ဒါဒါလေးနှင့် မှော်ဝင်လောက (အပိုင်း-၁၇)
မှော်အုပ်ချုပ်သူ သီးသန့်ဂေဟာ၊
မှော်လောက စောင့်ရှောက်သူ၏ သမီး ဖြစ်သူ ဒါဒါလေးနှင့် ပတ်သတ်၍ မှန်ကန်စွာ သတင်းပေးနိုင်သူ ဘယ်သူမှ မရှိသဖြင့် ဂိုးလ်၏ မျက်နှာက သုန်မှုန်နေသည်။ စကား အမှား တစ်ခွန်းပြောလိုက်လျှင် သေရတော့မလို ဖြစ်နေသော အခြေနေ ကြောင့် ဘယ်သူမှ စကားမစ ဝံ့ကြပေ။
"ဖာတီကာ မင်းတို့ တစ်ခုခု ပြောဖို့ မကြိုးစားဘူးလား"
အက်ရှနေသော လေသံဖြင့် အမေးစကားကြောင့် လူတိုင်း တစ်ချက်မျှ တွန့်သွားကြသော်လည်း ဖြေဆိုသံက တိတ်ဆိတ်နေဆဲ၊
"ဖာတီကာ!!"
ပြင်းထန်သော ခေါ်သံက လက်အစွပ်ဝှေ့ယမ်းရင်း ထွက်ပေါ်လာ၏။ ရေခဲပန်းဆွဲတွေ ကြမ်းခင်းပေါ်သို့ ပြုတ်ကျသွားပြီး လူတချို့ ရှောင်တိမ်းလိုက်ကြသည်။ ပြီးမှ ထိန်းချုပ်ထားသော လေသံဖြင့် လူတစ်ဦးက
"အရှင်! ဇော်ဂန်က သူ့သမီးကို တိတ်တဆိတ် မွေးဖွားခဲ့ပြီး မှော်လောကမှာ မထားပဲ မှော်မရှိလောကမှာ ထားရှိတာ ဆိုတော့ မှော်လောကမှာ ရှာဖွေလို့ မရနိုင်ပါဘူး ပြီးတော့ မှော်မရှိ လောကသားကို မှော်ဝင်လောကသားက သတ်ဖြတ်တာကို အထူးတလည် ကန့်ကွက်တဲ့ ဥပဒေကို မှော်ကောင်စီက ချမှတ်ထားတော့"
"မင်းက မှော်ကောင်စီက ချမှတ်ထားတဲ့ ဥပဒေကို ကြောက်တယ် ဟုတ်လား ကောင်းပြီလေ မင်း မှော်ကောင်စီက ဥပဒေကို ကြောက်တယ် ဆိုရင် တခြား တစ်ခုခုကို မကြောက်ဖို့ အကြံပေးချင်တယ် အဇန်လိုရာ! ဂရက်ဒစ်!!"
"အား!!!"
အက်ရှရှ ကျိန်စာ ရွတ်ဆိုသံအဆုံးတွင် လက်အစွပ်လေးမှ မီးပန်းများ ပန်းထွက်လာကာ ထိုသူ၏ ရင်ဘတ်သို့ ပြေးမှန်သွားသည်။ ကျိန်စာ ထိမှန်သွားသော သူသည် မျက်လုံးများ ပြူးကျယ် ဝိုင်းစက်ကာ အနက်ရောင် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားကာ အသက်ပျောက် သွားသည်။ ကျန်သော သူများက ထိုအခြင်းအရာကို ကျန်သောသူများက ကြည့်ကာ နောက်သို့ ခြေတစ်လှမ်းမျှ ဆုတ်သွားကြ၏။ ဂိုးလ်က မှော်လက်အစွပ်လေးကို ပွတ်သပ်လိုက်ပြီး မျက်နှာပေါ်ရှိ အမာရွတ်များ ပို၍ အရုပ်ဆိုးသွားအောင် ရှုံ့မဲ့လိုက်ပြီး မျက်နှာကို မော့လျက် ရယ်မောလိုက်ကာ
"အဟီး ဟီး အဟား ဟား ဟား မင်းတို့ မှတ်ထား မှော်ကောင်စီက ဥပဒေမှာ သက်ညှာခွင့် ဆိုတာ ရှိသေးတယ် ဂိုးလ်မှာ သက်ညှာခွင့် ဆိုတာ မရှိဘူး အဲ့ကောင်မလေးနဲ့ စကားပြောမယ် သွားခေါ်လာခဲ့"
"ကောင်းပါပြီ အရှင်!"
