ဟန်သစ်၏ စကားကြောင့် သွန်းတို့သုံးယောက်သား မျက်နှာဝင်းလက်သွားကြလေ၏။

"တကယ်လား တီချယ်... သမီးတို့က ပြန်လာမှာပါ... သေချာတယ်... canteenမှာ မုန့်စားရုံပဲ စားမှာ..."

"ဟုတ်ပြီ... တအား မကြာနဲ့နော်... တီချယ် ပြောထားပေးမယ်... ကျောင်းပြေးချင်ရင် အချိန်ကို ညှိပြီးပြေး ... တစ်ချိန်တည်းကိုပဲ မပြေးနဲ့... ဘယ်လိုပြေးရမလဲ မသိရင် တီချယ့်ကိုလာမေး... အေး... ကျောင်းခေါ်ချိန်မပြည့်ရင်တော့ တီချယ်က စာမေးပွဲ လုံးဝပေးမဖြေဘူးနော်..."

"ဟုတ်ကဲ့ပါ တီချယ်..."

"အင်း... မြန်မြန်သွား၊ မြန်မြန်ပြန်လာ။"

"ဟုတ်ကဲ့..."

သွန်းတို့က အနောက်လှည့်လိုက်လေလျှင် လှေကားပေါ်သို့တက်လာသော ဆွေ့အား တွေ့လိုက်ရလေ၏။

သွန်းတို့က သေပြီ ဟု တွေးကာ မှင်သက်နေမိစဉ် ဟန်သစ်က သွန်း၏အနား ကပ်၍

"သမီးတို့ သွားတော့..."

သွန်းတို့က ဆွေ့အနားမှ ခေါင်းငုံ့လျက် အမြန်ဖြတ်သွားလေ၏။

"တီချယ်ရေ ... အဲ့ကလေးသုံးယောက်ကို ကျွန်မခိုင်းထားတာ ရှိလို့ နည်းနည်းနောက်ကျလိုက်မယ်..."

ဟန်သစ်၏စကားကြောင့် သွန်းတို့သုံးယောက် အံ့ဩသွားလေ၏။ သို့သော် လှေကားမှ မြန်မြန် ပြေးဆင်းသွားကြ၏။

ဆွေက ခေါင်းညိတ်လိုက်ကာ ဟန်သစ်အနားသို့ လျှောက်လာလေသည်။

" ဘာလဲ... မတော်ရသေးတဲ့ သမီးတော်လေးကို အတန်းပြေးဖို့ ကူညီနေတာလား..."

"မဟုတ်တာ..."

ဟန်သစ်၏စကားကြောင့် ဆွေက ခနဲ့တဲ့တဲ့
ပြုံးလိုက်ကာ

"ဟန်သစ်နွယ်ရယ်... ကျုပ်က လှေကားထောင့်နားမှာ ဆက်မတက်လာဘဲ ရပ်နေတာ... အကုန်ကြားပြီးသား..."

"ကလေးတွေက ပြန်လာမှာပါ..."

"သိပါတယ်အေ... သူတို့ပြောလည်း ကျုပ်က လွှတ်လိုက်မှာပါ... အခု ညည်းက တမင်တကာ အမှတ်ဝင်ယူနေသလိုပဲ..."

By Loving (own creation)Where stories live. Discover now