"အမ ယွန်း ကျွန်တော်တို့နဲ့ လာဆော့ပါလား လူလိုနေလို့"
ခြံထဲ စာဆင်းကျက်နေသော ယွန်းလှကို ဟိုဘက်ခြံမှ ကောင်လေးက ကစားဖို့ရာ လာခေါ်သည်။
ယွန်းလှလည်း ကလေးပီပီ ကစားချင်ပါသည်။ အမေကလည်း ခုနမှ ထွက်သွားသည်ဖြစ်ရာ အိမ်ပြန်နောက်ကျလိမ့်မည်ထင်သည်။
" အင်း ပါမယ်လေ ဘာကစားကြမှာလဲ"
"အတွဲပြေးတိုင်း ကစားကြမှာအမ ဟိုမှာ ကိုကြီးခေတ်သွေးနဲ့ အမ တွဲလိုက်နော်"
"အယ် သူနဲ့အမ မတွဲချင်ဘူး"
"အမ ကလည်း လုပ်ပါ ကိုကြီးခေတ်သွေးကလည်း သားတို့ချည်းပဲဆို မပါဘူးလုပ်နေလို့"
ယွန်းလှ ဘာမှဆက်မပြောတော့ ထိုကလေးက ယွန်းလှ လက်ကိုဆွဲကာ ခေတ်သွေးထံပြေးလေသည်။ ထိုကလေးက သူမထက် တစ်နှစ်သာငယ်ပါသည်။
"ကိုကြီး ဒီမှာ မမယွန်းလှနဲ့ တွဲလိုက်နော်"
ခေတ်သွေးဆီက ဘာစကားမှ ထွက်မလာပေမယ့် သူ့လက်ထဲက ပိတ်စကို ယူကာ ယွန်းလှလက်ကို လာချည်သည်။
"မမ ယွန်း ကိုကြီးက ဘာကစား ကစား အရမ်းတော်တာ အမသူနဲ့ဆိုရင် ရှုံးမှာ မပူနဲ့။ သားတို့နဲ့ဆော့ဖို့ဆိုတာ အိပ်မက်လိုပဲ အမပါလို့ဝင်ဆော့တာ"
ဘေးနားတိုးတိုးကပ်ပြောသွားတဲ့ ကလေးစကားကြောင့် ယွန်းလှရဲ့ မျက်နှာမှာ ရှက်သွေးရောင်ပြေးသွားလေသည်။ ယွန်းလှပါမှ ကစားတာတဲ့လား။
"ကဲ စပြေးမယ်နော် အကြီးဆုံးဖြစ်တဲ့ ကိုကြီးခေတ်သွေးနဲ့ မကြီးယွန်းလှတို့က အရင်ဆုံးလိုက်ဖမ်းရမယ်"
"အယ် ယွန်းတို့ အရင်လိုက်ဖမ်းရမှာလား အဲဒါနင့်ကြောင့် ကလေးတွေနဲ့ ဝင်ဆော့ချင်လို့"
"မင်းဘာသာပါလာတာနော် ငါအတင်းခေါ်တာမဟုတ်ဘူး"
ထိုစကားကြောင့် ယွန်းလှထပ်ရန်တွေ့ဟန်ပြင်နေတုန်း သူက အရင်ဦးဆောင်ကာ ပြေးလေသည်။ ယွန်းလှလည်းသူနဲ့အမှီလိုက်ရင်း မိနစ် နှစ်ဆယ်လောက်နေတော့ အတွဲအားလုံးဖမ်းမိလေသည်။
ရက်ကွပ်တည်းကလေးတွေ စုပြီးဆော့တဲ့ထဲမှာမှ ယွန်းလှတစ်ယောက်တော့ ရင်တွေအခုန်မြန်နေလေသည်။
ယွန်းလှတို့ပြေးအလှည့်မှာတော့ ယွန်းလှမောနေလေပြီ။ ဒါကို သိတဲ့သူက ယွန်းလှကို ပုန်းလို့ရတဲ့နေရာကို ခေါ်သွားလေသည်။
သူမတို့ ပုန်းနေသော နေရာသည် သစ်ပင်အကြီးကြီးနောက်က ချုံပုတ်ထဲမှာပင်ဖြစ်သည်။ လိုက်သည့်အတွဲ သူမတို့နားရောက်လေလေ သူမ ခန္ဓာကိုယ်လေးမှာ သူ့ရင်ခွင်ထဲ ရောက်လေလေဖြစ်သည်။ တမင်ပဲ ထည့်ထားတာလား တကယ်မိမှာ ကြောက်လို့လားဆိုတာကတော့ စစ်သွေးပဲ သိလိမ့်မည်ဖြစ်သည်။
စစ်သွေးရဲ့ အပုန်းကောင်းမှုကြောင့် လိုက်ဖမ်းသည့်အတွဲမှာ လူအကုန်မမိ၍ ပြစ်ဒဏ်ပေးခံရလိုက်သည်။ ထိုနေ့က အိမ်ပြန်ရောက်တဲ့အထိ ရင်ခုန်နေတာ မရပ်တဲ့ကောင်မလေးနဲ့ ဆော့ဖို့ခေါ်ခိုင်းသော ကလေးကို မုန့်လိုက်ဝယ်ကျွေးလိုက်ရသော ကောင်လေးတစ်ယောက်တို့ ရှိခဲ့လေသည်။