2009 ခုနှစ်... Hokaido မြို့ရှိ နှင်းတောတစ်နေရာ...
ရေခဲမှုန်ကြားတွင် ပြေးလွှားနေခဲ့သော ကောင်လေးတစ်ယောက်။ နှင်းဖွေးဖွေး ခိုက်ခိုက်တုန်အောင် ချမ်းနေသည့် ရာသီဥတုတွင်ပင် ဦးထုပ်လေးပင်ဆောင်းမထားသည့် ထိုကောင်လေးကို ကြည့်ပြီး အနောက်မှ လိုက်နေရသော ကောင်လေးတစ်ဦးမှာ အံ့အားသင့်ခြင်းအမှုသာ တတ်နိုင်ခဲ့သည်။ ဘယ်လိုကောင်လေးမျိုးပါလိမ့်? ဖြူဖွေးဥနေသော ပါးပြင်သည် ရေခဲရိုက်ဒဏ်ကြောင့် ရဲကာတင်းနေသည်မှာ များမကြာမီသွေးကြောများ ပေါက်ကွဲလာတော့မည့်အလား။
သူစောင့်ကြည့်နေရသော ၁၀ နှစ်အရွယ်ကလေးမလေးတောင် ထိုကောင်လေးလောက်မသောင်းကျန်း။ အပူပိုင်းမှ လာရသူပီပီ သူက အအေးဒဏ်မခံနိုင်။ သူက ပြန်ချင်လှပြီ။ ထိုကောင်လေးကတော့ ဆော့၍ကောင်းတုန်း။ ဧည့်သည်ကလေးမလေးကိုလည်း နှင်းလုံးဖြင့် ပစ်ပေါက်မလိုလုပ်နေသဖြင့် သူ မနေသာတော့။ နှင်းလုံးကိုင်ကာ ချိန်ရွဲနေသည့် ထိုကောင်လေးလက်ကိုဝင်တားရတော့သည်။ သူ ဝင်တားတော့ သူ့အား မျက်လုံးထောင့်ကပ်ကြည့်လာသည့် မျက်ဝန်းတစ်စုံ... မိမိအသားကို ထိခြင်းကို မနှစ်မြို့ဟုဆိုနေသည့် အကြည့်စိမ်းများ။
"တော်ဝင်သွေးတစ်ယောက်ကို ကိုယ်ထိလက်ရောက် ထိခိုက်အောင် လုပ်လို့မရဘူး..."
ကမ္ဘာသုံးဘာသာစကားကို ကျွမ်းဝင်ပုံရသည့်ကောင်လေးမှ ဟက်ကနဲရယ်သံတစ်ချက်ထွက်လာခဲ့သည်။
"ဒါဆိုငါက လမ်းဘေးမွေးလာတဲ့လူလား?"
ခုနက ကလေးဆန်ဆန် ရယ်မောဆော့ကစားနေသည့်ကလေးပုံရိပ်ပျောက်ကွယ်သွားကာ တည်တင်းသော မျက်နှာက ထိုကောင်လေးအား အလိုလိုရှိန်သွားစေမည့်မျက်နှာမျိုး၊ လူတစ်ယောက်က သူမှားမှား မမှားမှား ချက်ချင်း ပြန်တောင်းပန်လောက်သည့် အရှိန်အဝါတို့ ကိန်းအောင်းနေသည့် မျက်နှာမျိုး။ တခစ်ခစ်ရယ်မောခဲ့သော ရယ်သံနေရာတွင်လည်း လူပျိုဖော်ဝင်စသြရှရှစကားသံတို့က အစားနေရာယူသွားခဲ့သည်။ သူ ထိုကောင်လေး၏ အရှိန်အဝါကို အလျှော့ပေးလိုက်လို့မဖြစ်။ သူ တည်ငြိမ်စွာသာ ထိုကောင်လေးအား ပြန်ကြည့်နေမိသည်။
"P Sing... P နဲ့ သမီးက ကစားနေတာလေ..."
