ပေးရင်း မေးလိုက်လေသည်။

ဟန်သစ်က ရေနွေးဓာတ်ဘူးကို လှုပ်လိုက်ကာ

"ကိုလင်းရေ ရေနွေးကုန်နေပြီ။"

ဆိုင်ရှင်က ရေနွေးဓာတ်ဘူးကို လာလဲပေးသွားလေ၏။

"ကလေးက သွားချင်နေတာလေ။ အဲ့ဒါကိုတောင် ခိုင် စိတ်မချဖြစ်နေမှာစိုးလို့ တကူးတက နွယ့်ကို လာပြောတာ... ပြီးတော့ သူ့သူငယ်ချင်းရဲ့ အစ်မကို မမြင်ဖူးပေမယ့် အတူသွားမယ့် သူငယ်ချင်းနှစ်ယောက်နဲ့ စကားပြောကြည့်တာတော့ ကလေးတွေက ပေါ့ပေါ့ပါးပါးနေတတ်ပြီး လိမ္မာတဲ့ပုံလေးတွေပါ။"

"နွယ့်မေဂျာက ကလေးတွေဆိုတော့ နွယ်က ခိုင့်ထက် အကြောင်းပိုသိမှာပါ။ ခိုင်ကလေ သမီးလေး အပေါင်းအသင်းမှားမှာ သိပ်စိုးရိမ်တာ။ သမီးလေး လိမ်လိမ်မာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးလာဖို့က ခိုင့်ရဲ့ ရည်မှန်းချက်ပဲ။"

ဟန်သစ်က ခေါင်းညိတ်လိုက်ကာ ထမင်းတစ်ဇွန်း စားလိုက်လေသည်။

"ခိုင် နွှင်ပေးလို့လား မသိဘူး၊ ကြက်သားကြော်က ဒီနေ့မှ ပိုစားကောင်းနေတယ်..."

ငွေနှင်းက ဟန်သစ်အား မျက်စောင်းထိုးလိုက်လေသည်။

"ဝေနဲ့ဆွေရော၊ မလာသေးဘူးလား။"

ဟန်သစ်က၏ မေးခွန်းကြောင့် ငွေနှင်းက ပြုံးလိုက်ကာ

"ခိုင် သူတို့ကို မပြောခဲ့မိဘူး။"

"အယ်... ဖုန်းဆက်လိုက်ဦး။ ထမင်းစားဖို့ စောင့်နေကြဦးမယ်။ ဒါမှမဟုတ် နွယ် သွားခေါ်လိုက်ရမလား..."

"ရတယ်... ဖုန်းဆက်လိုက်မယ်။"

ငွေနှင်းက ပြောရင်း ဖုန်းကို လှမ်းယူလိုက်လေ၏။ ထို့နောက် ဖုန်းဆက်လိုက်ကာ

"နည်းနည်းတော့ ချော့ရမှာပေါ့။"

.....................................

By Loving (own creation)Where stories live. Discover now