ဒါဒါလေးနှင့် မှော်ဝင်လောက (အပိုင်း-၁၁)
"မင်းငါတို့ကို လိမ်တယ်! သူငယ်ချင်း မပီသဘူး! မင်းအဖေက မှော်လောက စောင့်ရှောက်သူ ခေါင်းဆောင်မဟုတ်ဘူး မင်းအမေကလည်း သာမာန် မှော်မရှိတဲ့ အမျိုးသမီး မဟုတ်ဘူး မင်း ငါတို့ကို သူငယ်ချင်းလို သဘောမထားဘူး!"
ဒေါသတကြီး အော်ပြောပြီး ထိုနေရာမှ လျင်မြန်စွာ ထွက်သွားတော့ လိုက်လို့ မမှီပဲ ဘာမှမပြောနိုင်ပဲ ဝမ်းနည်းစွာ ကျန်ရစ်ခဲ့၏။ ဘေးနားမှာ ပါလာသော နယ်လီက သူမကို ကျောခိုင်းဖို့ ပြင်လိုက်ပြီးမှ ပြန်လှည့်လာကာ
"အနည်းဆုံးတော့ မင်း ဒရက်ကို ကြိုပြီး ပြောပြထားသင့်တယ် သူက မင်းကို တကယ် စိတ်ရင်းနဲ့ ကူညီခဲ့တာ အခုတော့ မင်းက သူ့ကို စိတ်ဆိုးအောင် လုပ်လိုက်တယ်"
"ငါနားမလည်ဘူး ငါက ဘာလဲ ဆိုတာကို အခုမှ ပြန်ပြီး ရှာဖွေနေတုန်းပဲ ရှိသေးတယ် ငါ့ဖေဖေက မှော်လောက စောင့်ရှောက်သူ မဟုတ်ဘူး ဆိုတာ ကလွဲရင် ငါ့မိဘကို ငါမတွေ့ဖူးသေးဘူး ငါ့အမေကို ငါ ဒီနေ့မှာ ကျောင်းက ပြတိုက်မှာ တွေ့ဖူးတာ ငါလိမ်တာ မဟုတ်ဘူး ငါ့ကိုယ်ငါတောင် နားမလည်သေးတာ ဒရက် ငါ့ကို နားမလည်ဘူး ဆိုတာလည်း သူမမှားပါဘူး မိုးချုပ်နေပြီ ကျောင်းမီးတွေ ပိတ်တော့မယ် ငါတို့ သွားရအောင်"
ဆယ်ဆာဗန်သို့ ပြန်လာသော လမ်းတစ်လျှောက်လုံး နယ်လီက စကားမပြောပဲ နေသည်။ အိပ်ခန်းအတွင်းသို့ ရောက်သည့် တိုင်အောင် နယ်လီက စကားမပြောပဲ ရေစိုနေသော အဝတ်တွေလဲကာ သူမ၏ အိပ်ရာပေါ်သို့ တက်ပြီး အိပ်သွားသည်။ ဒါဒါလေး အဝတ်တွေကို မလဲမိသေးပဲ အခန်းထောင့်တွင် ဒူးနှစ်ဘက်ကို ပိုက်လျက် ထိုင်ချလိုက်မိသည်။
တကယ်ပဲ ဒါလေးက ကျောင်းကို ဒုက္ခ ဖြစ်စေမှာလားလို့ တွေးလိုက်တော့ မျက်ရည်တွေက ပါးပြင်သို့ ဖြတ်စီးသွား၏။
"အဟင့်! အီး ဟီး ဟီး"
အသံမထွက်ဖို့ မျှော်လင့်ထားပေမဲ့ တကယ်ငိုမိတော့ အသံထွက်သွားသည်သာ၊
နောက်ရက် ကျောင်းတက်တော့ ဒရက်က ဒါဒါလေးတို့နဲ့ လာမထိုင်ပဲ တခြားသော ဒီမွန်းတွေနှင့်သာ သွားထိုင်သည်။ ဒါလေး စကားပြောဖို့ ကြိုးစားလိုက်တိုင်း လျင်မြန်စွာ ထွက်ခွာသွားသည်။ ဒရက်က ဒီမွန်းတစ်ဝက် ဆိုတော့ သူ့ရဲ့ လျင်မြန်မှုကို ဒါလေး မလိုက်နိုင်ပဲ ကျန်ရစ်ခဲ့ရသည်။ ဒါလေး အခုထိ မှော်ဂါထာ တစ်ခုကိုမှ အသက်ဝင်အောင် မလုပ်နိုင်သေးပါ၊ ဆရာ ဆရာမများက ဒါလေးကို တိုက်တိုက် တွန်းတွန်းဖြင့် ကြိုးစားဖို့ ပြောသော်လည်း လက်အစွပ်ကို ဝှေ့ယမ်းလိုက်တိုင်း မှော်ဂါထာများက အသက်မဝင် လာသေးပေ။
ဒီနေ့က ဒါလေးတို့ အတွက် ပထမဆုံး ကိုယ်လက်လှုပ်ရှား မှော်ပညာ ကဏ္ဍကို သင်ကြားမည့်နေ့၊ ထို့ကြောင့် ဒီမွန်းတွေနဲ့ တခြား မှော်မရှိတွေကို ခွဲခြား ထားလိုက်သည်။ ဒီမွန်းတွေ အားလုံးက ဖြူဖတ် ဖြူလျှော် နိုင်ကြသော်လည်း မထင်မှတ်ထားလောက်အောင် ခုန်နိုင် လွှားနိုင်ကြပြီး အားရှိကြတာမို့ ဒီမွန်းတွေနဲ့ မှော်မရှိတွေ အတူတူ လေ့ကျင့်လို့ မရဘူးဟု ကိုယ်လက်လှုပ်ရှား ကဏ္ဍကို တာဝန်ယူထားသည့် ဆရာဂျက်က ပြောကာ ခွဲထားလိုက်ခြင်း ဖြစ်သည်။
ဒရက်ကို လှမ်းကြည့်တော့ ဒရက်က သူမကို တစ်ချက်ပဲ လှည့်ကြည့်လာကာ သုန်သုန်မှုန်မှုန်ဖြင့် ပြန်လှည့်သွား၏။ ဆရာဂျက်က လက်တွင် စွပ်ထားသော အစိမ်းရောင် လက်အစွပ်ကို ဝှေ့ယမ်းလိုက်ပြီး
"ကဲ! အားလုံး ဒီကို ကြည့်ကြပါ ကိုယ်လက် လှုပ်ရှား မှော်ကဏ္ဍမှာ မင်းတို့ အတွက် အရေးကြီးတဲ့ ပထမဆုံး သင်္ခန်းစာက ဘာဖြစ်မယ် ထင်လဲ"
ကျောင်းသားတွေ အားလုံး တိတ်ဆိတ်သွားပေမဲ့ ဒရက်က ခေါင်းတစ်ချက် ငုံ့လိုက်ပြီးမှ
"ကိုယ်တိုင် ပျံသန်းခြင်း သင်္ခန်းစာ!"