၁၀နှစ်ကလေးမလေး အသံက သူတို့နှစ်ဦး၏ အားပြိုင်မှုကို ရပ်တန့်သွားစေခဲ့သည်။ သူတို့နှစ်ဦး အလည်တွင်ရပ်ရင်း မော့ကြည့်ပြောနေသည့် မင်းသမီးငယ်ကြောင့် သူ ထိုကောင်လေးလက်ကို ကိုင်ထားရာမှ လွှတ်လိုက်ခဲ့ပြီး မင်းသမီးငယ်ရှေ့တွင် သမိုင်းပေးတာဝန်အရ ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ရင်း...
"မင်းသမီးငယ်ကို မထိခိုက်စေဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ်လေ..."
"ဒါက ကစားနေတာလေ P ရဲ့..."
"တော်ပြီ Princess... P လည်း မဆော့ချင်တော့ဘူး... အိမ်ပဲပြန်ရအောင်... "
၁၀ နှစ်အရွယ်ကလေးမလေးကပင် စိတ်မကောက်ရ။ ကျေးဇူးရှင်က စိတ်ကောက်သွားသည်တဲ့လား? သူ ထိုကောင်လေးကို နည်းနည်းလေးမှ ကြည့်မရချင်တော့။ ထိုကောင်လေးတို့ အိမ်နားမှာ မင်းသမီးသင်တန်းပြီးတဲ့အထိ သူ ဘယ်လိုများနေရပါ့မလဲ။ သူ သက်ပြင်းမောသာ ရှိုက်လိုက်မိသည်။
"Princess... P တို့အိမ်လာလည်ဖို့ ဖိတ်ပါတယ်... အခုတော့ P ပြန်နှင့်မယ်..."
ဖြတ်ခနဲ လှည့်ကြည့်ပြီး ဆောင့်ကြွားဆောင့်ကြွားလုပ်ကာ ထွက်သွားသည့် ထိုကောင်လေးကို သူ ဇက်ပိုးသာ ပြေးအုပ်ချင်မိသည်။
"အဲ့ဒါ P ကြောင့်... ဘာဖြစ်လဲ ကစားပဲကို... Achara မှာ P Krist ပဲ ကစားဖော်ရှိတာ... အဲ့ဒါ P ကြောင့် P Krist စိတ်ဆိုးသွားတာ... P ကို ဘိုးတော်နဲ့ တိုင်ပြောမယ်..."
Singto ခေါင်းကြီးသွားမိသည်။ သေဟ... ငါတော့ သွားပြီ။ အခုတော့ မင်းသမီးငယ်ကပါ စိတ်ဆိုးသွားပြီ။ ခေါင်းဆောင်ဆီ ဒီသတင်းရောက်ရင်အဆူကလည်း ခံရဦးမှာ... သေသာသေချင်တယ်... သက်တော်စောင့် လုပ်တာ စတိုင်ကျကျနဲ့ လူရှိန်အောင် နေဖို့ ခုဟာက ကလေးထိန်းဖြစ်နေတယ်... သူက ဆယ့်ခြောက်နှစ်သာ ရှိနေသေးသော်လည်း ကလေးထိန်းလည်း မလုပ်ချင်။ သက်တောင်စောင့်တစ်ယောက်က ကလေးပါ ထိန်းရမည်လား။ Singto သက်ပြင်းသာချလိုက်မိသည်။ ထိုတောမရောက်တောင်မရောက် ဘောက်ဆတ်ဆတ်ထွက်သွားသည့် သူ့ကို ဒုက္ခပေးသွားသည့် သကောင့်သားက သူ့ထက်တစ်နှစ်သာ ငယ်သည်။
Singto... သူ စောင့်ရှောက်ရသော မင်းသမီးငယ် Achara နှင့် ပတ်သက်ပြီး တွေ့ခဲ့ရသည့် သူ နည်းနည်းလေးမှ အမြင်မကြည်နိုင်သော ကောင်လေးသည် တစ်ချိန် သူ့အနာဂတ်အတွက် အရေးပါမည့်သူတစ်ဦး ဖြစ်လာမည်ဟု မထင်ထားမိခဲ့။
==============
2018 ခုနှစ် Japan နိုင်ငံ ၊ Tokyo မြို့...
