(အပိုင်း-၄)
ရေကန်မှ ထွက်လာပြီး ရေကန်အလယ်တွင် ရှိသော ကျွန်းလေးပေါ်သို့ ရောက်သွားတော့ သစ်ပင်တွေ ဝိုင်းဝန်းလျက် ရှိနေပြီး ထိုသစ်ပင်များက အစိမ်းရောင် ရွှေရောင် မီးခိုးရောင် လက်အစွပ်များကို ပုံစံအမျိုးမျိုးဖြင့် အကိုင်းခတ်များတွင် ချိတ်ထားကြပြီး သစ်ပင်ရှေ့တွင် ရပ်လိုက်သော ကလေးငယ်များအား လက်အစွပ်တစ်ခုစီဖြင့် စမ်းသပ်ပြီး စွပ်ပေးနေကြ၏။ ထိုကလေးငယ်များက လက်တွင်စွပ်လိုက်သော လက်အစွပ်ကို ငုံ့ကြည့်ကာ မှော်ဂါထာများ ရွတ်ဆိုလျက် ပျော်ရွင်စွာ ပျောက်ကွယ် သွားကြသည်။
"ဒါက ဘာနေရာလဲ မေမေသော်တာ"
"ဒါက လက်အစွပ် ရွေးချယ်ခံ ရတဲ့ နေရာ ရွှေရောင်လက်စွပ် ဆိုရင် အတော်ဆုံး မှော်လောက အစောင့်ရှောက် ဖြစ်လာဖို့ အတွက် သစ်ပင်အိုတွေက ရွေးချယ်တယ် ရွှေရောင်လက်အစွပ် ပိုင်ရှင်တွေက ခက်ထန်ကြတယ် မီးခိုးရောင် လက်အစွပ်က မှော်လောက အစောင့်ရှောက်တွေကို အုပ်ချုပ်တဲ့သူ ဖြစ်လေ့ ရှိကြတယ် ထက်မြက်တယ် ပါးနပ်တယ် ပြီးတော့ ရင်ဆိုင်ဖို့ သတ္တိရှိကြတယ် အရောင်တွေ အများကြီး ရှိသလို အရောင်တစ်ခုချင်းစီက သူ့အနက်အဓိပ္ပါယ်နဲ့သူ ရှိကြတယ် ဒါပေမဲ့ အဓိကကတော့ အသုံးပြုတဲ့ လူကို လိုက်ပြီးမှ မှော်လက်အစွပ်တွေက မှော်ဝင် ဂါထာတွေကို အသက်သွင်းနိုင်ကြတာပါ လူက အဓိကပါပဲ"
"အဲ့ဒီလက်အစွပ်လေးတွေက ဒါလေး လည်ပင်းမှာ ဆွဲထားတဲ့ လက်အစွပ်လေးနဲ့ တူတယ်နော် ဒါပေမဲ့ ဒါက ဖန်လို ပုံစံမျိုး"
မေမေသော်တာက ဒါလေးကို ငုံ့ကြည့်ပြီး လည်ပင်းတွင် ရှိသော ဆွဲကြိုးလေးကို လှမ်းကိုင်လိုက်ကာ
"ဒါက ဖန်မဟုတ်ပါဘူး ရေခဲ လက်အစွပ်ပါ အေးမြတယ် အစွမ်းထက်တယ် ပြီးတော့ ရှားပါးတယ် မှော်ဝင်ရေခဲ လက်အစွပ်ကို ရတဲ့ သူက သမိုင်းဝင်တယ် တကယ်လို့သာ မှော်ဝင်ရေခဲလက်အစွပ်ကို ရပြီးရင်တောင်မှ ကိုယ့်မှာ ရှိတဲ့ စွမ်းအားက မှော်ဂါထာတွေကို အသက်သွင်းနိုင်စွမ်း လျော့နည်းနေရင် ရေခဲလက်အစွပ်က မာနကြီးပြီး ဂါထာတွေ အသက်မဝင်နိုင်ဘူး ပြီးတော့ အဲ့တာကြောင့်မို့ ရေခဲလက်အစွပ်ကို