ဆရာဂျက်က ဒရက်ကို တအံ့တသြ လှမ်းကြည့်လာပြီး
"မင်း မှန်တယ် မင်းနာမည်က ဘယ်သူ"
"ဒရက်"
ဒရက်က လှမ်းဖြေလိုက်ပြီး သည်နှင့် ဆရာဂျက်က ဒရက်ကို လက်ညိုးထိုးလိုက်ပြီး ထပ်မံ၍ မေးခွန်းထုတ်သည်။
"ကောင်းပြီ ပျံသန်းခြင်း ဘယ်နှစ်ခု ရှိသလဲ ဘယ်ဟာက အလွယ်ကူဆုံးလဲ"
"မှော်မရှိတွေရဲ့ ပျံသန်းခြင်းက ပိုပြီး လွယ်ကူပါတယ် ဆရာ ထိုင်ပြီး လိုက်သွားရုံပဲ အချိန်တော့ နည်းနည်း ပေးရတယ်"
ဒရက် ဖြေလိုက်တာကို တချို့သူတွေက ပြုံးစိစိ ဖြစ်သွားကြပြီး ဆရာ ဂျက်က လေသံမာမာဖြင့်
"မှော်ပညာနဲ့ ဆိုင်တဲ့ ပျံသန်းခြင်းကို မေးနေတာပါ ဒရက်"
"မီးတောက်ဖြင့် ပျံသန်းခြင်းက အလွယ်ကူဆုံးပါ ပြီးတော့ အလျင်မြန်ဆုံးပါ ရွေ့လျားတိမ်စီးပြီး ပျံသန်းတာက အသက်ပြည့်ပြီးတဲ့ မှော်ပညာရှင်တွေပဲ သုံးခွင့်ရှိတာပါ အခက်ခဲဆုံးက နာမ်ခန္ဓာလွင့် ပျံသန်းခြင်း ဆိုပြီး ပျံသန်းခြင်း သုံးခုပဲ ရှိတာပါ ကျွန်တော်ကတော့ မှော်မရှိတွေ ပျံသန်းတဲ့ ယာဉ်ပေါ်မှာ လိုက်စီးပြီး ပျံသန်းရတာကို အကြိုက်ဆုံးပါ"
"မင်း အကြိုက်ဆုံးကို ငါ မေးနေတာ မဟုတ်တော့ ပြီးပြည့်စုံပါပြီ"
"ကောင်းပြီ ဒီနေ့က မီးတောက်နဲ့ ပျံသန်းကြမယ် မင်းတို့အားလုံး စကျူးရီကတ်ကို အသက်သွင်းနိုင်ပြီလို့ ထင်တယ်"
ဆရာဂျက်က ပြောလိုက်တော့ ဒါလေး မျက်နှာငယ်သွားသည်။ မှော်ဂါထာကို အသက်မသွင်းနိုင်သေးတဲ့ တချို့လူတွေ ရှိပေမဲ့ အားလုံးထဲမှာ ဒါလေးက ပိုပြီး ဆိုးဝါးသလို ခံစားရသည်။ ဆရာဂျက်က အားလုံးကို တစ်ချက် ငဲ့ကြည့်ပြီးမှ ခေါင်းညိတ်လိုက်ကာ
"မင်းတို့က ပထမနှစ်တွေ ဆိုတော့ မီးတောက် ကျိန်စာ မရွတ်နိုင်တာက မီးတောက်ဖြင့် ပျံသန်းတာမှာ ပြသနာ မရှိပါဘူး မီးတောက်နဲ့ ပျံသန်းတာမှာ ဘာကျိန်စာမှ မလိုဘူး မီးသာ ရရင် မင်းတို့ ပျံလို့ရပြီ ဘာလို့လဲ ဆိုတော့ မင်းတို့က မှော်သွေးပါပြီးသားလေ မီးတောက် မရှိတဲ့ သူငယ်ချင်းကို မီးတောက် စီရင်နိုင်တဲ့ သူငယ်ချင်းက ကူညီလိုက်ပါဦး"
"စကျူးရီကတ်"
မီးတောက် ဂါထာ ရွတ်ဆိုသံများ ထွက်ပေါ်လာပြီး ကျောင်းသူ ကျောင်းသား အသီးသီး၏ လက်အစွပ်များတွင် မီးတောက်များ ထွက်ပေါ်လာ၏။ နယ်လီက ဒါလေး၏ လက်အစွပ်အား မီးညှိပေးသည်။ အားလုံး မီးတောက် ကိုယ်စီ ဖြစ်သွားပြီ ဆိုမှ
"စမယ် မီးတောက်ကို အာရုံစိုက်ထားပြီး လူတစ်ကိုယ်စာ ဝင်လို့ ရတဲ့ အထိ စေခိုင်းပါ စိတ်နဲ့ ညွှန်ကြား နေချိန်မှာ မျက်တောင် မခတ်မိစေနဲ့ မျက်တောင် ခတ်တာနဲ့ မင်းရဲ့ ညွှန်ကြားမှုက ပျက်ပြယ်သွားမယ် ဒီမီးတောက်နဲ့ ပျံသန်းခြင်းက ဒီမွန်းတွေ အတွက် ရယ်ဖို့ ကောင်းပေမဲ့ တကယ်တမ်းကျတော့ ပျော်ဖို့ကောင်းတဲ့ ပျံသန်းမှုပါ ဒီမွန်းတွေလည်း လိုက်လုပ်ပါ တစ်ယောက်နဲ့ တစ်ယောက် ခပ်ကျဲကျဲလေး ရပ်မယ် မီးတောက်တွေ အားကောင်းလာဖို့လိုတယ် စိတ်ထဲကနေ အားပြင်းပြင်းနဲ့ စေခိုင်းပါ မင်းတို့က မှော်လူသားတွေ ဖြစ်တယ်ဆိုတာ ယုံကြည်ပြီး စေခိုင်းပါ"
လက်ညိုးလေးမှာ တောက်နေတဲ့ မီးကို အာရုံစိုက်ထားလိုက်ပြီး မျက်တောင်မခတ်တမ်း စိုက်ကြည့်နေရာ မီးတောက်က တဖြည်းဖြည်းနှင့် ကြီးမားလာပြီး ဒါဒါလေး ဝင်လို့ ရသော အရွယ်သို့ ရောက်လာသည်။ မီးညွှန့်တွေက အနီရောင်မှ အပြာသို့ ပြောင်းလုနီးပါ အားကောင်းစွာ တောက်လောင်နေသည်။