သူတို့ရိုးရာဝတ်စုံဖြင့် လှပကျော့ရှင်းနေသော Achara ကိုကြည့်ပြီး Singto ပြုံးလိုက်မိသည်။ ကိုးနှစ်ဆိုသည့် အချိန်က အတော်လေး အကုန်မြန်ခဲ့သည်လား။ Achara တစ်ယောက် သူမအား ပြုံးကြည့်နေသည့် Singto အား ပြန်ပြုံးပြလိုက်ရင်း...
"အမယ်... P Sing က... ပျော်နေလှချည်လား..."
"မင်းသမီးငယ်..."
"Achara ပဲခေါ်ပါဆို P Sing ကလဲ..."
နှုတ်ခမ်းထော်ရင်း ပြောလာသည့် Achara ကိုကြည့်ရင်း Singto ပြုံးလိုက်မိသည်။ Achara ကတော့ သက်ပြင်းမောလေးသာ ချလိုက်ရင်း...
"ဘာလဲ P Krist ကို တွေ့ရတော့မှာမို့ ပျော်နေတာမလား..."
"အာ... မဟုတ်တာ... မင်းသမီးငယ်ကလည်း..."
Singto ရှက်ရှက်ဖြင့် ခေါင်းယမ်းတော့ Achara ပါးစပ်ကို လက်လေးအသာအုပ်ပြီးရယ်လိုက်မိသည်။ Singto သည် သူမ၏ သက်တော်စောင့်လည်းဖြစ်သည်။ ထို့အပြင် သူမ မိသားစုများထက်ပင် ယုံကြည်ရသော သူတစ်ဦးလည်းဖြစ်သည်။
သူမအတွက် Singto သည် အစ်ကိုတစ်ဦးပမာ... သူမတို့နိုင်ငံနှင့် ဂျပန်နိုင်ငံ၏ အနည်းငယ် Sensitive ဖြစ်တတ်သော သံတမန်ဆက်ဆံရေးကြောင့် သူမသည် ငယ်စဉ်ကတည်းက မကြာမကြာ ဂျပန်နိုင်ငံသို့လာရောက်၍ သင်တန်းများတက်ခြင်း အပျော်ခရီးများထွက်ခြင်း စသည့် အကြောင်းပြချက်ကောင်းများစွာဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ရင်းနှီးမှုတိုးပွားစေရန် လုပ်ဆောင်ခဲ့ရသည်။ သူမ ထိုခရီးစဉ်များမှ အစ်ကိုနောက်တစ်ဦး ထပ်ရခဲ့သည်။ Krist ဟုခေါ်သော ထိုင်းလူမျိုး ဂျပန်နိုင်ငံသား နန်းတွင်းလက်ဖက်ရည်ပညာရှင်တစ်ဦး။
သူမ နိုင်ငံရေးသဘောတရားများကို ကောင်းကောင်းနားလည်လာချိန်တွင် ထိုင်းလူမျိုးတစ်ဦးအား ဂျပန်နန်းတွင်းမှ နေရာပေးထားသည်ကို အံ့အားသင့်မိသည်။ သို့သော် P Krist သည် တော်လွန်းသည်ကို သူမ အကဲခတ်မိသည်။ သူမ အနှစ်သက်ဆုံးက P Krist ၏ လက်ဖက်ရည်ဖျော်ချိန်... ထိုအချိန်တွင် P Krist ၏ လှုပ်ရှားမှုတိုင်းသည် အနုစိတ်သေသပ်လွန်းလှ၍ သူ လက်ဖက်ရည်ဖျော်နေခြင်းသည် ပန်းချီကားတစ်ချပ် ဆွဲနေခြင်းလားဟုပင် ထင်မှတ်မှားရလောက်အောင် P Krist ၏ လှုပ်ရှားမှုတိုင်းသည် အနုပညာဆန်လွန်းလှသည်။
"အမယ်... P တို့ မနေ့က ဘုရားကျောင်း သွားဒိတ်တာကို သိပါတယ်နော်... ဘာတွေ ဆုတောင်းလာသေးလဲ..."