လိုချင်တဲ့ သူတွေ ရှိပေမဲ့ သူတို့ မယူရဲကြဘူး သမီးရဲ့ အမေကတော့ ရေခဲလက်အစွပ်ကို အသက် ဆယ်နှစ်ကတည်းက အသုံးပြုနိုင်တယ် သူက သမိုင်းဝင်တဲ့သူပါ ကျောင်းရောက်ရင် သမီးရဲ့အမေ ဘယ်သူလဲ ဆိုတာကို လူတိုင်းက သိကြလိမ့်မယ် ဒါပေမဲ့ အဲ့တာက သမီးရဲ့အမေပါလို့ ဘယ်သူ့ကိုမှ မပြောပြမိပါစေနဲ့ ကတိပေးပါ"
"ဘာလို့လဲ ဘာလို့ ပြောပြလို့ မရတာလဲ"
"သမီးမှာ အန္တာရာယ် ရှိလာမှာ စိုးလို့ပါ ကတိပေးပါ အချိန်တန်လာရင် ပြောပြလို့ ရသလို သမီးရဲ့ အမေကို ဂုဏ်ယူလို့လဲ ရပါတယ် အခုက အချိန်မတန်သေးလို့ပါ"
စိတ်ထဲမှာ သိပ်ပြီး သဘောမကျသော်လည်း ဒါလေး ခေါင်းညိတ်လိုက်ပြီး
"အချိန်က ဘယ်တော့မှ တန်မှာလဲ"
မေးလိုက်တာကို မေမေသော်တာက စိတ်မကောင်း ဖြစ်သွားပြီး နှစ်သိမ့်လိုသော ဟန်ဖြင့်
"အချိန်က မြန်ပါတယ် သူ့အလိုလို ရောက်လာမှာပါ ဟိုမှာ ဒါလေး အလှည့်ရောက်ပြီ သစ်ပင်တွေ ရှေ့ကို သွားလိုက်တော့"
မေမေသော်တာ ပြောသလိုမျိုး သစ်ပင်တွေ ရှေ့မှာ ရပ်လိုက်တော့ သစ်ပင်တွေ အားလုံးက ဒါလေးကို ဝိုင်းကြည့်လာပြီး
"ဒီမှော်သွေး မပါတဲ့ လူသားကို ငါတို့က မှော်လက်အစွပ် ပေးရမှာ သေချာပြီလား"
တစ်ပင်တစ်ပင်က ထပြောသည်တွင် ကျန်သော သစ်ပင်များက ဒါလေးကို စိုက်ကြည့်လာပြန်ကာ
"လူသား တစ်ဝက်ပါ မှော်သွေးပါတယ် တစ်ဝက် ဖြစ်နေတာ ထူးဆန်းလိုက်တာ မှော်သွေးက အသက်မဝင်ဘူး ဖြစ်နေတယ် မှော်လက်အစွပ်တွေကို ဒီကလေးက အသက်သွင်းနိုင်ပါ့မလား"
"ဒါလေး လုပ်နိုင်မှာပါ"
သူတို့ဖာသာ ပြောနေကြတာကို ဒါလေးက ဝင်ဖြေလိုက်တော့ အားလုံးကို ဒါလေးကို အုပ်မိုးပြီး ကြည့်လာကြပြီး သစ်ပင်တစ်ပင်မှ အကိုင်းလက်က ဒါလေးရဲ့ လည်ပင်းရှိ ရေခဲလက်အစွပ်ကို လှမ်းကိုင်လိုက်ကာ မျက်လုံးတွေ ပြူးကျယ်လာပြီး အနောက်သို့ ဆုပ်သွားကာ
"လူသေပြီးတော့ ရေခဲလက်အစွပ်က ကျန်နေတယ် အံ့သြစရာပဲ ဒါကို လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါကိုယ်တိုင်ပေးပြီးတော့ အစွမ်းထက်တဲ့ ကလေးမလေးကို ငါပေးခဲ့တာ လူက သေသွားပြီး ဒါက ကျန်နေတယ် မဖြစ်နိုင်တာ"
