"ကျေးဇူးတင်ပါတယ်ရှင်... ကျွန်မ စားလိုက်ပါ့မယ်..."

"တီချယ်နဲ့ မေမေက တအား ရင်းနီးပုံပဲနော်..."

"ဆိုပါတော့... တီချယ်က သမီးမေမေတို့ရဲ့ တပည့်လေ... အသက်လည်း တအားမကွာတော့ တီချယ်ဆွေတို့တွေနဲ့ သူငယ်ချင်းလိုဖြစ်နေတာ..."

"အသက်သိပ်မကွာဘူးလား... တီချယ်က အများကြီးနုတာကို..."

"အမလေး ... ကျေးဇူးပါရှင်... သမီးမေမေနဲ့ တီချယ်က ခြောက်နှစ်ပဲကွာတာ... အဲ့တော့ ညီအစ်မလို၊ ဆရာတပည့်လိုပေါ့..."

သွန်းက ပြုံး၍ ခေါင်းညိတ်လိုက်ကာ

"တီချယ်က ငယ်ငယ်က အခုထက် ပိုလှမယ် ထင်တယ်နော်..."

"ဘယ်သူမဆို ငယ်တဲ့အရွယ်မှာ ငယ်ဂုဏ်နဲ့ လှကြတာပါပဲ..."

"ဟင်း... တီချယ်ကလည်း... အခုတောင် တီချယ်က ဒီလောက်လှနေတာကို..."

ဟန်သစ်က သွန်း၏ခေါင်းကို ခပ်ဖွဖွလိုက်လေကာ

"ဒီကလေးလေးကတော့လေ ဘာစားချင်လဲပြော..."

"တီချယ့်ကလည်း..."

"ဟင်..."

သွန်းက ဟန်သစ်အား ကြည့်၍ ရယ်လိုက်ကာ

"တီချယ့်ကို တကယ်လှလို့ လှတယ် ပြောတာပါ... ဘာမှ စားချင်လို့ မဟုတ်ပါဘူးနော်..."

"အမလေးတော်... ကောင်းပါပြီရှင်... ကျေးဇူးပါ"

"သမီးသွားတော့မယ်နော် ... တီချယ်"

"အင်း... သမီးလေး သွားသွား..."

သွန်းက အခန်းထဲမှ ထွက်သွားလေရာ ဟန်သစ်က သူမ၏ စားပွဲ၌ ထိုင်လိုက်ရင်း ထမင်းဘူးကို ဖွင့်ကြည့်လိုက်လေလျှင် သူမ စားလေ့ရှိသော ပန်းသီးနှင့် သစ်တော်သီးတို့အား လှီး၍ အစီအရီထည့်ထားလေ၏။ ထမင်းဘူး အဖုံး၌ sticky note paper လေး တစ်ရွက်ကပ်ထားလေရာ ဟန်သစ်က ခွါလိုက်လေ၏။

"စားဖြစ်အောင် စားနော် နွယ်။ မစားရင် စိတ်ဆိုးမှာ။ အလုပ်တွေပဲ တအားလုပ်မနေနဲ့။ စိတ်ကိုအနားပေးပြီးမှ လုပ်နော်။ နွားနို့ဘူး ထည့်ပေးမလို့ကို အိမ်မှာ အဆင်သင့်မဝယ်ထားမိလိုက်ဘူး။"

By Loving (own creation)Where stories live. Discover now