သူမအား ဖုံးကွယ်ထားချင်သေးသည့် Singto အား သူမ လက်ကလေးပိုက်ကာ မေးလိုက်တော့ မျက်နှာကြီးနီကာ ခေါင်းငုံ့သွားသည့် Singto... သူတို့နှစ်ဦး၏ ဆက်ဆံရေးကို သူမ အသိဆုံး။ သူမ စိတ်မကောင်းဖြစ်မိသည်က Singto သည် သူမအတွက် သူချစ်သောသူနှင့် အတူမနေနိုင်။ ကိုးနှစ်တာ သံယောဇဉ်သည် Singto အား သူမအနီးတွင်သာ ရှိနေစေခဲ့သည်။ ထို့အတွက် သူမ သံတမန်ဆက်ဆံရေးအတွက် ခရီးစဉ် ထွက်ရတိုင်း Singto ကို မရရအောင်ခေါ်လာတတ်သည်။ ယခု အချိန်တွင် သူမ လုပ်ပေးနိုင်သည်က ထိုအရာသာ... အကယ်၍ သူမတို့ နန်းတွင်းရေး တည်ငြိမ်သွားခဲ့လျှင်တော့ သူမ Singto အား... သူမ ကိုယ်တိုင် လွတ်လပ်ခွင့်ပေးရန် ရည်ရွယ်ထားသည်။ ထိုအကြောင်းကိုတော့ သူမ Singto အား မပြောပြဖြစ်သေး။ သူမ အစ်ကိုဖြစ်သူကို သူမ Surprise လုပ်ချင်သည်။
"P သွားရအောင်..."
"ဟုတ်ကဲ့..."
သူမအား လမ်းပြသည့် Singto ကိုကြည့်ပြီး သူမ ပြုံးနေမိသည်။ သူမ မထင်ထားမိသည်က ထို ခရီးစဉ်သည် သူမ အတွက်နောက်ဆုံးသော ခရီးစဉ်ဖြစ်နေမည်ဟု မထင်ထားခဲ့။ Achara သူမ အသက်ဆယ့်ကိုးနှစ် ဥာဏ်ရည်အထက်မြက်ဆုံးနှင့် အတောက်ပဆုံး အချိန်တွင်... သူမ ကြွေလွင့်ခဲ့ရသည်။
"P Sing..."
Krist... သူ့ပခုံးထက်တွင်ခေါင်းကိုမှောက်ကာ ငိုနေသည့် Singto ခေါင်းကို အသာပွတ်သပ်ရင်း နှစ်သိမ့်ပေးနေမိသည်။ သူ ထိုင်းနိုင်ငံသို့ ပြန်ရောက်နေခဲ့သည်။ သူငါးနှစ်သားအရွယ်မှ စ၍ ထွက်ခွာခဲ့ရသော မွေးရပ်မြေကို သူ ယခု အသက်နှစ်ဆယ့်လေးနှစ်အရွယ်တွင် ခြေပြန်ချလာဖြစ်ခဲ့သည်။ ငါးနှစ်အရွယ် သူ့မှတ်ဥာဏ်တို့က မွေးရပ်မြေနှင့်ပတ်သက်သည့် အမှတ်ရစရာ တစ်ခုကိုမှ သူ မခံစားမိ။ သူ တည်းသော ကြယ်ငါးပွင့်အဆင့်ဟိုတယ်မှအခန်းတစ်ခုတွင် သူ့ချစ်ရသူက သူ့ပခုံးထက်တွင် ငိုကြွေးနေခဲ့သည်။ ယောကျာ်းတစ်ဦး မျက်ရည်ကျခြင်းကို သူ မုန်းတီးသော်လည်း ထိုမျက်ရည်ကျသူက သူ့ချစ်ရသူဖြစ်နေသည့်အခါတွင်တော့ သူ နှစ်သိမ့်ခြင်းသာ တတ်နိုင်တော့သည်။
=======================
"Kit..."
