အခန်း - ၁၂၉ (စစ်ချီခြင်း)

Start from the beginning
                                    

မာလျို့၏စိတ်ထဲဝယ် သွားပါပြီဟု ညည်းတွားလိုက်၏။ ထိုပစ္စည်းမျိုးကို လုပ်ရသည်က သိပ်မဆိုးသေး ၊ လုပ်ဖော်ကိုင်ဖက်များက တိတ်ဆိတ်နေကြကာ တစ်ခွန်းမှ စကားမပြောကြသည်က ပိုဆိုး၏။ ထို့အပြင် တစ်ကျွန်းလုံးမှာ မရဏအငွေ့အသက်တို့ဖြင့် လွှမ်းခြုံထားနေ၏။ ထိုအကြောင်းကြောင့်ပင် ထိုကျွန်းပေါ်မှ ထွက်ခွာသွားဖို့လုပ်လေရာ အလုပ်သမားခေါင်းဆောင်နှင့်သွားတွေ့တော့ ထွက်သွားချင်လည်း ရပါသည်၊ အသက်ကိုတော့ ချန်ထားခဲ့ရမည်ဟု ပြောလာ၏။

ထိုစကားမျိုးက မည်သို့သောအဓိပ္ပာယ်ပေါက်မှန်း လူနုံလူအများသည်ပင် နားလည်ကြသည်။ သို့သော် ခံရသောလူက ရိုးသားသောဖိုးသခွားဖြစ်နေခဲ့လျှင် အလုပ်ခွင်သို့ပြန်ဝင်သွားမည်ဖြစ်သော်လည်း တဇွတ်ထိုးသမားမာလျို့ကမူ ပြန်သွားခွင့်မပြုလေ ပို၍သွားချင်လေဖြစ်သည်။ ထို့ကြောင့် အလုပ်များကို ဆက်လုပ်ပေးနေရင်း တောနက်တစ်နေရာတွင် လှေတစ်စီးကို ခိုးပြီးဆောက်ထားကာ ည၏အမှောင်ထုကို အမှီပြုပြီး ပင်လယ်ပြင်သို့ ခိုးထွက်လာခဲ့သည်။ ထို့အပြင် တာ့ချူသို့ပြန်သွားမည့် ကုန်သည်သင်္ဘောကြီးတစ်စီး၏ အကူအညီပါ ရလိုက်သေးသည်။

"အဲ့ကျွန်းပေါ်မှာ ခေါင်းတလားတွေ အများကြီးရှိတဲ့ကိစ္စအပြင် တခြားမူမမှန်တာ ဘာရှိသေးလဲ"

"မရှိတော့ပါဘူးဘုရား။ ကျွန်တော်မျိုးက တောနက်ကြီးထဲမှာပဲ အလုပ်လုပ်ခွင့်ရတာပါ။ ညဘက်ဆိုရင်လည်း နားနေတဲ့နေရာကို စောင့်ကြည့်နေတဲ့ လူတွေရှိပါသေးတယ်။ ထွက်ပြေးလာတဲ့ညက အိပ်တဲ့နေရာကနေ ပထမဆုံးထွက်လာတဲ့ ညပါ၊ ဟိုဟိုဒီဒီ လိုက်ကြည့်ဖို့လည်း အချိန်မရခဲ့ပါဘူးဘုရား "

"ကိုယ်တော်နဲ့ ရုပ်ချင်းဆင်တဲ့လူကရော ရှင်းကျိုးမှာ ရှိနေသလား"

"ကျွန်းပေါ် ဆယ်ရက်လောက်လာနေပြီးတော့ ပြန်သွားပါတယ်ဘုရား။ ရုပ်ဆင်းအင်္ဂါတင့်တယ်ပြီး အရှိန်အဝါကြီးလှပါတယ်၊ နောက်မှာ လူဆယ်ယောက်လောက် လိုက်ပါလာပါတယ်"

ချူယွမ်က ခေါင်းညိတ်လိုက်သည်။

"ဆက်ပြောပါဦး"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now