@@@@@@@@@@@@@@@@@@@
လပြည့်ည၏ တိတ်ဆိတ်မှုက ပိုပြီး ခြောက်ခြားဖို့ ကောင်းနေသည်။ မှော်ဝင် ရေလယ်ကျောင်းကြီးက တိတ်ဆိတ်နေကာ တီးတိုး ရှိုက်သံတောင် မရှိသလို အထီးကျန်နေသလို လရောင်အောက်၌ ရှိနေ၏။ ရုံးခန်းအတွင်းတွင် ကျောင်းအုပ်ဆရာကြီး ဘာဘဲလ်လာက စာအိတ်တစ်အိတ်ကို ဖွင့်နိုး မဖွင့်နိုးဖြင့် ချီတုံချတုံ ဖြစ်နေသည်။ ပြီးနောက် စာအိတ်ကို ဖွင့်ပြီး စားပွဲပေါ်သို့ တင်လိုက်ရာ မှော်ကောင်စီမှ သူငယ်ချင်းဖြစ်သူ ဂရောင်းက ပေါ်လာကာ စာကို ဖတ်ပြ၏။
"ချစ်လှစွာသော သူငယ်ချင်း ဘာဘဲလ်လာ မှော်အုပ်ချုပ်သူဘက်က လူတွေ မှော်ကောင်စီ ရုံးမှာ မင်းရဲ့ တပည့်မလေး တစ်ယောက် အကြောင်းကို ရှာဖွေသွားတယ် သူက မှော်ဝင်လောကမှာ နေထိုင်သူ မဟုတ်တော့ သူ့အကြောင်း မရှိဘူး လို့ ပြောတာကို လက်မခံပဲ အခြင်းများ လုနီးပါး ဝင်ရောက် ရှာဖွေပြီး အော်ဟစ် ဆူဆဲသွားကြတယ် အဲ့ဒီ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ အရင်က သူ့ကို ထောက်ခံကြတဲ့ မှော်ကောင်စီ ဝန်ကြီးတွေက သူ့ကို မလိုလားတဲ့ အသံတွေ ထွက်လာကြတယ် ဒါပေမဲ့ မှော်ဆရာ ဂိုးလ် ဘယ်လောက် အစွမ်းထက်တယ် ဆိုတာကို မင်းသိမှာပါ သူငယ်ချင်း တကယ်လို့ မင်းသာ ဒီကိစ္စကို ပါဝင်မယ် ဆိုရင် ဝမ်းမြောက်ဝမ်းသာစွာနဲ့ မှော်ကောင်စီက လစ်လပ် ဝန်ကြီး နေရာမှာ ထားဖို့ ကြိုဆိုပါတယ် သူငယ်ချင်း ပြီးတော့ ဒီနေရာကို မင်း ချက်ချင်းကြီး ငြင်းပယ်လိုက်ဖို့ မသင့်ဘူး လို့ အကြံပြုပါရစေ သတိပေးချင်တဲ့ အကြောင်းအရာက သူတို့ လိုချင်တဲ့ အကြောင်းရာကို သူတို့က မတွေ့သွားတော့ သိပ်ပြီး ကျေနပ်ဟန် မပြဘူး သူတို့ မင်းဆီကို ရောက်လာမယ်လို့ ထင်တယ် မင်းရဲ့ တပည့်မလေးနဲ့ မင်းတို့ ကျောင်းကြီး အန္တာရယ် ကင်းပါစေလို့ စိတ်ရင်းနဲ့ ဆန္ဒပြုရင်း မင်းရဲ့ ချစ်လှစွာသော သူငယ်ချင်း ဂရောင်း"
စာကို အပြီးထိ ဖတ်ပြသွားပြီး စာကို သေချာ ပြန်ခေါက်ကာ စာအိတ်ထဲသို့ ထည့်ပြီး ဂရောင်း၏ ပုံရိပ်က ပျောက်သွား၏။ ချက်ချင်း လက်ငင်း စိတ်တွေ လေးလံသွားကာ ဆယ်ဆာဗန် ကျောင်းဆောင်သို့ သွားလိုက်မိသည်။ သို့သော် လမ်းတစ်ဝက်တွင် ခြေလှမ်းတွေ ရပ်သွားမိပြန်သည်။ တစ်ခုခုကိုတွေးလိုက်မိပြီးမှ ကျောင်းဝန်း အပြင်သို့သာ ဦးတည်လိုက်မိတော့သည်။
@@@@@@@@@@@@@@@
