Part 2 ( Unicode)

Start from the beginning
                                        

ဝေယံဖြိုး၏ တောင်းလျှိုးပန်လျှိုး လေသံကြောင့် ဟန်သစ်က ဝေယံဖြိုးအား စူးစိုက်ကာ ကြည့်လိုက်လေ၏။ ထို့နောက် မျက်နှာငယ်လေးဖြင့် သူမအား ကြည့်နေသော သွန်းအား လှည့်ကြည့်ကာ

" ကောင်းပြီလေ... "

..........................................

Gloria Jean's ၏ အတွင်းကျသော စားပွဲဝိုင်း၌ ဟန်သစ်တို့ သုံးဦး အတူထိုင်နေလေသည်။

ဟန်သစ်နှင့် ဝေယံဖြိုးက မျက်နှာချင်းဆိုင်လျက် ထိုင်နေကာ သွန်းက ဝေယံဖြိုး၏ နံဘေးနား ထိုင်နေလေသည်။

မည်သူတစ်ဦးတစ်ယောက်မှ စကားမစသဖြင့် တိတ်ဆိတ်နေလေသည်။

သွန်းက ဟန်သစ်နှင့် ဖခင်ဖြစ်သူ ဝေယံဖြိုးတို့၏ မျက်နှာကို တစ်လှည့်စီကြည့်ကာ

" ဖေဖေ ခုန သမီးပြောနေတဲ့ အသစ်ရောက်လာတဲ့ ဌာနမှူးဆိုတာ ဒီတီချယ်ပါ ဖေဖေ... "

" ဪ... နွယ်က ဌာနမှူးတောင် ဖြစ်သွားပြီလား... သမီးလေးကို အပ်ပါတယ်... အစ်ကိုက အဖေရင်းဖြစ်ပြီး ဖခင်ဝတ္တရား ပျက်ကွက်ခဲ့တယ်လေ... သမီးလေးကို ကြည့်ရှု စောင့်ရှောက်ပေးပါနော်... "

" စိတ်မပူပါနဲ့... သွန်းသက်ခြယ်က ခိုင့်ရဲ့သမီး ဖြစ်နေတာကြောင့် စောင့်ရှောက်ရမယ့်တာဝန် ကျွန်မမှာ ရှိတယ်... ကိုဝေယံဖြိုးကသာ ခိုင့်ကို ထိခိုက်စေမယ့် အရာတွေကို ထပ်မလုပ်မိပါစေနဲ့... "

" အစ်ကိုမှားခဲ့တာတွေ အစ်ကိုသိပါတယ်... ငွေနှင်းအပေါ်မှာရော၊ နွယ့်အပေါ်မှာရော... ဒါပေမယ့် နွယ် ထင်နေခဲ့တာတွေ အားလုံးက အမှန် မဟုတ်ဘူး... "

" ကျွန်မ မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာလေ... "

ဟန်သစ်က ပြောရင်း ဒေါသသံစွက်လာသဖြင့် သွန်းကို လှည့်ကြည့်လိုက်ကာ

" သွန်းသက်ခြယ်... မင်းအဖေနဲ့ တို့နဲ့ လူကြီးချင်း ပြောစရာရှိလို့ ခဏလောက် ရှောင်ပေးလို့ ရမလား... "

သွန်းက ဖခင်ဖြစ်သူကို ကြည့်လိုက်လေရာ ဝေယံဖြိုးက ခေါင်းငြိမ့်လိုက်လေသဖြင့် သွန်းလည်း ခေါင်းငြိမ့်လိုက်က ကော်ဖီဘူးကို ယူရင်း နေရင်းမှ ထလိုက်လေသည်။

By Loving (own creation)Where stories live. Discover now