ငိုထားသဖြင့် နီရဲသောမျက်ဝန်းတို့ဖြင့် သူ့ကို ကြည့်လာသည့် Singto အား သူ၏ Signature ဖြစ်သော ပါးချိုင့်လေးများ ပေါ်လာအောင် သူ ပြုံးပြလိုက်ရင်း Singto ကို နူးညံ့နွေးထွေးစွာသာ ကြည့်လိုက်မိသည်။ ယခုအချိန်တွင် Singto သည် နှစ်သိမ့်မှုကိုသာလိုလားသည်။ သို့မဟုတ် သူ့ ဝမ်းနည်းနေမှုများကို ဖြေဖျောက်ပေးနိုင်သော သာယာမှုများ ရောပြွန်းသည့် နာကျင်မှုတစ်ခု။ မည်သည့် အရာပဲဖြစ်ဖြစ် သူသာလျှင် ထိုသို့လုပ်ပေးနိုင်စွမ်းရှိသည်ကို သူ ကောင်းစွာသိသည်။
"ငါ့ကို မေ့သွားအောင်လုပ်ပေး..."
သူ့အား တောင်းဆိုလာသည့် သူ့ ချစ်ရသူကို သူ ပြုံးလိုက်မိသည်။
"Sing..."
Krist အသံက နွေးထွေးကြင်နာမှုအပြည့်။ Singto သူ့ရှေ့မှ Krist ကို ကြည့်လိုက်မိသည်။ Achara သေဆုံးခြင်းသည် သူ့အတွက်တော့ ညီမတစ်ယောက်အား ဆုံးရှုံးလိုက်ရသလို... သူ နှုတ်ခမ်းတို့အား ခပ်ကြမ်းကြမ်း နမ်းရှိုက်လာသည့် Krist အနမ်းတို့တွင် သူ ခနလေးဖြစ်ဖြစ် သူ့နာကျင်ခံရခက်သော ခံစားချက်ကို သူ မေ့ပစ်ချင်မိသည်။ မဟုတ်လျှင် သူ ရူးသွားနိုင်သည်။ သူ့မျက်စိရှေ့တွင် ကြီးပြင်းလာသော ညီမငယ်... အခြားသူများ၏ လက်မှ သူ အမြဲတမ်း ကာကွယ်ပေးခဲ့ရသော ညီမငယ်...
"မင်း အဝတ်တွေ ချွတ်သင့်တယ်..."
သူ့အား တည်တည်ငြိမ်ငြိမ်ပြောလာသည့် Krist ကြောင့် သူ့အတွေးစတို့ပြတ်သွားမိသည်။ Krist က သူ့အား အေးစက်သော မျက်လုံးများဖြင့် ခပ်စိမ်းစိမ်းကြည့်လိုက်ရင်း...
"ငါနဲ့အတူရှိနေရင် ငါ့အကြောင်းကလွဲရင် တခြားသူအကြောင်း မစဉ်းစားရဘူးလို့ ငါ မင်းကို ပြောတယ်လေ Sing...အဲ့ဒီစကားကို မင်းနားမထောင်ဘူး... အဲ့ဒီတော့ မင်းကို ငါ နှစ်သိမ့်ပေးချင်လာအောင် မင်းလုပ်ရမှာပေါ့..."
Singto ခေါင်းညိတ်ရင်း... Krist စကားကို နာခံလိုက်မိသည်။ Krist သူ့မျက်စိရှေ့မှ ယောကျာ်းပီသသော မိမွေးတိုင်းဖမွေးတိုင်းရှိနေခဲ့သည့် Singto ခန္ဓာကိုယ်ကို ကြည့်ပြီး သူ တစ်ချက်ပြုံးလိုက်မိသည်။ ထို ခန္ဓာကိုယ်ကို သူ အကြိမ်ပေါင်းများစွာ အပိုင်စားရထားခဲ့ပြီးသား။ သူ့လှုပ်ရှားမှုတိုင်းတွင် သာယာမှုတို့ဖြင့် ညည်းတွားတတ်သော Singto အသံက သူ သဘောအကျဆုံးသော အသံ...။ သူ ပြုံးလိုက်မိသည်။
"လာခဲ့..."