မှော်လောက အုပ်ချုပ်သူ၏ လူတွေ လှုပ်ရှားမှု မူမမှန်တာကြောင့် မှော်ဝင်အစောင့်ရှောက် ဂေဟာမှာ အိပ်ရန် ခေါင်းချလိုက်ပြီးမှ သမီးကို စိတ်မချသလို ဖြစ်လာသဖြင့် ရေလယ်ကျောင်းသို့ စိတ်ရွေ့ပြောင်း ပညာဖြင့် လာခဲ့လိုက်သည်။ တောအုပ်ထဲမှာ ဆယ်ဆာဗန် အဆောင်ကို မြင်နေရသည့် နေရာတွင် ထိုင်ချလိုက်ပြီးမှ ကျောင်း၏ အနောက်ပေါက် တောင်ပေါ်တွင် မီးရောင် တစ်ချို့ လက်ခနဲ မြင်လိုက်ရတာမို့ ထိုနေရာသို့ ချက်ချင်း ရောက်သွားမိတော့ အတန်ငယ် စုတ်ပြဲနေသော အဝတ်စများကိုသာ တွေ့လိုက်ရသည်။ ထို့ကြောင့် လပြည့်နေ့ ဖြစ်တာကို သတိထားမိသွားကာ ပြုံးလိုက်မိသည်။
"ဒီနေ့က လပြည့်နေ့ပဲ သမန်းဝံပုလွေတွေ အစည်းဝေး ရှိတယ် သူတို့တွေ နေရာ မပြောင်းပဲနဲ့ အစည်းဝေး လုပ်တုန်းလား"
ခပ်တိုးတိုး ရေရွတ်လိုက်ပြီးမှ တောင်အောက်သို့ ပြန်ဆင်းရန် ပြင်လိုက်သော်လည်း ဆရာကြီး ဘာဘဲလ်လာက ရွေ့လျားတိမ်ကို ခေါ်ယူကာ ကျောင်းဝန်း အပြင်သို့ ခပ်သုတ်သုတ် သွားလိုက်တာကို မြင်လိုက်ရသည်။ စိတ်ထဲမှာ ထင့်ခနဲ ဖြစ်သွားပြီး ဆယ်ဆာဗန် ရေကန်နားသို့ ရောက်လာတော့ သမီးရဲ့ သူငယ်ချင်း ကောင်လေးကို တွေ့လိုက်ရသည်။
"ဟေ့!! ဒီအချိန်ကြီး မင်းက ကျောင်းအပြင်ကို ဘာထွက်လုပ်နေတာလဲ"
လှမ်းမေးလိုက်ပြီး အနားကပ်သွားတော့မှ ဒရက်က သူ့ကို အလန့်တကြား မော့ကြည့်လာကာ ဘေးနားမှ မှင်စာလေးအား တစ်ချက် ငဲ့ကြည့်လိုက်ပြီး
"ဒါဒါလေး ဘာမှ မပြောပဲ ပျောက်သွားလို့ လိုက်ရှာနေတာ အခုတစ်လော သူက သမန်းဝံပုလွေ တစ်ကောင်နဲ့ ခင်မင်နေတာ တားမြစ်တာကိုလည်း နားမထောင်ပဲ ဒီနေ့ ရုတ်တရက် ဘာမှ မပြောပဲ ပျောက်သွားလို့ ကျွန်တော်တို့ လိုက်ရှာနေတာ"
"သမန်းဝံပုလွေ ဟုတ်လား အသက် ဘယ်လောက်လဲ"
"ဆယ်နှစ် ပြည့်ပြီးသားလို့ ပြောတယ်"
"ကောင်းပြီ သူ့ကို ဦးလေး ပြန်သွားခေါ်ခဲ့မယ် မင်းတို့ အိပ်ဆောင်ကို ပြန်တော့"
"ဟုတ်ကဲ့"
ထွက်သွားတဲ့ကလေးတွေကို ကျောခိုင်းလိုက်ကာ သိထားနှင့်ပြီးသား တစ်နေရာသို့ ဦးတည်လိုက်မိသည်။ သမန်းဝံပုလွေတွေကို ညာလို့ မရတာက အနံ့အသက်၊ ဒါဒါရဲ့ အနံ့ကို သိထားပြီးသည့် သမန်းဝံပုလွေ တစ်ကောင်မှ မရှိပါစေနှင့်၊ အကယ်၍ ဒါဒါကို သိထားသူသာ ရှိပါက ဒါဒါလေး ဘယ်သူ ဆိုတာ သိသွားတော့မည်။ ~သမီးနားကို ရောက်တာ တစ်စက္ကန့် နောက်မကျလို၊~
သို့သော်၊
@@@@@@@@@@@@@@@
"မှော်ဆရာ ဂိုးလ်က မင်းကို ထုတ်ပေးပါလို့ ကျောင်းရဲ့ အပေါ်ကနေ ပြောသွားတယ်"
"ဘာ!!"