"ကောင်းပြီ တစ်ယောက်ရသွားပြီ နောက်တစ်ယောက်လည်း ရသွားပြီ မင်းတို့ မီးတောက်ကို စိတ်နဲ့ ညွှန်ကြားနေချိန်မှာ အစားအသောက်အကြောင်း မတွေးမိစေချင်ဘူး တခြားအကြောင်းရာတွေ မတွေးမိစေချင်ဘူး မီးတောက်ကို စိတ်နဲ့ ညွှန်ကြားလို့ ရသွားတဲ့သူတွေက မီးတောက်ထဲ ဝင်ကြည့်ပါ မင်းတို့ ရှေ့က မီးတောက်က မင်းတို့ ညွှန်ကြားထားတဲ့ မီးတောက် ဖြစ်လို့ မင်းတို့ကို အပူလောင်စေမှာ မဟုတ်ဘူး"
ဆရာဂျက်ပြောသည့်အတိုင်း မီးတောက်အတွင်းသို့ ဝင်လိုက်ရာ မီးတောက်များက ဒါလေး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသယောင် ဖြစ်သွားသည်။ ဒရက်ကလည်း မီးတောက်အတွင်းသို့ ဝင်နေပြီ ဖြစ်သည်။ နယ်လီက မီးတောက် တောက်လာအောင် မလုပ်နိုင်သေးပဲ ဖြစ်နေ၏။ တချို့သူတွေကလည်း မီးတောက် အတွင်းသို့ ဝင်နိုင်ကြပြီ ဖြစ်သည်။ ဆရာဂျက်က ကျောင်းသားတွေကို လှည့်ကြည့်နေရာမှ
"မင်းတို့ ဒီမီးတောက်ကို ပျံသန်းဖို့ ဘာကျိန်စာမှ မလိုဘူး စိတ်ထဲကနေ ပျံမယ်လို့ ပြောလိုက်တာနဲ့ မီးတောက် ပျံသန်းခြင်း သင်္ခန်းစာက ပြည့်စုံပါပြီ ဒါပေမဲ့ မီးတောက်ကို ဟန်ချက် ညီညီနဲ့ ပျံသန်းဖို့ကိုတော့ မင်းတို့ ထိုင်နေ မတ်တပ် ရပ်နေတာက ဟန်ချက် ညီဖို့လိုတယ် ထိုင်နေမယ် ဆိုရင်လည်း ဟန်ချက်ညီဖို့ လိုတယ် မဟုတ်ရင် မီးတောက်က ကိုယ်အလေးချိန် အလိုက် တစ်ဖက်စောင်းနင်းပြီး ပြုတ်ကျသွားလိမ့်မယ် ဘယ်သူမှ မီးတောက်ကို ပျံဖို့ မစေခိုင်းပါနဲ့အုံး ဟန်ချက်ညီတာကို ပြောပေးဖို့ အိုး!! သွားပြီ!"
ဆရာက မပျံသေးတဲ့ ဆိုပေမဲ့ တချို့မီးတောက်ထဲ ဝင်ပြီးသူတွေက ပျံသန်းနေကြပြီ ဖြစ်ကာ ဒါလေးဝင်နေသော မီးတောက်မှ စတင် ပျံသန်းနေပြီ ဖြစ်သည်။ ဆရာဂျက်က
"မင်းတို့ တောက်လောင်စေတဲ့ မီးတွေကို မီးငြိမ်းကျိန်စာနဲ့ မြန်မြန် ငြိမ်းလိုက်ပါ အဝေးကြီး မပျံသန်းခင် ငြိမ်းလိုက်ဖို့ ပြောချင်တယ်"
"စကျူးရယ်လန်"
တချို့ ပျံတက်လာသော ကျောင်းသားတချို့က မီးငြိမ်း ဂါထာရွတ်ဆိုပြီး မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်သွားသော်လည်း ဒါလေးက တဖြည်းဖြည်းနှင့် အပေါ်သို့ မြင့်တက် ပျံသန်းလာသည်။ အောက်သို့ ဆင်းရန် ရည်ရွယ်၍ ခြေထောက်တွေကို လှုပ်ရှားလိုက်ရာ မီးတောက်က ပို၍ အားကောင်းလာပြီး ဟိုမှ ဒီမှ ခပ်မြန်မြန် ယိမ်းထိုး ရွေ့လျားသွားသည်။ ဒါလေးက အောက်ဆင်းဖို့ လိုက်လေ မီးတောက်က မငြိမ်မသက် ရွေ့လျားလေဖြင့် ကျောင်းခေါင်မိုး ထိပ်သို့ ရောက်လာသည်။ ပြီးနောက် ဒါလေး လက်ဖြင့် ထိလိုက်ကာ ခုန်ဆင်းဖို့ ကြိုးစားတော့ မီးတောက်က ပိုပြီး လျင်မြန်စွာဖြင့် ပျံသန်းသွားပြီး ချောက်ကမ်းပါး နားသို့ ရောက်သွားသည်။ ဆရာဂျက်က ဒါလေးကို လက်သန်းဖြင့် ညွှန်ပြီး စကျူး ရယ်လန် ကျိန်စာကို ရွတ်ဆိုသော်လည်း မီးတောက်က ရှောင်ရှားပြီး ကျောင်းခေါင်မိုးမှ ဖြတ်ကာ ချောက်ကမ်းပါး အပြင်ဘက်သို့ ရောက်လာသည်။
"ကယ်ကြပါအုံး ကယ်ကြပါ အား!!!"