သူ လက်ကမ်းပေးလိုက်တော့ သူ့အနီးလျှောက်လာသည့် Singto... သူတို့နှစ်ဦး ဘာဆက်ဖြစ်ကြမည်ဆိုသည်ကိုတော့ သူတို့နှစ်ဦးသာ သိသည်။ Singto သူ့ ဝမ်းနည်းမှုဝေဒနာကို Krist ပေးသောနာကျင်မှုများဖြင့်သာ အစားထိုးလိုက်မိသည်။
"မင်း... ဘာလို့အမြဲတမ်း Shirt ကို မချွတ်တာလဲ..."
သူ့အဝတ်မဲ့ခန္ဓာကို စောင်ဖုံးလွှမ်းထားပေးပြီး အဝတ်များသေသပ်စွာ ပြင်ဝတ်နေသည့် Krist ကိုကြည့်ရင်း သူ မေးလိုက်မိသည်။
"ငါလား... မင်း ငါ့ရဲ့ သိပ်ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို မြင်သွားမှာစိုးလို့လေ..."
"tsk... ဖြစ်မှဖြစ်ရလေ..."
သူ မကျေမနပ်ပြောလိုက်ပြီး မှောက်ခုံလှဲနေရာမှ ပက်လက်အနေအထားပြောင်းလိုက်တော့ သူ့အောက်ပိုင်းမှ နာကျင်လာမှု။
"အ! မင်းက ဘယ်တော့မှ ငါ့ကို မညင်သာဘူး..."
သူ မဲ့တဲ့တဲ့ပြောတော့ သူ့နဖူးထက် ကျလာသည့် ခပ်နွေးနွေးအနမ်းတစ်ခု။ ပါးချိုင့်လေးများပေါ်လာသည်အထိ ပြုံးပြလာသည့် ချစ်ရသူအပြုံး။
"မင်းပဲ ညင်သာတာကို မကြိုက်တာမဟုတ်လား..."
Singto လက်လန်သည် ဆိုသော မျက်နှာပေးဖြင့်သာ Krist ကိုကြည့်လိုက်မိသည်။ အထုတ်အပိုးကို မြင်တော့ သူ မျက်မှောင်ကြုတ်လိုက်ရင်း...
"ချက်ချင်းကြီးလား..."
"အင်း... ငါ့ကို နန်းတွင်းကပြန်ခေါ်နေလို့... ပွဲတစ်ခုရှိတယ်လေ..."
"အင်း..."
"Sing... မင်း ငါနဲ့ အတူလာနေသင့်တယ်မထင်ဘူးလား... ဒီမှာ Achara လည်းမရှိတော့ဘူး..."
"ငါ စဉ်းစားပါ့မယ်..."
"Sing... နန်းတွင်းရေးကိုမင်းလည်း သိတယ်... မင်းတစ်ခုခုဖြစ်တာကိုတော့ ငါ လုံးဝမမြင်ချင်ဘူး..."
သူ့အား တည်ငြိမ်စွာ ငုံ့မိုးကြည့်ကာပြောသော Krist ၏ လည်တိုင်ကို သူ ခိုဖက်လိုက်ရင်း...
"ငါ လှုပ်လို့အဆင်မပြေလို့ မင်းခေါင်းနည်းနည်းငုံ့ပါလား... မင်းကို နမ်းချင်လို့..."
သူ့စကားကြောင့် Krist သက်ပြင်းချရင်း ခေါင်းငုံ့လာတော့ သူ Krist နှုတ်ခမ်းတို့အား မက်မောစွာ နမ်းရှိုက်လိုက်ခဲ့သည်။ ရှည်ကြာသော အနမ်းတို့ပြီးမှ...
"ငါ မင်းနားလာနေဖို့ ကြိုးစားပါ့မယ်... ခနပဲစောင့်ပေး..."
"အင်း...ငါ လေဆိပ်ဆင်းတော့မယ်... မင်း နားနေလိုက်တော့..."
"ငါ လိုက်မပို့ရဘူးလား..."