ဘာဆိုသည့် အသံက ကျယ်လောင်သွားပြီး ဘယ်သူမျက်နှာကို ကြည့်ရမှန်း မသိပဲ ဖြစ်သွားမိသည်။ ဒရက်ပြောလိုက်တာကို အနားရောက်လာပြီ ဖြစ်တဲ့ ဖေဖေဇော်ဂန်ကပါ ကြားသွားပြီး သူမကို အားပေးလိုက်သော မျက်နှာဖြင့်
"မင်းကို ထိခိုက်ဖို့ ငါခွင့်မပြုပါဘူး အိပ်ဆောင်ကို သွားပါ"
"ဒါလေး မယုံဘူး ဒါလေး မရှိရင် မှော်လောက တည်ငြိမ်အေးချမ်းမယ်လို့ သတ်မှတ်ထားမိတဲ့သူရဲ့ စကားကို ဒါလေး ဘယ်လို ယုံရမလဲ ပြီးတော့ ဒါလေးကို သတ်ဖို့ ကြိုးစားဖူးတယ်"
ဖေဖေဇော်ဂန်က မျက်နှာ ပျက်သွားပြီး တစ်ဖက်သို့ လှည့်သွားသည်။ ပြီးမှ ဒရက်ကို လှည့်ကြည့်လာကာ
"မင်း သူငယ်ချင်းကို ခေါ်သွား ဘာသံပဲ ကြားကြား ကျောင်းသားတွေ အားလုံး အပြင်ထွက်မကြည့်ဖို့ ပြောလိုက်ပါ ဒါက လူကြီးတွေ ကိစ္စ"
"ကောင်းပါပြီ ကျွန်တော်သူ့ကို ခေါ်သွားလိုက်မယ်"
ဒရက်က ဒါလေး လက်ကို ဆွဲခေါ်ကာ ရေကန် အတွင်းသို့ ဆင်းရန် ပြင်လိုက်စဉ် ရွေ့လျားတိမ်မည်း ပေါ်မှ လူတစ်ဦးက ခုန်ဆင်းလာပြီး ဒါလေးလက်တစ်ဖက်ကို ဆွဲလိုက်ကာ
"ဟေ့! ကလေးလေး မင်းအမေ နာမည်က ဘာတဲ့လဲ မင်းက"
"ဂမန်း ဒါရက်!!"