ဒါလေး ဇောချွေးတွေ ပြန်လာပြီး မီးတောက်အတွင်းမှ အော်ခေါ်မိတော့သည်။ ဒါလေး၏ မီးတောက် ရွေ့လျားမှုက မြန်သည်ထက် မြန်လာပြီး ကျောင်းဝန်းအတွင်း လှည့်ပတ်ပြီး ပျံလိုက် ချောက်ကမ်းပါးနားသို့ ရောက်လိုက်ဖြင့် ဖြစ်နေသည်။ အတန်းဖော်များက ဒါလေးကို အော်ဟစ်ကာ လိုက်ခေါ်နေကြ၏။ နယ်လီက စိုးရိမ်တကြီး ဖြစ်နေပြီး ဒရက်က မီးတောက် အတွင်းမှ မော့ကြည့်နေသည်။
"ဒါဒါလေး! စိတ်လျော့ထား ဒီမီးတောက်က သမီးစိတ်ထဲကနေ ဖန်တီးထားတာ သမီးပိုင်တယ် သမီးစိတ်ထဲမှာ မတည်ငြိမ်လို့ သူကလည်း လိုက်ပြီး လှုပ်ရှားနေတာ ဒီမီးတောက်ကို သမီးဖယ်ရှားလို့ ရတယ် မကြောက်နဲ့"
ဆရာဂျက်ပြောတာကို ဘာမှန်း မသိပေမဲ့ ဒီမီးတောက်ကို မရှိစေချင်တော့သော ဆန္ဒ ဖြစ်လာပြီး
"မရှိနဲ့တော့ မင်းသွားတော့!"
စိတ်အတွင်းမှ အမိန့်ပေးသည် သာမက ပါးစပ်မှပါ အော်ပစ်လိုက်တော့ မီးတောက်က ရုတ်တရက် ပျောက်ကွယ်သွားပြီး
"အား!!!."
မြေပြင်သို့ လက်လွှတ် ခြေလွှတ် ပြုတ်ကျလာတော့သည်။ မျက်စိကို စုံမှိတ် နားကို လက်ဖြင့် ပိတ်ကာ ကြမ်းတမ်းတဲ့ မြေပြင်ပေါ်သို့ ပြုတ်ကျပြီဟု တွေးမိသော်လည်း တစ်ယောက်ယောက်က ဆွဲခေါ်တာကို ခံလိုက်ရပြီး မျက်လုံးတွေ ဖွင့်ကြည့်တော့ ဒရက်!၊
ဒရက်က ဒါလေးကို လက်မောင်းနှစ်ဖက်မှ ဆုပ်ကိုင်ပြီး ကျောင်းခေါင်မိုးထပ်သို့ ခုန်ချလိုက်ပြီး မြေပြင်သို့ ပြန်ခုန်လိုက်တော့ ဒါလေးကို ဘာမှမထိခိုက်ပဲ သက်တောင့်သက်သာနှင့် မြေပြင်ပေါ်သို့ ပြန်ရောက်လာသည်။
"ဟူး! တော်ပါသေးရဲ့ မင်းဘာမှ မဖြစ်လို့ ဒီနေ့အတွက် သင်္ခန်းစာက ဒီလောက်ပါပဲ ဒါဒါလေး ကျောင်းဆေးခန်းကို သွားဖို့ လိုသေးလား"
ဆရာဂျက်က လာမေးတော့ ခေါင်းယမ်းလိုက်ပြီး ဒရက်ကို လှမ်းကြည့်တော့ ဒရက်က ဒါလေးနှင့် အတော်ဝေးဝေးသို့ ရွေ့သွားသည်။ အတန်းဆင်းသွားပြီမို့ ကျောင်းသားတွေ အားလုံးက ကျောင်းဆောင်သို့ ပြန်ရန် ပြင်ကြစဉ်
"ကျေးဇူးပါ ဒရက်"
"ရပါတယ် မင်းက ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ရဲ့ တစ်တန်းတည်းသားတွေပဲ"
"ဒါပေမဲ့ တခြားသူတွေက ငါ့ကို အဲ့လို တွေးချင်မှ တွေးမှာလေ"
ဒရက်က အတော်ဝေးဝေးမှ သူမ၏ လွယ်အိတ်နှင့် စာအုပ်တွေကို လက်သန်းအစွပ်ဖြင့် ဝှေ့ယမ်းလိုက်ပြီး
"စတန်း ဖော်ဒါ"
လွယ်အိတ်က ပျံသန်းလာပြီး ဒရက်လက်အတွင်းသို့ ရောက်လာ၏။ နယ်လီက မျက်နှာ မှုန်မှုန်ဖြင့် အနားတိုးလာပြီး
"ဒါက ငါတို့ကို မသင်ရသေးတဲ့ မှော်ဂါထာ မဟုတ်လား"
ဒရက်က နယ်လီကို စိတ်ရှုပ်သလို လှမ်းကြည့်လိုက်ပြီးမှ
"ဟုတ်တယ် ဒါပေမဲ့ ငါ့ရဲ့ မွေးရာပါ ပါရမီက စာဖတ်တာပဲ အထူးတလည် သင်ကြားဖို့ မလိုပဲနဲ့ မှော်ဂါထာတွေကို သိနေတယ် အဲ့တာကြောင့် ငါ့မိဘတွေက ငါ့ကို ကျောင်းမထားပဲ နေခဲ့တာ အခု ငါ့အသက် ဆယ့်နှစ်နှစ်မှာမှ ကျောင်းထားတော့ ကိုးနှစ်သားတွေထက် သာနေတာ အံ့သြစရာတော့ မရှိပါဘူး"
"ဒရက် မင်းငါ့ကို စိတ်ဆိုးနေသေးတာလား"
"မှော်မရှိတွေ လောကမှာ လိမ်တာကို အထူးတလည် ကန့်ကွက်ထားတယ်ဆို မင်းက ကျတော့ မင်းက မင်းသူငယ်ချင်းကို လိမ်တယ်! ငါ လိမ်တဲ့သူတွေနဲ့ မပေါင်းဘူး"
"ကောင်းတယ် မပေါင်းနဲ့! ငါ့လို မှော်သွေးပါတယ် ဆိုရုံနဲ့ မှော်ကျိန်စာတောင် အသက်မသွင်းနိုင်တဲ့ ငါ့မိဘက ဘယ်သူမှန်းတောင် မသိတဲ့ ဘာမှမသိ ဘာမှမတတ် ဘာမှနားမလည်တဲ့ သူငယ်ချင်းမျိုး မရှိတာ မင်းကံကောင်းပါတယ်"