"ဟင့်အင်း ငါ မင်းကို ဘယ်တော့မှ နှုတ်မဆက်ချင်ဘူး Sing... ဒါကို ငါ အမြဲတမ်းပြောခဲ့တယ်... မင်းပြန်လည်း ငါဘယ်တော့မှ လိုက်မပို့သလို... ငါပြန်လည်း မင်းဘယ်တော့မှ လိုက်ပို့စရာမလိုဘူး..."
"အင်း..."
သူ ခေါင်းသာ ညိတ်လိုက်မိသည်။ Krist ထအရပ် အကျီ င်္အိတ်ကပ်ထဲမှ ကျလာသည့် strap လေးတစ်ခုကို သူ ကောက်ကိုင်လိုက်မိသည်။ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် strap လေး။
"အ... အဲ့ဒါ ဘုံကျောင်းသွားရတုန်းက...ပါလာတာ... တရုတ်ဘုံကျောင်းတစ်ခုက ငါ့ကို လက်ဆောင်ပေးလိုက်တာ... ပြန်လည်မွေးဖွားခြင်းအတွက် ကံကောင်းခြင်းသင်္ကေတဆိုပဲ... ငါတော့ အဲ့ဒါတွေ သိပ်အယုံအကြည်မရှိဘူး..."
"ငါ ဒါကို ယူထားလို့ရမလား..."
Krist က သူ့အား နားမလည်သလို တစ်ချက်ကြည့်လိုက်ရင်း...
"မင်းက အယုံအကြည်ရှိလို့လား..."
"မင်းဆီကမို့လို့..."
သူ့စကားကြောင့် ပခုံးလေးတွန့်လိုက်ရင်း ခေါင်းညိတ်လာသည့် Krist...
"သဘောပဲလေ..."
==================
ထိုသို့ဖြင့် Krist ထံမှ သူ Strap လေးတစ်ခုကို လက်ခံရရှိဖြစ်ခဲ့သည်။ Krist ပြန်သွားပြီး သုံးရက်အကြာတွင်တော့...
မိုးသည်းထန်စွာရွာသောညတစ်ခုတွင် အမှောင်ထုထဲမှ လျင်မြန်သည့်အဟုန်ဖြင့် မောင်းလာသည့် ကားတစ်စင်း... ထိုကားနောက်မှ အသည်းအသန်ကပ်လျက်လိုက်ပါလိုက်သည့် အခြားသော ကားတစ်စီး... ပထမကားသည် ဒုတိယကားထံမှ လွတ်မြောက်အောင်ပြေးနေရာမှ မောင်းသူခုံမှ ကောင်လေးသည် အံကြိတ်လိုက်မိသည်။ အခုတော့ သူ့အလှည့်ပေါ့လေ...။ သူ့ မင်းသမီးငယ်ပြီးတော့ သူ့အလှည့်ပေါ့။
သူ ဘာကြောင့် Krist ဖြင့် လိုက်သွားဖို့ သတ္တိမရှိခဲ့ရတာလဲ... သူ့ အောက်နှုတ်ခမ်းပြတ်ထွက်လုနီးပါး သူ ကိုက်လိုက်မိသည်။ ငန်ကျိကျိသွေးအရသာကို သူ ခံစားလိုက်မိသဖြင့် သူ့ နှုတ်ခမ်းပေါက်သွားသည်ကို သူ သတိထားလိုက်မိသည်။ သူ့ နိုင်ငံမှ သူ့ကို ထိုသို့ ရှင်းထုတ်သည်ထက်ပိုပြီး နာကျင်ရသည့် ခံစားချက် သူ့ထံတွင် မရှိနိုင်တော့... သူ သူ့နိုင်ငံအပေါ်တွင်ရော သူ့ မင်းသမီးငယ်အပေါ်တွင်ရော သစ္စာရှိခဲ့ပါလျက်နှင့်...