*မှော်စွမ်းအင်သုံး လက်ချောင်းအစွပ်သည် အသုံးပြုသူ သေဆုံးသည်နှင့် ပျောက်ကွယ်သွားရသော ပစ္စည်းဖြစ်ပြီး ချွင်းချက် အနေဖြင့် ထိုသေဆုံးသူ မှော်ပညာရှင်အား သတ်သူမှ ထိုလက်ချောင်းအစွပ်ကို ရယူလိုမှသာလျှင် မပျက်စီးပဲ ကျန်ရစ်သည့် အရာဖြစ်၏။ ထိုမှော်လက်ချောင်းအစွပ်များသည် ပိုင်ရှင်မှ လွဲလျှင် အမိန့်မနာခံသည့် သဘော ရှိသဖြင့် မည်သည့် မှော်ပညာရှင်မှ မိမိ၏ လက်ချောင်းအစွပ်မဟုတ်ပဲ ကိုင်ဆောင်ရန် ဝန်လေးကြသည်။*
ထိုသစ်ပင်က ပြောနေရင်း အသံတွေ အက်ရှလာကာ မျက်ရည်တွေ ကျလာပြီး ငိုကြွေးတော့၏။ တခြားသော သစ်ပင်များက ထိုသစ်ပင်ကို ဖက်ကာ လိုက်ငိုကြွေးကြသဖြင့် ဒါလေး မေမေသော်တာကို တစ်ချက် လှမ်းကြည့်လိုက်ကာ
"ဒါလေးက တစ်ခုခုနဲ့ လိုက်ဖက်မှု မရှိတော့ဘူး ဆိုရင်လည်း သွားတော့မယ်"
ဒါလေး စကား လှမ်းပြောလိုက်မှ သစ်ပင်တွေက မျက်ရည်တွေ သုတ်လိုက်ပြီး လက်အစွပ်တွေ ချိတ်ဆွဲမထားသော သစ်ပင်က ရှေ့တို့ အနည်းငယ် တိုးလာကာ
"မင်းအတွက် သင့်တော်တဲ့ လက်အစွပ်က မင်းဆီမှာ ရှိပြီးသားပါ ဒါကိုပဲ ငါတို့ ပြန်ပြီး ပြုပြင်ပေးလိုက်မယ်"
သစ်ကိုင်းလက် တစ်ခုက ဒါလေးရဲ့ ဆွဲကြိုးမှ လက်အစွပ်လေးကို ဆွဲယူလိုက်ကာသစ်ရွက်များဖြင့် ဖုံးအုပ်လိုက်တော့ အနီရောင် လက်အစွပ်လေး ဖြစ်သွားပြီး ဒါလေး၏လက်တွင် စွပ်လိုက်တော့ အရွယ်အစား သေးငယ်သွားပြီး လက်ချောင်းတွင် ကွက်တိလေး ဖြစ်နေ၏။
"အနီရောင် ဟုတ်လား လူသားတစ်ဝက်တွေ အတွက် သုံးတဲ့ လက်အစွပ်လေးပဲ ဒီကလေးက ဘယ်သူဆိုတာ သိနေရဲ့နဲ့လား"
အနီရောင်လက်ချောင်း အစွပ်သည် လူသားတစ်ဝက်တို့သာ အသုံးပြုရသော လက်အစွပ်ဖြစ်၏။