ဖေဖေဇော်ဂန်မှ ထိုလူအား လွင့်စင်စေလိုက်ပြီး
"ငါ့သမီး လက်ကို မင်းက ရာရာစစ မင်းရဲ့ ရွံ့စရာ လက်ကြီးနဲ့ ထိရဲတာလား"
ထိုသူက လဲကျနေရာမှ လူးလိမ့်လျက် ထလာပြီး မကြည်သလို ကြည့်လာကာ
"ငါက မှော်အုပ်ချုပ်သူရဲ့ စေခိုင်းချက်ကြောင့်"
ထိုသူအား စကားကို ဆုံးအောင် ပြောခွင့် မပြုပဲ၊
"မှော်အုပ်ချုပ်သူက မှော်လောကကိုပဲ အုပ်ချုပ်ခွင့် ရှိတယ် သူက မှော်မရှိ လောကက ပြီးတော့ ဒီနေရာက မှော်လောက ပြင်ပ နေရာပါ မင်းတို့ နေရာရွေးမှား နေပြီ ထင်တယ် ငါ့သမီးကို ထိဖို့ မကြိုးစားနဲ့ မေးခွန်းတွေ မမေးနဲ့ မခြိမ်းခြောက်နဲ့ နောက်ထပ် ဒဏ်ရာ ဖြစ်အောင် ရည်စူးပြီး မှော်ဂါထာနဲ့ မထိခိုက်စေနဲ့ အဲ့ဒီတားမြစ်ချက် သုံးခုထဲက တစ်ခုခုကို ဖောက်ဖျက်ခဲ့ရင် မှော်ကောင်စီက ဥပဒေအရ မင်းတို့ကို မသေမရှင် ဖြစ်အောင် ထားတဲ့ မှော်လောက အကျဉ်းထောင်မှာ သေတာထက် ဆိုးတဲ့ နေရာမှာ ပို့ပစ်မယ်"
"သွားမယ် ဒါလေး မကြည့်နဲ့တော့"
ဒရက်က ဒါလေးကို ဆွဲခေါ်ပြီး ရေကန်အတွင်းသို့ ခုန်ဆင်းလိုက်၏။ ရေကန်အတွင်းသို့ ရောက်မှ ထိတ်လန့်နေကြသော ကျောင်းသား ကျောင်းသူများနှင့် ဆရာဆရာမ များက မျက်နှာ ပျက်စွာ ရှိနေသည်။ ဆရာမ ဖလိုင်းက ဒါလေးနားသို့ ပျံသန်းလာပြီး ခြေဆုံး ခေါင်းဆုံးကြည့်ကာ
"မင်းက ဒီနေ့လိုညမှာ ဘယ်တွေ သွားနေတာလဲ ငါမင်းကို ရှာနေတာ အတောင်တွေတောင် ညောင်းနေပြီ"
"တောင်းပန်ပါတယ် ဆရာမ ဒါလေး ပင်ပန်းနေလို့ အိပ်လို့ ရမလား"
ဒါလေး ရှေ့တွင် ရှိသမျှ ကျောင်းသူ ကျောင်းသားတွေကို တွန်းတိုက်ပြီး အိပ်ခန်းအတွင်းသို့ ဝင်လာပြီး လဲချလိုက်မိသည်။ အိပ်မက်ထဲတွင် ဒါလေးအား တစ်ခုခု ပြောချင်သော မျက်နှာနှင့် မေမေ့ကို တွေ့လိုက်ရသေးသည်။ ဒါလေး သိချင်တာတွေ မေးဖို့ ပြင်လိုက်တော့ မေမေက ပြန်ပျောက်သွား၏။
ဒါလေး နိုးလာတော့ နယ်လီက မရှိတော့ပဲ စားသောက်ခန်းသို့ သွားနှင့်ပြီ ဖြစ်သည်။ ဒါလေး ကျောင်းဝတ်စုံကို ဝတ်ကာ စားသောက်ခန်းသို့ လိုက်လာတော့ ကျောင်းသူ ကျောင်းသားတွေ အားလုံးက ဒါလေးကို အားကျသော အကြည့်များဖြင့် ကြည့်နေကြသည်။ ဆရာဆရာမတွေ ထိုင်နေသော နွယ်ပင်အပေါ်တစ်ဆင့်သို့ လှမ်းအကြည့်တွင် ဒါလေးကို လှမ်းကြည့်နေသော ဖေဖေဇော်ဂန်ကို တွေ့လိုက်ရကာ ဒါလေး မျက်နှာ လွဲလိုက်မိသည်။