ဒရက်က ကြောင်အသွားစဉ်မှာပဲ သူ့လက်ထဲက စာအုပ်တွေ ပြုတ်ကျသွားအောင် တွန်းတိုက်လိုက်ပြီး ဘေးနားကနေ ဖြတ်လျှောက် လာခဲ့သည်။ နွယ်ပင် စားသောက်ခန်းထဲသို့ ဝင်တော့ ဒရက်ကို သူမက လှမ်းအကြည့် ဒရက်ကလည်း သူမကို ကြည့်နေတာနဲ့ တိုက်ဆိုင်သွားပြီး ဒရက်က သွေးရည် နီနီတွေကို မော့သောက်ပြသည်။ ထိုမြင်ကွင်းကို စိတ်ဆိုးစွာဖြင့် လက်ထဲမှာ ကိုင်ထားသည့် ကြက်ပေါင်ကို တစ်စစီ ဖဲ့ရွဲ့နေမိသည်။ စားသောက်ချိန် မပြီးသေးခင်မှာပဲ စားပွဲမှ ထရပ်လိုက်ကာ ဆယ်ဆာဗန် ရေကန်နားမှ ပန်းပင်ပေါက်ငယ်များ ရှိတဲ့ နေရာသို့ လာခဲ့မိသည်။
"မင်း စိတ်ညစ်နေတယ် မဟုတ်လား မင်းရဲ့ ခန္ဓာကိုယ်က အပူငွေ့တွေ ပျံနေတယ်"
ပန်းပင်ပေါက်ငယ်လေး တစ်ပင်က စကားလှမ်းပြောလိုက် သည်တွင် ခေါင်းညိတ်လိုက်မိပြီး
"ငါ့သူငယ်ချင်းက ငါ့ကို အထင်လွဲသွားတယ် တကယ်က ငါသူ့ကို လိမ်တာမှ မဟုတ်တာ ငါကိုယ်တိုင်တောင် သေချာ မသိသေးတဲ့ ကိစ္စကို သူ့ကို ဘယ်လို ပြောပြနိုင်မှာလဲ ပြီးတော့ ဘယ်သူကများ သူငယ်ချင်းကို ညာချင်မှာလဲ အထူးသဖြင့် ငါ့ကို စိတ်ကော လူကော နှစ်ပြီး ကူညီတဲ့ သူငယ်ချင်းကို ညာဖို့ အတွေးတောင် မရှိပါဘူး"
"မင်းသူ့ကို သေချာရှင်းပြဖို့ ကြိုးစားသင့်တယ်"
ပန်းပင်ပေါက် တစ်ပင်က ထပြောလိုက်တော့ ဒါလေး ခေါင်းခါယမ်း လိုက်မိပြီး
"ငါကြိုးစားသေးတယ် ဒါပေမဲ့ သူက ငါပြောတာကို နားမထောင်ပဲနဲ့ ငါ့ကို စွပ်စွဲလို့ ငါလည်း စိတ်ဆိုးပြီး သူနဲ့ အပေါင်းသင်း မလုပ်တော့ဘူး လို့ ပြောခဲ့တယ်"
"ငါတို့ ကူညီနိုင်တာလည်း မရှိဘူး မင်း ကံကောင်းပါစေ"
"ဟေး!! ဒါလေး ဒီမှာ ဘာလုပ်နေတာလဲ ပန်းပင်ပေါက်တွေနဲ့ စကားပြောနေတာလား ကောင်းတာလည်း ဘာမှ မရှိပဲနဲ့ လာခဲ့ ကျောင်းပြတိုက်ကို သွားရအောင် ဒါဒါပြပွဲ ရှိတယ် အကြီးတန်းက ကျောင်းသားတွေ လုပ်ကြမှာ မင်းသွားကြည့်သင့်တယ် သူမက မင်းအမေလို့ ထင်ရတဲ့ သူလေ"
နယ်လီက ပြောပြီး ဒါလေးကို လက်ကနေ ဆွဲကာ ပြောတော့
"ဒါဒါ ပြပွဲ ဆိုတာ ဘာကို ပြောတာလဲ"
"ဒါဒါ ပြပွဲ ဆိုတာ အရင်တုန်းက ဒီကျောင်းမှာ ကျောင်းတက်ဖူးတဲ့ သူရဲကောင်းဆန်တဲ့ အမျိုးသမီးရဲ့ အကြောင်းကို ပြောပြတဲ့ ပွဲလုပ်တာ ခါတိုင်းဆိုရင်တော့ ဒီပွဲကို မလုပ်ပါဘူး ဒီနေ့လုပ်ကြတာက မင်းအဖေ ရှိနေလို့ လုပ်ကြတာ နေမှာ ဆရာမ တော်တော် များများက မင်းအဖေကို မျက်နှာလုပ်ချင်ကြတယ်လေ"
"သူက ငါ့အဖေမဟုတ်ဘူး ဆိုတာ မင်းသိပြီးသား မဟုတ်လား ဘာလို့"
"မင်းကို ငါနားလည်ပါတယ် ဒါပေမဲ့ ဒရက်ကတော့ စိတ်ဆိုးနေတယ် ထင်တယ် သူက"
"ငါသူ့ကို ဂရုမစိုက်ပါဘူး ဟိုနေ့က ဆရာကြီးပြောတာ ကြားလိုက်တယ် မဟုတ်လား ငါက ကျောင်းကို ဒုက္ခ ရောက်စေနိုင်တယ်တဲ့ အဲ့တာက တကယ်မဟုတ်ပါစေနဲ့လို့ ဆုတောင်းနေတာ"
"မင်းက တစ်ယောက်ယောက်ရဲ့ သမီးဆိုရင် ပြောတာပါ"
"ငါတို့ နောက်ကျနေပြီ သွားစို့လေ"
ကျောင်းပြတိုက် အပေါ်ထပ်တွင် ကျောင်းသူ ကျောင်းသားမှာ စုဝေးနေကြပြီး ဆရာမများက ရှေ့တန်းတွင် နေရာယူထားကြသည်။ ထိုင်ခုံကိုယ်စီဖြင့် ထိုင်နေကြပြီး စင်ပေါ်တွင် အတော်အတန် ချောမောလှပသော ကျောင်းသူတစ်ဦးက မတ်တပ်ရပ်ကာ စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး ရှက်သလို အမူအယာဖြင့် တစ်နေရာသို့ လှမ်းကြည့်သည်။ သူကြည့်လိုက်သော နေရာကို လှမ်းကြည့်လိုက်တော့ ဖေဖေဇော်ဂန်၊
အမျိုးသမီး တော်တော်များများကလည်း ဂရုတစိုက်ဖြင့် ကြည့်နေကြပြီး ထူးခြားသော အပြုအမူတွေကို ပြုလုပ်နေကြသည်။
"သူတို့က မသိရင် မင်းအဖေကို အစားအသောက်တစ်ခုခု စားချင်သလို ကြည့်နေတာနော်"