"သူ့ရဲ့ မှော်စွမ်းအား အသုံးပြုနိုင်ပုံကို လိုက်ပြီး ပြောင်းလဲ သွားပါလိမ့်မယ် သူ မှော်ဂါထာကို အသက်မသွင်းနိုင်ဘူး ဆိုရင်တော့ သူက ဘယ်သူပဲ ဖြစ်ဖြစ် ဒီလက်အစွပ်က အရောင်ပြောင်းနိုင်မှာ မဟုတ်ဘူး ဘာလို့လဲ ဆိုတော့ သူက လူသားတစ်ဝက်လေ ဒီမွန်း မျိုးနွယ် ဆိုရင်တောင် ငါတို့တွေ အဲ့ကလေးရဲ့ အနာဂတ်ကို ခန့်မှန်းလို့ရသေးတယ် သာမာန်လူသား တစ်ဝက် ဖြစ်နေတော့ ငါတို့ သစ်ပင်တွေက လူသားတစ်ဝက်တွေရဲ့ အနာဂတ်ကို ခန့်မှန်းလို့မရဘူး အဲ့တာကြောင့် ဒီလက်အစွပ်လေးကို အရောင်ပြောင်း နိုင်အောင်သာ ကြိုးစားပါ ကံကောင်းပါစေ တကယ်လို့ ကံမကုန်ဘူး ဆိုရင် ဒီလိုတရတောကို လာပါအုံးလို့ ဒီသစ်ပင်အိုကြီးက ဖိတ်ကြားပါတယ် ကလေးမ"
"သူ့မှာ ပါရမီ တစ်ခုမှ မပါဘူးလို့ ပြောနေတာလား"
မေမေသော်တာက မျက်နှာမကောင်းစွာဖြင့် မေးသည်တွင် သစ်ပင်တွေက အနောက်သို့ လှည့်သွားပြီး
"သူက သာမာန် လူသားတစ်ဦးလို့ ပြောနေတာပါ မျှော်လင့်ချက် ရှိတယ် အနာဂတ်ကို တစ်ချက်မှတောင် ကြိုမမြင်နိုင်ဘူး ငါတို့ လိုတရတောကနေ လိုနေတာမှန်သမျှကို ပေးပြီးပြီ ဆိုတော့ ကျောင်းတက်ဖို့ သွားတော့ ဒီနေ့က သင်္ဘောနောက်ဆုံးနေ့ပဲ နောက်မကျစေနဲ့"
သစ်ပင်တွေက မှုန်ဝါးလာပြီး ကားလမ်းဘေး တစ်နေရာသို့ ပြန်ရောက်လာသည်။ ဒါလေး အံ့သြနေတာကို မေမေသော်တာက ပြုံးပြပြီး
"ကဲ သင်္ဘောဆိပ်ကို သွားမယ်"
"သင်္ဘောဆိပ် ဟုတ်လား ဘယ်နားကလဲ"
"သာမာန်လူတွေ သွားနေကျ မဟုတ်တဲ့ သင်္ဘောဆိပ်ကို သွားမလို့ ဒီကနေ တည့်တည့်လျှောက်သွားရင် ရောက်ပြီ"
"ဒီကနေ ဟုတ်လား ဒီနားက သင်္ဘောတွေက မြစ်ပဲ ကူးတာ မဟုတ်ဘူးလား"
"ဟိုရောက်ရင်တွေ့မှာပါ"
သွားပြီးသိပ်မကြာခင်မှာပင် မြစ်ကူးသည့် သင်္ဘောဆိပ်ကို ရောက်လာ၏။ ထို့ကြောင့်
"ကျောင်းက ဟိုဘက်ကမ်းမှာလား မေမေသော်တာ တံတားကနေသွားရင်လည်း ရတာကို"
သူမလေး ပြောတာကို သော်တာ တစ်ချက် ပြုံးလိုက်ပြီးမှ လက်မှ အစိမ်းရောင် လက်အစွပ်လေးဖြင့် ဝှေ့ယမ်းလိုက်ရာ သာမာန်လူတွေ မမြင်နိုင်သော တံခါးတစ်ချပ် ပေါ်လာ၏။ ထိုအဖြစ်ပျက်ကို ဒါဒါလေးက နှုတ်ခမ်းလေးများ ပွင့်ဟလာအောင် တအံ့တသြ ဖြစ်နေပြီး
"ဒါက ဘယ်လို တံခါးလဲ ဒါက ဘယ်လိုများ ပေါ်လာတာလဲ ဝါး!! မှော်ဝင်လောက ဆိုတာ ဒီလိုမျိုးလား အကုန်လုံးက အံသြဖို့ ကောင်းလိုက်တာ"