"ဒါလေး ထိုင်လေ"
နယ်လီ အနားသို့ ရောက်လာသည့်တိုင် မထိုင်သေးတဲ့ ဒါလေးကို နယ်လီက လက်ဆွဲကာ ထိုင်စေပြီး
"မနေ့ညက ပြသနာကို မင်းအဖေ တစ်ယောက်တည်း ဖြေရှင်းသွားတယ်တဲ့ သိလား ကျောင်းသူတွေ အဲ့အကြောင်းပဲ ပြောနေကြတာ"
"ငါမသိချင်ပါဘူး"
"မှော်လောကမှာ ပထမတန်း မှော်ပညာရှင် သုံးဦးပဲ ကျန်တော့တဲ့ အထဲမှာ မင်းအဖေလည်း တစ်ဦးအပါအဝင်ပဲလေ ကျန်တဲ့ မှော်ကောင်စီ တိုက်ခိုက်ရေးတွေကျတော့ ထည့်တွက်လို့ မရဘူး ဒါပေမဲ့ မင်းအဖေက ဘယ်တော့မှ မှော်အုပ်ချုပ်သူကို အတိုက်အခံ မလုပ်ဘူး မနေ့တုန်းကတော့ မင်းကို ခေါ်သွားမယ်လို့ ခြိမ်းခြောက်နေတာကြောင့် ထင်တယ် မှော်အုပ်ချုပ်သူရဲ့ လူတွေကို ထွက်ပြေးသွားအောင် သူ မောင်းထုတ်လိုက်တယ် ဆရာကြီး ဘာဘဲလ်လာက ကျောင်းလုံခြုံရေးကို မှော်ကောင်စီက ဝန်ကြီးနဲ့ သွားဆွေးနွေးလာတယ် သူတို့က ကျောင်းဝန်းထဲမှာ အစောင့်ရှောက်တွေ ထည့်ပေးမယ်လို့ ပြောလိုက်တယ်တဲ့"
"ငါ ဘယ်သူ့ကိုမှ မယုံဘူး နယ်လီ ငါ့အဖေဆိုတဲ့လူ ကိုကောပဲ ငါအတန်းထဲ သွားတော့မယ်"
ဆယ်ဆာဗန် ရေကန်နားမှာ ထိုင်ဖို့ ပြင်လိုက်ပြီးမှ မထိုင်ဖြစ်တော့ပဲ လေပေါ်ပျံနေသော ဒီဗယ်ဖော့စ် ကျောင်းဆောင်နားသို့ ရောက်လာမိသည်။ ကျောင်းဆောင်အား အတက်အဆင်း ပြုလုပ်ရန် နွယ်ကြိုးလှေကားတွေ ချထားပေးသော်လည်း နွယ်ကြိုးတွေက အသက်ဝင်နေသလို လှုပ်ရှားနေသည်။ သို့သော် ဒီ နွယ်ပင်တွေ အသက်မရှိတာကို ဒါလေး သိသည်။ အသက်ရှိတဲ့ အပင်တွေ ဆိုလျှင် လှုပ်ရှားရုံသာမက စကားလည်း ပြောလို့ ရနိုင်သည်။ အတက်ဆင်း လုပ်နေကြတဲ့ မြင်ကွင်းကို ငေးနေစဉ်
"မနေ့က မင်းကို ခေါ်သွားမိတာ တောင်းပန်ပါတယ် မင်းအဖေက မကြိုက်ဘူးထင်တယ်"
လှည့်ကြည့်လိုက်တော့ အာကာက
"ဟုတ်တယ် ထင်တယ် ငါလည်း မပြောတတ်ဘူး"
"မနေ့က ငါတို့ လူကြီး ပြောလိုက်တာတွေကို စိတ်ထဲ မထားဖို့ ငါ့အဖေက မှာလိုက်တယ် တစ်ခါတစ်လေကျရင် သူလည်း မှားတတ်ပါတယ်တဲ့"
"ငါမသိဘူးလေ လောလောဆယ် ကိစ္စတော်တော်များများကို ငါမတွေးနိုင်သေးဘူး ထင်တယ် သွားအုံးမယ်"
"ငါ့ကို မင်း ဆက်ခင်ဖို့ ဖြစ်နိုင်ရဲ့လား"
"မင်း ငါ့ကို သေဖို့ ဆန္ဒ မရှိဘူး ဆိုရင် ငါတို့ သူငယ်ချင်းတွေ ဖြစ်နိုင်ပါတယ်"
ဒါလေး ပြောလိုက်တာကို အာကာက အနည်းငယ် တွေးတောဟန် ဖြစ်သွားသော်လည်း