နယ်လီက မျက်နှာကို မဲ့ရင်း ပြောသည်တွင်
"မင်းက အသက်ဘယ်လောက်လဲ နယ်လီ"
"ဆယ့်လေး"
"ဆယ့်လေး!! မယုံနိုင်စရာပဲ"
ဒါလေး၏ ရင်ဘတ်လောက်သာ ရှိသော အရပ်ဖြင့် မျက်လုံးပြူးပြူး ဝိုင်းဝိုင်း နားရွက် ချွန်ချွန် ဂါဝန် ပန်းရောင်လေးနှင့် နယ်လီက အသက် ဆယ့်လေးနှစ် ဆိုတော့ တအံ့တသြ ဖြစ်သွားမိသည်။
"ငါက ကျောင်းတက် နောက်ကျတာနဲ့ ပတ်သတ်ပြီး ပြောမလို့လား မနှစ်က ငါ ဒီထက်ပိုပြီး သေးတယ် အဲ့တာကြောင့် ကျောင်းသားတွေ င့ါကို နိုင်စားကြမှာ စိုးလို့ ငါ့အမေက ငါ့ကို ကျောင်း မပို့တာ"
"ကောင်းပြီလေ မင်းကို ဘယ်သူမှ နိုင်စားဖို့ ငါခွင့်မပြုပါဘူး"
"ကျေးဇူးပါ မင်းလို သူငယ်ချင်း ရတာ တကယ်ကျေနပ်ဖို့ ကောင်းတယ်"
"မလိုပါဘူး ငါ့လို ဘာမှမသိတဲ့သူကို ခင်နေတာကမှ ငါ့အတွက် ကျေနပ်ဖို့ကောင်းတာ"
"အားလုံး! တိတ်တိတ်နေပေးလို့ ရမလား"
စင်ပေါ်သို့ ဆရာမ ဖလိုင်းက တက်သွားပြီး အော်ပြောလိုက်သည်နှင့် ပြတိုက်အတွင်းတွင် ဝင်ထိုင်နေကြသော ကျောင်းသားများထံမှ တီးတိုးလေသံများ တိတ်ဆိတ်သွားကြသည်။
"ဒီနေ့မှာ ကျွန်မတို့ ကျောင်းကြီးကို ကာကွယ်ပေးသွားတဲ့ ခေါင်းဆောင် တစ်ဦးအကြောင်းကို ဖတ်ပြပေးမှာ ဖြစ်ပါတယ် ပြီးတော့ သူနဲ့ ပတ်သတ်တဲ့ ပစ္စည်းလေးတွေကို ထုတ်ပြီး ပြသပေးမှာ ဖြစ်ပါတယ် ပုံမှန် ဆိုရင်တော့ သူဆုံးတဲ့ နှစ်ပတ်လည်နေ့မှာ လုပ်တာ ဆိုပေမဲ့ ဒီနှစ်မှာတော့ ထူးထူးဆန်းဆန်း ကျောင်းမှာ ဧည့်သည် ရောက်နေတယ် ဆိုတော့ နှစ်ပတ်လည်နေ့ မတိုင်ခင် ဒီနေ့မှာ ပြုလုပ်တာဖြစ်ပါတယ် သူ့အကြောင်းကို ဖတ်ပြနေစဉ်မှာ အသံမထွက်ကြဖို့ မျှော်လင့်ပါတယ်"
ပြတိုက် တစ်ခုလုံး ပိုမို အေးစက် သွားသလို ခံစားလိုက်ရသည်။ ဒါလေး မသိသေးသော အမေ့အကြောင်းကို သိရတော့မည် ဆိုတော့ ရင်ထဲမှ နှလုံးခုန်သံက တိတ်ဆိတ်နေမှု ကြားမှ အသံမြည်လာတော့ မလောက် ဆူညံနေသလို ခံစားလိုက်ရသည်။
"ရေလယ်ကျောင်းရဲ့ ဆရာ ဆရာမများနဲ့ ကျောင်းသူ ကျောင်းသားများ ပြီးတော့ ဒီနေ့အတွက် အထူး ဧည့်သည်တော်တစ်ဦး အပါအဝင် ပထမနှစ် ကျောင်းသူ ကျောင်းသားများ မင်္ဂလာပါ"
စင်ပေါ်ရှိ ကျောင်းသူမှ စတင် မိတ်ဆက်လိုက်သည်နှင့် ဆရာမ ဖလိုင်းက စင်ပေါ်ရှိ သေးငယ်သော ထိုင်ခုံလေးပေါ်တွင် ဝင်ထိုင်လိုက်ပြီး လက်ညိုးလေးကို ဝှေ့ယမ်းလိုက်ရာ ပန်းချီကား တစ်ချပ်က ကျလာသည်။ ပန်းချီကားကို မှန်ဘောင်မှ ဆွဲထုတ် လိုက်သည်နှင့် ပန်းချီကား အတွင်းမှ အရိပ်သဏ္ဍာန် မိန်းကလေး တစ်ဦးက ထွက်လာပြီး ဟန်ကျ ပန်ကျ ခါးထောက်လိုက် ပြီးတော့ ဘေးသို့ ယိမ်းလိုက်ဖြင့် ဟန်ပြင်နေ၏။
*မှော်လောက၏ ပန်းချီကားချပ်တိုင်းသည် ပန်းချီကားကို မှန်ဘောင်မှ ဆွဲထုတ်သည်နှင့် ပန်းချီကားအတွင်းရှိ ပုံရိပ်သည် အရိပ်သဏ္ဍာန်ဖြင့် အပြင်သို့ ထွက်လာပြီး လှုပ်ရှားလေ့ ရှိကာ မှန်ဘောင်သွင်းမှသာ ထိုအရိပ်က ပြန်လည် ပျောက်ကွယ် သွားလေ့ရှိသည်။*
"ဒီပန်းချီကားကို သူမအသက် ဆယ်နှစ်မှာ မှော်ဝင်နွယ်ပန်း စံအိမ်မှာ ဆွဲထားတာ ဖြစ်ပြီး အဲ့ကတည်းက သူမက ကျောင်းမှာ ထူးခြား ကျောင်းသူ စာရင်းဝင်ဖြစ်ခဲ့ပါတယ်"
ကျောင်းသူ ပြောသွားတဲ့ အသံကို လေတိုးသံလောက်သာ ကြားရပြီး ထိုမိန်းကလေး ဓာတ်ပုံကိုသာ မမှိတ်မသုန် စိုက်ကြည့် နေမိသည်။ ပန်းချီကားထဲမှ သူမက ဒါဒါလေး အမေ၊ သွက်လက်ရဲရင့်ခြင်းတွေ မျက်နှာမှာ ထင်ရှားစွာ ပေါ်လွင်နေသော သူမက ဒါလေးအမေ၊