မေမေသော်တာက ဘေးကို ဝေ့ဝဲကြည့်လိုက်ပြီးမှ ဒါလေးကို လက်တွဲကာ တံခါးကို တွန်းဖွင့်လိုက်တော့ သဲသောင်ပြင် ဖြူဖြူက ဆီးကြိုနေ၏။ ပြီးတော့ မှော်ဝင် ရေလယ်ကျောင်းသို့ ဆိုပြီး ရေးထားသည့် နှစ်ထပ် သင်္ဘောတစ်စီးက ရေလှိုင်းဖြူဖြူတွေ ပေါ်တွင် ခမ်းနားစွာ နေရာယူထား၏။ ပြီးတော့ ကလေးများနှင့် မိဘများက ခပ်သုတ်သုတ်ဖြင့် သဲသောင်ပြင်ပေါ်မှ လှမ်းလာပြီး ကလေးငယ်များက သင်္ဘောပေါ်သို့ တက်သွားကြသည်။
"သော်တာ ရောက်ပြီလား သင်္ဘောထွက်တော့မယ် ငါးမိနစ်ပဲ လိုတော့တယ် မြန်မြန်လာ ဒီနေ့က နောက်ဆုံး သင်္ဘောပဲ ဒီနေ့ မမှီလို့ မရဘူး"
"လာပြီ ဇော်ဂန် ငါတို့ သမီးကို သင်္ဘောပေါ်တင်ပေးလို့ အဆင်ပြေပါ့မလား သူက ဘာမှ သိတာ မဟုတ်တော့လေ"
"ကလေးတွေက ငါတို့ ထင်ထားတာထက် ပိုပြီးတော့ စွမ်းဆောင် နိုင်ပါတယ် လာ သမီး မြန်မြန်!"
ဖေဖေဇော်ဂန်က သူမကို ပွေ့ပြီး သင်္ဘောပေါ်သို့ တင်ပေးသည်တွင် တခြားသော ကလေးငယ်များက အားကျသော အကြည့်များဖြင့် ငေးမောနေကြ၏။ ဖေဖေ ဇော်ဂန် အနားသို့ အသားဖြူဖြူနှင့် အမျိုးသား တစ်ဦးက တိုးကပ်လာပြီး
"ဒီနှစ် ခင်ဗျားသမီး ကျောင်းစတက်မယ်လို့ ကြားတယ် သူ့ကို မြင်ရတာ တစ်ယောက်ယောက်ကို သတိရမိသလိုပဲ ရေလယ်ကျောင်းမှာက တစ်ယောက်ယောက်ရဲ့ ပုံတွေက အများကြီး ချိတ်ထားတယ် မဟုတ်လား"
"ကျွန်တော်ကတော့ ကျွန်တော့်သမီးကို တခြားကလေးတွေနဲ့ အတူတူပဲ မြင်မိပါတယ် သူ့အမေက ဆုံးသွားပြီ ဆိုတော့ အားမငယ်စေချင်ဘူးလေ လူသားတစ်ဝက်ကို ခေါ်ပြီး မလှောင်ကြဖို့ ဆုတောင်းရမလိုပဲ"
"သူက လူသားတစ်ဝက် ဆိုရင်တောင် ခင်ဗျားသမီး မဟုတ်လား ဘယ်သူ့မှ မလှောင်ရဲပါဘူး မှော်လောကမှာ အရွယ်ရောက်ပြီးတဲ့ မီးခိုးရောင် လက်အစွပ် ပိုင်ရှင်က ခင်ဗျားပဲ ရှိတော့တာ ဆိုတာကို သူတို့ မိဘတွေက ပြောပြထားကြမှာပါ ကြည့်ပါလား ခင်ဗျားသမီးကို ဘယ်သူမှ မထိရဲကြဘူး"
မထိရဲရုံတင် မကပဲ အားကျသော အကြည့်တွေဖြင့် ကြည့်နေတာကို မြင်လိုက်တာမို့ သင်္ဘောကုန်းပတ်ပေါ်မှ ဆင်းလိုက်ကာ