ကား Dashboard ပေါ်မှ ဟန်းဖုန်းကို သူ လှမ်းယူလိုက်မိသည်။ သူ့ ခေါင်းဆောင်ကို သူ အကြောင်းကြားသင့်သည်။ သူတို့ဖုန်းအဆက်အသွယ်ရစရာမလို... သူ့ဖုန်းတစ်ချက်ဝင်ရုံဖြင့် သူ့ ခေါင်းဆောင်သည် ရိပ်မိနိုင်သည်။ သူ ဟန်းဖုန်းကို အာရုံရောက်နေစဉ် အရှေ့မှ ဖြတ်လာသော အမှိုက်လှည်းတွန်းလာသည့် သူတစ်ဦး သူ ကားကို လျင်မြန်စွာ ကွေ့အချ အရှိန်မထိန်းနိုင်တော့စွာဖြင့် သူ့ကားသည် ကျွမ်းထိုးမှောက်ခုံဖြစ်သွားမိသည်။ သူ သတိထားမိတော့ သူ့ ကမ္ဘာသည် ဇောက်ထိုးမိုးမျှော်ဖြစ်နေခဲ့ပြီ။ သူ ခါးပတ်ကို ဖြည်ရန်ကြိုးစားနေစဉ်တွင်... သူ ကားနံဘေးတွင်ရပ်လာသော ခြေထောက်နှစ်စုံ...
"ငါတို့ Krist Sama ကိုအကြောင်းကြားရတော့မလား..."
"အင်း..."
Krist? Singto သူ့နားကိုသူပင် မယုံနိုင်တော့... သူ အမည်မှားယွင်းစွာ ကြားနေမိသည်မဟုတ်လား...။
"Krist Sama... ကျွန်တော်တို့"
တတိယခြေထောက်တစ်စုံ... သူ မောင်းသူခုံတွင် ခါးပတ်ကြိုးစားဖြုတ်နေသည်ကို ငုံ့ကြည့်လာသည့်သူ... ထိုသူသည် သူ့အား အတူလိုက်လာဖို့ ပြောခဲ့သည့်သူ မဟုတ်ဘူးလား... သူနှင့်အတူ အကြိမ်ပေါင်းများစွာ ခန္ဓာကိုယ်ချင်းရင်းနှီးဖူးသည့်သူ...
"Krist..."
Singto မောင်းသူခုံမှ ခါးပတ်ကိုပင်မဖြုတ်နိုင်တော့... Krist မျက်နှာသည် ရေခဲရုပ်တစ်ရုပ်အတိုင်း ငြိမ်သက်နေဆဲ။ ဂျပန်လိုပြောဆိုနေကြသည့် စကားသံတို့ကို သူ ကြားနေသော်လည်း ထိုအသံတို့ကို သူ အဓိပ္ပာယ်မပြန်နိုင်တော့... သူ့ စိတ်နှလုံးတို့သည် ကွဲအက်လာခဲ့ပြီး မုန်းတီးမှုများသည် သူ့စိတ်တစ်ခုလုံးတွင် ပြည့်နှက်လာခဲ့သည်။ သူနှင့်ခပ်လှမ်းလှမ်းတွင် မှောက်ကျနေသည့် သူ့ဖုန်းတွင်တွဲချိတ်ထားသည့် သူတို့ မခွဲခွာခင် ရခဲ့သော Strap လေးက ပြောင်ပြနေသလို... Krist ပြောခဲ့သည်ကို သူ အမှတ်ရလိုက်မိသည်။ ပြန်လည်မွေးဖွားခြင်းအတွက် ကံကောင်းခြင်းလက်ဆောင်... Singto အံတင်းတင်းကြိတ်လိုက်မိသည်။ သူ့ ပြန်လည်မွေးဖွားခြင်းသည် Krist အတွက် ကံဆိုးခြင်းများကို ဆောင်ကျဉ်းပေးဖို့နှင့် သူ့မင်းသမီးငယ်ကိုကာကွယ်ပေးခြင်းအတွက်သာ ဖြစ်ပါစေ...။
ထို့နောက်တွင်တော့ မီးလောင်ပေါက်ကွဲသွားခဲ့သော ကားတစ်စီး... ထိုကားထဲတွင် အမုန်းများပြည့်နှက်နေသည့် ကောင်လေးတစ်ဦးပါသွားခဲ့သည်။
================================