"ဘယ်တော့မှ မသတ်ဘူး မင်း ကံကောင်းပါစေ ကျောင်းထဲမှာ မင်းအကြောင်းတွေပဲ ပြောနေကြတယ်"
"ငါသိတယ် ငါသွားတော့မယ် သူများတွေ ငါ့ကို ကြည့်နေကြတာ မကြိုက်ဘူး"
အာကာ ရှေ့ကနေ လှည့်ထွက်လာပြီးမှ ဒါလေး ခပ်တိုးတို ရေရွတ်လိုက်မိသည်။
"ဒါလေးကို ဘာလို့များ သေစေချင်ကြတာလဲ"
@@@@@@@@@@@@@@@@
မှော်လောက အုပ်ချုပ်သူ ဂေဟာ၊
ဒဏ်ရာရသူတွေ တချို့တစ်ဝက် ရှိသော်လည်း ခန်းမအလယ် တည့်တည့်တွင် ဝံပုလွေအညို တစ်ကောင်ကို လှောင်အိမ်ဖြင့် ထည့်ပြီး လှောင်ထား၏။ ထိုဝံပုလွေ အညိုသည် ပြင်းထန်စွာ ဒဏ်ရာ ရရှိနေပြီး မျက်လုံးတွေက မှေးမှိန်နေသည်။ သို့သော် မာန်ဖီနေဆဲ၊ ရေခဲပလ္လင်ပေါ်တွင် ထိုင်နေသော မှော်အုပ်ချုပ်သူ ဂိုးလ်က နှုတ်ခမ်းတွေ မဲ့ရွဲ့သွားတော့မလို ပြုံးလိုက်ပြီး
"ဒီမှာ မင်းနဲ့တိုက်ခိုက်မဲ့လူ ဘယ်သူမှ မရှိပါဘူး ဝံပုလွေ အကြီးအကဲ လူသား အသွင်နဲ့ စကားပြောရင် မကောင်းဘူးလား"
"ဂီး ဂီး"
ထိုဝံပုလွေက မာန်ဖီ နေဆဲ၊ သို့သော် မာန်ဖီသည့် အသံသည် ဝိုင်းကြည့်နေသူ များမှ ဘာမှမလုပ်သဖြင့် တဖြည်းဖြည်း လျော့နည်းလာသည်။ ပြီးနောက် လူအသွင်သို့ ကူးပြောင်းသွားတော့ သမန်းဝံပုလွေ မျိုးနွယ် ဒုတိယ ခေါင်းဆောင် အဖြစ်သို့ ပြောင်းလဲသွား၏။ မှော်အုပ်ချုပ်သူ ဂိုးလ်က မှန်တစ်ချက်ကို ထိုအကြီးအကဲ ရှေ့တွင် ချပေးလိုက်ပြီး ကြည့်စေသည်။
မှန်သည် နို့နှစ်အောင် တိမ်မျှင်များ သဏ္ဍန် ဖုံးလွှမ်းသွားပြီး ပုံရိပ်တွေ ပေါ်လာသည်။ သမန်းဝံပုလွေပျို များအား လှောင်ချိုင့်များတွင် ထည့်သွင်းထားကာ လည်ပင်းတွင် သံကြိုးများဖြင့် ခတ်ချည်ထားပြီး လက်တွေ ခြေတွေကို သံချောင်းများဖြင့် ရိုက်နှက် ထားသည်။ ထိုသမန်းဝံပုလွေပျိုများတွင် တချို့က မိန်းကလေးများ ဖြစ်ပြီး တချို့က ယောက်ျားလေးများ ဖြစ်သည်။
မှော်အုပ်ချုပ်သူက ခြောက်ခြားသွားသည့် အကြီးအကဲ၏ မျက်နှာအား စိမ်ပြေနပြေ ကြည့်ကာ
"သူတို့တွေ လွတ်ဖို့ ဆိုရင် မင်းရဲ့ အနံ့ခံနိုင်စွမ်းရည်ရဲ့ အဖြေက အဓိက ကျတယ် ဇော်ဂန်ရဲ့ သမီးက ဇော်ဂန်ရဲ့ သမီးဟုတ်ရဲ့လား ဒါမှမဟုတ် နာမည်မခေါ်ရက်အောင် ဂုဏ်သတင်းတွေနဲ့ ကျော်ဇော်ခဲ့တဲ့ မင်းရဲ့ မိတ်ဆွေ ဒါဒါရဲ့ သမီးလား"
သမန်းဝံပုလွေ အကြီးအကဲ၏ မျက်နှာတွင် တုန်လှုပ်မှုတွေ အထင်းသား ဖြစ်သွား၏။
@@@@@@@@@@@@@@@@@