"ကျောင်းမှာ ကောင်းကောင်းသင်ခဲ့နော် ဒါဒါလေး"
နာမည် ခေါ်လိုက်မိပြီးမှ ဝိုင်းကြည့်နေကြတဲ့ တခြား ကျောင်းသား မိဘတွေကို တစ်ချက် လှည့်ကြည့်လိုက်ကာ
"တစ်ယောက်ယောက်ကို သတိရလို့ ကျွန်တော့်သမီးကို ဒီနာမည်ပေးထားတာလေ အဲ့ဒီ တစ်ယောက်ယောက်က ကျွန်တော့် သူငယ်ချင်း ဆိုတာကို သိတယ် မဟုတ်လား"
တီးတိုးပြောဆိုနေကြတာကို ဂရုမစိုက်တော့ပဲ သူမလေးကို လက်ပြပြီး သင်္ဘောပေါ်မှ ဆင်းခဲ့လိုက်၏။ သိပ်မကြာခင်မှာပင် သင်္ဘောကြီးက ဥသြဆွဲပြီး ရေလှိုင်းပြာပြာတွေကို ထိုးခွဲကာ ထွက်ခွာသွား၏။
@@@@@@@@@@
ပင်လယ်မှ တိုက်ခတ်လာသော လေတွေကို ခံယူနေစဉ်မှာ အနားသို့ အသားဖြူဖြူနှင့် ကောင်လေး တစ်ဦးက တိုးကပ်လာပြီး
"ငါတို့ တစ်ရက်နဲ့ တစ်ည သွားရမှာကို သိပြီးပြီလား ညကျရင် အိပ်ဖို့အခန်းကော အဆင်သင့် ဖြစ်ပြီလား ဘယ်အထပ်မှာလဲ"
ဖေဖေဇော်ဂန်က လက်ထဲသို့ ထည့်ပေးလိုက်သည့် လက်မှတ်ကို ဖတ်လို့မရမှန်း သိနေတာမို့ ခေါင်းသာ ခါယမ်းပြလိုက်ပြီး လက်မှတ်ကို ထိုကောင်လေး လက်ထဲသို့ ထိုးပေးလိုက်ရသည်။ ပြီးတော့ ပြုံးလိုက်ကာ
"မသိသေးဘူး ငါက စာတွေ ဖတ်လို့ မရဘူးလေ ငါ့ရဲ့ အားနည်းချက်"
ထိုကောင်လေးက သွားတွေ ပေါ်လာတဲ့ အထိ ရယ်လိုက်တော့ သွားစွယ်နှစ်ခုက သိသိသာသာ ရှည်ထွက်နေတာကို သတိထားမိသည်။ ထို့ကြောင့်
"နင့်သွားတွေက"
ထိုအခါမှ သူက ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး
"ငါက ဒီမွန်း တစ်ဝက်လေ မှော်ပညာရှင် တစ်ဝက် ငါ့နာမည်ကို ငါ့အဖေက ချစ်စနိုးနဲ့ပေးထားတာ ဒရက်တဲ့ တစ်ခုခုကို ကိုယ်စားပြုတယ် ပြောတာပဲ ပြီးတော့ ငါက လူတစ်ဝက်တွေလို မဟုတ်ဘူး လျင်မြန်တယ် သန်မာတယ် မင်းနာမည် ကိုတော့ သိကြတယ် ဒါဒါလေး မဟုတ်လား တစ်ယောက်ယောက်နဲ့ နာမည် တူနေတယ် အဲ့ဒီ တစ်ယောက်ယောက်ကို မှော်ဝင်လောကက လူတိုင်း မသိတဲ့သူ မရှိဘူးလေ ပြီးတော့ မင်းအဖေက နာမည်ကြီးလေ အရွယ်ရောက်ပြီး မီးခိုးရောင် လက်အစွပ်ပိုင်ရှင် ကျန်တဲ့ မီးခိုးရောင် လက်အစွပ် ပိုင်ရှင်တွေက လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ် မှော်လောက တိုက်ပွဲ ဖြစ်တော့ အကုန်သေသွားတယ် တစ်ယောက်ပဲ ကျန်နေခဲ့တာ မှော်လောက အစောင့်ရှောက် ခေါင်းဆောင်"
