"ငါ နင့်ကိုမုန်းတယ် ခေတ်သွေး... အမြဲတမ်း နင်လုပ်ချင်တာပဲ လုပ်တတ်တဲ့ နင့်ကိုငါ အရမ်းမုန်းတာပဲ... ငါ့ကို ထွက်သွားခွင့်ပေးပါ... ငါတောင်းပန်ပါတယ်..."
ခေတ်သွေးသည်တော့ ကုတင်အစွန်းတွင်ခေါင်းငိုက်စိုက်ထိုင်နေလေသည်... ယွန်းလှသည်တော့ ကုတင်ပေါ်တွင် ကျောမှီရင်း ထိုင်ကာ အသံတိုးတိုးလေးဖြင့် သူ့အား သူ မကြားချင်ဆုံး စကားများကို ပြောနေခဲ့လေသည်...
"နင် တကယ် ငါ့ဆီက ထွက်သွားချင်တာလား..."
"အင်း ..."
"ကောင်းပြီ... ငါထွက်သွားခွင့်ပေးမယ်... ဒါပေမယ့် နင်ပြန်သက်သာလာမှ ထွက်သွားရမယ်... ဒီထက်တော့ ငါလိုက်မလျောနိုင်တော့ဘူး..."
ဒုန်း...
ခေတ်သွေးသည် ပြောပြီးသည်နှင့် တံခါးအား ဆောင့်ပိတ်ကာ ထွက်သွားခဲ့လေသည်... သူ့စိတ်ထဲက ပြောလိုက်သည့်
"ရာသန်ပန်တော့ မဟုတ်ဘူး ယွန်းလှ..."ဆိုသည့် စကားကိုတော့ ယွန်းလှနွယ် သိရှိမည် မဟုတ်ပါ...
ထို့နောက် ယွန်းလှသည် ခေတ်သွေး၏ လက်ထောက်မှ လာပို့သည့် အစာများကိုလည်း ပုံမှန်စားကာ ဆေးလည်းပုံမှန်သောက်လာခဲ့သည်... ထိုကောင်မလေး နေကောင်းမကောင်းကိုတော့ အိပ်ပျော်သွားချိန်မှ လာလာကြည့်တတ်သည့် ကောင်လေးတစ်ယောက်လည်း ရှိနေခဲ့လေသည်...
"ပျံလွှား... ရှင့်အကိုလေးကော ... ကျွန်မ နေပြန်ကောင်းနေပြီ... ကျေးဇူးပြု၍ သူ့ကို ကျွန်မ ထွက်သွားလို့ရပြီလား မေးပေးပါလား..."
နေ့လည်စာလာပို့သည့် ပျံလွှားအား ယွန်းလှနွယ် စကားစလိုက်ချိန်တွင် သူ့မျက်နှာသည် အလွန်အမင်း ပျက်ယွင်းသွားခဲ့လေသည်...
"ဟို... ဟုတ် ... မမလေး ... ဒါနဲ့ ကျွန်တော် ဝင်ပြောသင့်တဲ့ ကိစ္စမဟုတ်ပေမယ်... မမလေး အကိုလေးနားက တကယ်ထွက်သွားမှ ဖြစ်မှာလား..."
"အင်း ... ကျွန်မ လောလောဆယ်တော့ သူနဲ့ ဝေးတဲ့နေရာမှ နေချင်သေးတယ် ကိုပျံလွှား... တချိန် ကျွန်မသူ့ကို ခွင့်လွှတ်နိုင်တဲ့ တစ်နေ့ထိပေါ့..."
ယွန်းလှနွယ်သည် ထိုစကားအား ပြတင်းပေါက်သို့ ငေးကာ ဆွေးဆွေးမြေ့မြေ့ ပြောလိုက်ခြင်းဖြစ်လေသည်...