နောက်ထပ် ပန်းချီကား တစ်ချပ်တွင် သူမက အသက် ဆယ်ငါးနှစ် အရွယ် ဖြစ်သွားပြီး ဘေးနားတွင် ကောင်လေး တစ်ဦးက ခပ်တည်တည် ရပ်နေသည်။ သူမကတော့ ထိုကောင်လေးကို လက်သွားချိတ်ထားပြီး ထိုကောင်လေးကို စနောက်နေသေးသည်။ ထိုကောင်လေး ဆိုတာက ဖေဖေဇော်ဂန် ဖြစ်နိုင်တယ် ဆိုတာကတော့ လက်မှာ စွပ်ထားသော မီးခိုးရောင် လက်အစွပ်လေးက ဖော်ပြနေပြီး မရယ်မပြုံးမျက်နှာမှလည်း သိသာသည်။ ဖေဖေဇော်ဂန်အား မသိမသာ ကြည့်လိုက်တော့ ထိုပုံကို တစ်စိုက်မတ်မတ် ကြည့်နေတာ တစ်လောကလုံးကို မေ့နေသလား၊
"ဒါကတော့ မှော်လောကမှာ လူတိုင်း နီးပါး သိရှိပြီးသား ဖြစ်မဲ့ မှော်လောက စောင့်ရှောက်သူ ခေါင်းဆောင် အဲ့တုန်းကတော့ ခေါင်းဆောင် အဖြစ် လျာထားခံရသူနဲ့ မှော်အုပ်ချုပ်သူ ဖြစ်လာမယ်လို့ လျာထားခံရတဲ့ သူမ သူမ ဆိုတာက ဒါဒါဆိုတဲ့ မှော်လောကရဲ့ နောက်ဆုံး ရေခဲလက်အစွပ် ပိုင်ရှင် နဲ့အတူတူ အထက်တန်း ကျောင်းဆင်းပွဲမှာ အမှတ်တရ ပန်းချီဆွဲထားတာပါ ဒီပန်းချီကားကိုတော့ လက်ရှိမှော်လောက စောင့်ရှောက်သူ ခေါင်းဆောင်က ကျောင်းကို လှုဒါန်းထားတာပါ"
နောက်ထပ် ပန်းချီကားတစ်ချပ် ပေါ်လာတော့ ဒါဒါလေး ငိုချင်သွားသည်။ ရဲရင့်ဝေစီနေသော အပြုံးများနဲ့ အမေက အဖေ ဖြစ်ဟန်တူသော သူကို ငေးကြည့်လိုက် အရှေ့သို့ လှည့်လာလိုက်ဖြင့် ပြီးတော့ ရေခဲလက်အစွပ် ဝတ်ထားသည့် လက်ကလေးက ဆူမို့ဖောင်းနေသော ဝမ်းဗိုက်ကို ထိန်းကိုင်ထားသည်။ ပြီးတော့ တစ်ချက် တစ်ချက် တယုတယ ငုံ့ကြည့်နေတာများ တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်နေသော မျက်နှာလေးနှင့်၊
"ဒါကတော့ ကျောင်းကို နောက်ဆုံး ရောက်လာတဲ့ အချိန်မှာ ဆရာဗန်ရဲ့ လက်ရာကို အပြီးတိုင် လိုချင်လို့ ဆိုပြီး တောင်းဆိုလို့ ဆရာဗန်က ဆွဲပေးခဲ့တာပါ ဒါပေမဲ့ ဒီပန်းချီကားချပ်လေးကို သူမက မယူသွားနိုင်ခဲ့ပါဘူး ကျောင်းကို ကာကွယ်ဖို့ အတွက် ဒီဝတ်စုံလေးနဲ့ပဲ အသက်ပေးသွားခဲ့ရပါတယ် ပိုပြီး ဝမ်းနည်းဖို့ ကောင်းတာက သူမ ဗိုက်ထဲက ကလေးငယ်လေးလည်း ဆုံးရှုံးသွားခဲ့ပါတယ်"
တချို့ကျောင်းသူတွေက မျက်ရည်မခိုင်သလို မျက်ရည်တွေ ကျလာကြသည်။ ထိုပန်းချီကားတွေကို သိမ်းလိုက်ပြီးမှ စင်ပေါ်မှ ကျောင်းသူက စာအုပ်ကို ဖွင့်လိုက်ကာ
"မင်္ဂလာပါ အခုကနေ စလို့ သူမရဲ့ အတ္ထုပတ္တိကို ဖတ်ကြားပေးမှာ ဖြစ်ပါတယ်"
တိတ်ဆိတ်တာထက် အေးစက်သည့် ဘက်သို့ ရောက်သွားသော ပတ်ဝန်းကျင်ကို လိုက်ကြည့်မိတော့ မီးဆိုင်းမှ မီးလင်းငါးများပင် အရောင်တွေကို မှိတ်လိုက် ဖွင့်လိုက်မလုပ်ပဲ နားထောင်နေကြတာကို တွေ့ရသည်။
"သူမက ယခင်မှော်လောက အုပ်ချုပ်သူရဲ့ သမီးဖြစ်ပြီးတော့ ရဲရင့်သော ဒါဒါ လို့ ခေါ်ရလောက်အောင် ငယ်ကတည်းက ထက်မြက် ရဲရင့်ပါတယ် သူမမှာ ငယ်ကတည်းက သူငယ်ချင်း တစ်ဦးရှိပြီးတော့ အဲ့ဒီသူငယ်ချင်းနာမည်က ဇော်ဂန်ပါ သူမအကြောင်း ပြောရမယ် ဆိုရင် သူမရဲ့ သူငယ်ချင်း အကြောင်းကလည်း မပါမပြီးပါ မွေးဖွားလာပြီးကတည်းက သူမက မှော်လက်အစွပ် မပါပဲနဲ့တောင်မှ မှော်ဂါထာတွေကို အသက်သွင်းနိုင်တဲ့ အထိ စွမ်းအား ကြီးမားခဲ့ပါတယ် သူမ အသက် ငါးနှစ်မှာ သူမအဖေက လိုတရ တောအုပ်ကို သွားပြီးတော့ လက်အစွပ် တောင်းခံခဲ့ပါတယ် ငါးနှစ်အရွယ် ဆိုတော့ အရမ်းကို ငယ်ရွယ်သေးတဲ့ အရွယ်ဖြစ်တယ် ဆိုတာ ဒီမှာ ရှိတဲ့ သူတွေ အားလုံးသိမှာပါ သူမမှာ ထူးခြားတဲ့ ပါရမီတွေ ပြည့်နှက်နေခဲ့ပြီးတော့ မှော်လောကရဲ့ အုပ်ချုပ်သူ နေရာကို လျာထားခြင်း ခံရတဲ့အတွက် သိပ်ကို အန္တာရာယ်များခဲ့ပါတယ် ဒါပေမဲ့ သူမ တစ်ဘဝလုံး အဲ့ဒီအန္တာရာယ်တွေကို ရဲရင့်စွာ တိုက်ခိုက်သွားခဲ့ပြီး နောက်ဆုံး သေဆုံးတဲ့ ပြီးတဲ့ အထိတောင်မှ သူမရဲ့နာမည်က သမိုင်းဝင်ခဲ့ပါတယ်"