"ဒါပေမဲ့ အဲ့ဒီ တစ်ယောက်ယောက်ကို ငါမသိသေးဘူးလေ"
ထိုအခါမှ ကောင်လေးက တွေးသလိုဟန်ဖြင့် ခေါင်းညိတ်လိုက်ကာ
"မင်းကိုတော့ မင်းအဖေက ဘယ်ပြောပြမှာလဲ အဲ့ဒီတစ်ယောက်ယောက်က မင်းအဖေရဲ့ အချစ်ဦးလေ မင်းအဖေကို သွားမမေးနဲ့နော် ငါ့မိဘတွေက မင်းအဖေကို မယှဉ်နိုင်လောက်ဘူး မုန့်စားအုံးမလား မုန့်တွေ ယူလာတယ် မင်းကကော"
"မေမေသော်တာက ငါ့ကို ဒါတွေပဲ ပေးလိုက်တာ"
လက်ထဲက ငွေသစ်ရွက်တွေကို ဖြန့်ပြလိုက်တော့ ဒရက် က မျက်လုံး ပြူးသွားပြီး
"ငါတစ်ခုခု စားသောက်မယ် ဆိုရင် မင်းငါ့ကို အပေါင်းသင်း လုပ်အုံးမှာလား ပုံမှန်မဟုတ်တာ တစ်ခုခုပေါ့"
"ဘယ်လို မတူတာလဲ"
"ငါက အာ လောကနှစ်ခုက လူတွေနဲ့ မတူတာကို စားတယ် ဒါပေမဲ့ အဖေက ငါ့ကို ငယ်ကတည်းက ကန့်သတ်ထားပါတယ် ငါက လူတစ်ဝက် မို့လို့ လောကနှစ်ခုက လူတွေကို အန္တာရယ် မဖြစ်စေရဘူးတဲ့"
"ငါသိပ်နားမလည်ဘူး"
"ငါ တစ်ခုခု သောက်ဖို့ လိုနေပြီ မြင်ရတာ ဆိုးတယ် ဆိုရင် ဟိုဘက်ကို လှည့်ပေးလို့ရမလား"
ပြောရင်းဖြင့် ဒရက်က လက်အနောက်မှာ ဝှက်ထားသော ခွက်အဖြူလေးကို ထုတ်ယူလာပြီး ပိုက်ဖြင့် သောက်သည်တွင် ပိုက်တွင် အနီရောင်အရည်များက မသတီစရာ ဖြစ်စရာ ဖြစ်နေသည်။
"ဒါတွေက"
"သွေး"
ပိုက်ကို ဖြုတ်ရင်း ပြောလိုက်တော့ နှုတ်ခမ်းတွင် စွန်းပေသွားသော သွေးများကို တွေ့လိုက်ရကာ
"သွေး!!"
ထိုစကားက ဒါဒါလေး နောက်ဆုံး ပြောမိတာ ဖြစ်ပြီး အသိတရားကို အမှောင်လောကက ဖုံးအုပ်သွား၏။
"သူ မေ့လဲသွားတာလား"
"ဒီမွန်းတစ်ဝက်က သွေးသောက်တာကို မြင်ပြီး သူက မေ့လဲသွားတာလား သူ့အဖေက မှော်လောက စောင့်ရှောက်သူ မဟုတ်တာ ကျနေတာပဲ"
"သူ့အဖေက ဘာပဲ ဖြစ်ဖြစ် သူက လူသားတစ်ဝက်လေ ဒါပေမဲ့ အဲ့လိုဆို သူက မှော်ပညာကို ဘယ်လို သင်မလဲ"
@@@@@@@@@@