" သွန်းလေး ဒီလိုလုပ်ပါလား... သမီးနဲ့ အရီကို Myanmar Plaza မှာ ထားခဲ့မယ်၊ သမီးတို့ စားချင်တာ တစ်ခုခု ဝယ်လာခဲ့... အန်တီဝေတို့နဲ့ သစ်သစ်က ငွေနှင်းနဲ့ စကားပြောရင်း စောင့်နေမယ်... အန်တီဝေပိုက်ဆံပေးလိုက်ပါမယ်... "

"ဟုတ်ကဲ့ အန်တီဝေ... "

ဝေ့စကားကြောင့် ဆွေက အဓိပ္ပါယ်ပါပါဖြင့်
လှမ်းကြည့်လိုက်လေရာ၊ ဝေက မချိုမချဉ်
ပြုံးလိုက်လေသည်။

ဟန်သစ်ကတော့ လေသံခပ်ဖျော့ဖျော့ဖြင့်

" တော်ရုံပဲ ကောင်းမယ်နော် ဝေ... သစ်က
အကြောင်းမဟုတ်ပေမယ့် သစ်ကို မြင်ရင် သူ
စိတ်ရှုပ်ရလိမ့်မယ်... "

" အေးလေ... စိတ်ရှုပ်မှာပေါ့ ... သူ့မှာ အပြစ်ရှိခဲ့တာကိုး... "

"သူ့အပြစ်မဟုတ်ပါဘူး... သူက တမင် ရည်ရွယ်ခဲ့တာမှ မဟုတ်တာ... ကံကြမ္မာကိုက စီမံခဲ့တာလေ... "

စကားအဆုံး ဟန်သစ်တစ်ယောက်
ပင့်သက်ရှိုက်လိုက်လေသည်။

ဟန်သစ်က သွန်းနှင့်အရီကို Myanmar Plaza သို့ လိုက်ပို့ပေးကာ အရီ့အား သူမ၏ ATM Card ပေးလိုက်လေသည်။

" တို့ ပြန်လာခေါ်ပေးရမလား... "

"တစ်မှတ်တိုင်တည်းကို အရီတို့ လမ်းပဲ လျှောက်ပါမယ်... မမသစ်တို့ လူကြီးတွေက အေးဆေး စကားပြောကြပါ... မမသစ်က ခုမှ ပြန်ရောက်တာ မကြာသေးဘူးကို... "

အရီ့စကားကြောင့် ဟန်သစ်က
ပြုံးလိုက်လေသည်။
......................................................

အိမ်ရာဝန်း၏ အရှေ့ကားရပ်ပြီးသော်
ဟန်သစ်တစ်ယောက် ဝေနှင့်ဆွေတို့အား
တစ်လှည့်စီ ကြည့်လိုက်ကာ

"သစ် အထဲ မဝင်တော့ရင် ကောင်းမယ် ထင်တယ်။"

"တို့ ပြောပြမယ်... သစ်သစ်...  အတိတ်က ကိစ္စတွေမှာ သစ်သစ်ရဲ့အမှား တစ်ခုမှ မပါခဲ့ဘူး။ သစ်သစ် နောက်ဆုံးထွက်သွားတဲ့အချိန်မှာတောင် တို့လေးယောက်သား အပြုံးနဲ့ပဲ နှုတ်ဆက်ခဲ့တာ။ ငွေနှင်းက သစ်သစ်ကို တမင် သစ္စာဖောက်ခဲ့တာမှ မဟုတ်ဘဲ။"

" ဟုတ်တယ်... သစ်သစ်။ ဆွေပြောတာ မှန်တယ်... သစ်သစ်မှ မမှားခဲ့တာ... ဘာလို့ ပြန်မတွေ့ရဲရတာလဲ... ပြီးတော့ အခုချိန်မှာ ငွေနှင်းက လူလွတ်ဖြစ်နေပြီ... "

ဟန်သစ်က ဘာမှ မပြောဘဲ ဝေတို့ကိုသာ ကြည့်ရင်း သက်ပြင်းချလိုက်လေသည်။
..........................................

" မင်းအတွက်ဆိုရင် အသည်းတံခါးကိုလည်း အမြဲတမ်း ထာဝရ ဖွင့်လို့ထားပါတယ်..."

ဖွင့်ထားသော ချောစုခင်၏ အလွမ်းညဟေမန်
သီချင်းအား ငွေနှင်းတစ်ယောက် တိုးညင်းစွာ
လိုက်ညည်းနေမိလေသည်။

လူခေါ် Bell မြည်သံကြောင့် လက်ထဲမှ
ရေနွေးခွက်နှင့် ဖုန်းကို ချထားခဲ့ကာ တံခါးဆီသို့
ငွေနှင်း ဖြည်းညင်းစွာ လျှောက်လာလေသည်။

တံခါးချက်ကို ဖြုတ်လိုက်ကာ လက်ကိုင်အား
ဆွဲဖွင့်ရင်း

" ပြန်လာပြီလား သမီး... "

တံခါးနောက်မှ ပေါ်ထွက်လာသော ဆွေနှင့်ဝေအား ကြည့်ရင်း ငွေနှင်း မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။

"လာမှာကို ကြိုမပြောဘူး... တစ်ခုခု ဝယ်ထားမှာပေါ့ ... အိမ်မှာ ဆန်ပြုတ်ပဲ ရှိတယ်... "

ငွေနှင်းက ပြောရင်း တံခါးဖွင့်ကာ လမ်းဖယ်ပေးလိုက်လေသည်။

"ငွေနှင်း... ဒီမှာ ကြည့်စမ်း ဘယ်သူပါလာလဲလို့... "

ဝေ့စကားဆုံးသည်နှင့် ငွေနှင်းက ဝေနှင့်ဆွေကို ကျော်ကာ အနောက်ကို လှမ်းကြည့်လိုက်လေသည်။

ငွေနှင်း၏ မျက်နှာ၌ အံ့သြရိပ်တို့ လွှမ်းခြုံလာလေ၏။

"နွယ်... "

တီးတိုးခေါ်သံအဆုံး ငွေနှင်း၏ မျက်ဝန်းအိမ်၌ မျက်ရည်တို့ ဝေ့တက်လာလေ၏။
.................................

By Loving (own creation)Donde viven las historias. Descúbrelo ahora