တခြားသူတွေက စိတ်ပါဝင်စားစွာ နားထောင်နေကြပေမဲ့ ဒါဒါလေး ကတော့ ဆက်ပြီး နားထောင်ဖို့ ခက်ခဲစွာ ထိုင်နေရာမှ ထရပ်လိုက်ပြီး ကျောင်းပြတိုက် ခန်းမကနေ ထွက်လာခဲ့လိုက်သည်။ အမေနဲ့ ဒါလေးက ဘာလို့ တစ်ခုမှ မတူညီရတာလဲ၊ အမေက အမြဲတမ်း ရဲရင့်နေပြီးတော့ ဒါလေးက အမြဲတမ်း ကြောက်ရွံ့တတ်သည်။ အမေက အပြုံးတစ်ခုချင်းကို ပိုင်ပိုင်နိုင်နိုင် ရဲဝံ့စွာ ပြုံးနိုင်ပြီး ဒါလေးက ဘာလို့များ အပြုံးတစ်ခု ဖန်တီးဖို့တောင် မဝံ့ရဲရတာလဲ၊ မေးခွန်းတွေသာ ထွက်လာပြီး အဖြေက မရှိတော့ ပင်ပန်းစွာ သက်ပြင်းချ လိုက်မိသည်။
ကျောင်းပြတိုက်ရဲ့ အတော်ဝေးဝေးသို့ ရောက်လာသဖြင့် ဘာအသံမှ မကြားရပဲ ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ ပန်းပင်တွေတောင် စကားမပြောပဲ တိတ်ဆိတ်နေ၏။ မိုးကောင်းကင်က လျှပ်ရောင်တွေ ဝင်းဝင်း လက်လက်ဖြစ်နေသည်။ မိုးရွာတော့မလား၊
"မင်းအဲ့မှာ ဘာလုပ်နေတာလဲ"
အနောက်မှ လှမ်းမေးလိုက်တဲ့ အသံကြောင့် လှည့်ကြည့်လိုက်တော့ ဒရက်၊ အခုကျတော့ ဒရက်က ရန်လိုဟန် ဒေါသထွက်ဟန်တွေ မရှိပဲ၊
"မင်းအမေအကြောင်း ဖတ်ပြနေတာ မဟုတ်လား နားမထောင်ပဲနဲ့ ဒီမှာ ဘာလာလုပ်တာလဲ"
မေးလာတော့ ဖြေဖို့ ကြိုးစားရသည်။
"နားမထောင် နိုင်တော့လို့ စကားသုံးခွန်းမှာ တစ်ခွန်းက ငါ့အမေသေတာကို ပြောနေတော့"
"ငါနားလည်တယ် မင်းမကြားရဲတော့တာ အရင်ရက်တွေတုန်းက ကိစ္စကို တောင်းပန်ပါတယ် ငါ အတွေးမှားသွားတယ်"
"ငါလည်း မင်းကို သေချာ မရှင်းပြမိဘူး ငါလည်း တောင်းပန်ပါတယ် မင်းကို စိတ်တိုမိတယ်"
နှစ်ယောက်သား ရယ်မော မိကြပြီးမှ ဒရက်က အနားတွင် ဝင်လာထိုင်သည်။ ဒါလေးက မိုးကောင်းကင်ကို မော့ကြည့်လိုက်ပြီး
"မိုးရွာတော့မယ် ထင်တယ်နော်"
ဒရက်ကပါ ကောင်းကင်သို့ မော့ကြည့်လိုက်ပြီးမှ ခေါင်းခါယမ်းလိုက်ကာ
"ရေလယ်ကျွန်းရဲ့ ဒဏ္ဍာရီသာ အမှန်ဆိုရင် ဒီအခြေအနေက မိုးရွာတာ မဟုတ်ဘူး"
"ဘယ်လို ဒဏ္ဍာရီမျိုးလဲ"
"မိုးရာသီမဟုတ်ပဲနဲ့ လျှပ်ပစ်တာက ရေလယ်ကျွန်းကို မဖိတ်ခေါ်ပဲ ရောက်လာတဲ့ ဧည့်သည်ကို ကြိုဆိုတာလို့ ဆိုထားတယ် မှန်လား မှားလား ဆိုတာတော့ သိပ်မကြာခင် တွေ့မှာပေါ့"
"ဒရက်က မင်းက ဘာလို့ အဲ့တာတွေကို သိနေတာလဲ"
"စာဖတ်လို့ မင်းက စာလည်း ဘယ်တော့မှ မဖတ်တာ ဘယ်လို သိမလဲ"
ဒါကို ပြောတော့ ဒါလေး နှုတ်ခမ်းစူမိတော့ မတတ် ဖြစ်သွားပြီး မျက်စောင်းထိုးလိုက်ကာ
"စာဖတ်မှ အသက်ရှင်လို့ ရမယ် ဆိုရင် ငါက သေမှာပဲ ငါ ငယ်ငယ် ကတည်းက စာဖတ်လို့ မရဘူး စာလုံးတွေက ငါ့ကို လှောင်ပြောင်ကြတယ်"
"စာလုံးတွေ အသက်ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး ဒါက ဘယ်လို အကြောင်းရာမျိုးလဲ စာလုံးတွေကို ဘယ်မှော်ပညာရှင်မှ အသက်မသွင်းခဲ့ပါဘူး"
"ဝေါ ဝရော ဒလိမ်း ဂျိမ်း"
တိမ်မည်းတစ်လိပ်က ကျောင်းဝန်းအတွင်းသို့ ဝင်လာသည်။ ထိုတိမ်မည်းတွေ ဝင်လာသည်ကို ငေးကြည့်နေစဉ်မှာပင် ဖေဖေဇော်ဂန်မှ ဒါဒါလေး ရှေ့သို့ ရုတ်တရက် ရောက်လာပြီး ဒရက်ကို တစ်ချက်ငဲ့ကြည့်ကာ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ခပ်တိုးတိုး ရေရွယ်လိုက်တာက
"မှော်လောက အုပ်ချုပ်သူ ဂိုးလ်!!"
@@@@@@@@@@@@@@@@@@