အခန်း - ၁၂၄ (ပစ္စုပ္ပန်အခြေအနေ)

Start from the beginning
                                    

သွမ့်ပိုင်ယွဲ့က စကားစဆိုလာသည်။

"အဲ့ဒီနေရာက မင်းနဲ့ကိုယ် ချစ်ခြင်းကတိတွေ တိုင်တည်ထားခဲ့တဲ့နေရာမလား"

"ပေါက်တတ်ကရတွေ"

ချူယွမ် သွမ့်ပိုင်ယွဲ့ဒူးကို ကန်ပစ်လိုက်သည်။

"ရွှေမြို့တော်မှာရှိတဲ့ ကျောက်သားတံတားလေးပေါ် လက်ချင်းတွဲဖြစ်သွားတာကရော ထည့်မတွက်တော့ဘူးလား"

ချူယွမ် ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။

"အဲ့တုန်းက အသက်ဘယ်လောက်ပဲ ရှိကြသေးလို့လဲ"

ပြီးတော့ အဲ့တုန်းက တမင်သက်သက် မင်းအနားတိုးသွားတာမှ မဟုတ်တာ။ အဲ့အချိန်တုန်းက ဥယျာဥ်တော်ထဲမှာ မိုးတွေသည်းလို့ လမ်းတွေချော်နေတာလေ၊ ဒါကြောင့် အချင်းချင်း ဖေးမပေးကြရင်း လက်ချင်းတွဲပြီး လမ်းလျှောက်ဖြစ်ခဲ့ကြတာကို။

"ကိုယ်တော့ မမှုပေါင်၊ ကိုယ့်လက်ကို တွဲထားပြီးမှတော့ ကိုယ့်လူပဲဖြစ်ရမယ်။ ဒီနှစ်တွေအတွင်း မင်းကိုသတိရတိုင်း ကိုယ် ဒီနေရာကို လာတတ်လေ့ရှိတယ်၊ ခုချိန် မင်း ဘာများ လုပ်နေမလားဆိုပြီး တွေးနေတတ်တယ်"

ချူယွမ်က သွမ့်ပိုင်ယွဲ့လက်ကို ဆုပ်ကိုင်ထားလိုက်ကာ ပြန်ဖြေလာ၏။

"ညီလာခံတက်တယ်၊ စစ်တိုက်တယ်၊ အစီရင်ခံစာဖတ်တယ်။ မဟုတ်ရင် တခြားဘာလုပ်စရာရှိရဦးမှာလဲ"

"ကိုယ့်ကို လုံးဝ မလွမ်းဘူးပေါ့"

သွမ့်ပိုင်ယွဲ့နောက်တစ်ခါ သတိပြန်ဖော်ပေးလိုက်သည်။ ချူယွမ်ကမူ လေးနက်တည်ကြည်စွာပင် ခေါင်းခါလိုက်သည်။

ရှီးနန်ဝမ်ခမျာ သက်ပြင်းမောချရလေတော့၏။

ချူယွမ်က ပြုံးလိုက်ကာ ထိုလူကြီးကို တွန်းလိုက်ရင်း ဆက်ဆိုသည်။

"ဒီမတိုင်ခင်က ရှီးနန်မှာ အဖြူအမည်းနှစ်ရောင်စပ် အိမ်တွေပဲ ရှိတယ်လို့ကြားတယ်။ အခု ငါ အကြာကြီး လှည့်ပတ်ကြည့်နေတာတောင် စံအိမ်တော်က ရွှေနန်းတော်နဲ့ပဲ တစ်ထပ်တည်း တူနေတာရော်"

"မင်း မြင်ချင်တယ်ဆိုရင် စစ်တိုက်ပြီးခါမှ ပြန်လာကြည့်လှည့်။ တာ့လီတစ်မြို့လုံး မြို့တွင်းရော မြို့ပြင်ရော အဖြူအမည်း အိမ်လေးတွေ တန်းစီလို့။ အခုတော့ သွားကြည့်လို့မရဘူး။ နန်ယန်ဘက်မှာ စစ်ပွဲသတင်းတွေ ပျံ့နေတယ်၊ ချူရှိန့်က ကိုယ်တို့တွေ စစ်ချီသွားမှာကို အငြိမ့်သားထိုင်စောင့်နေမှာမဟုတ်ဘူး၊ ခြေတစ်လှမ်းတော့သာအောင် လုပ်ထားလိမ့်မယ်။ သေသေချာချာ သတိမထားဘဲ အပြင်ထွက်သွားရင် ပြဿနာတက်သွားလိမ့်မယ် "

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now