14 01
ဒါဒါလေးနှင့် မှင်စာရွာ (အပိုင်း-၁၄)
"အေး.. မင်းပြောနေတဲ့ မိစ္ဆာအုပ်စုတဲ့က မိစ္ဆာတစ်ကောင်ဆိုတာကို ဘယ်မှော်လောကသားမှ မမြင်ဖူးကြဘူး.. ပြီးတော့.. မိစ္ဆာအုပ်စုနဲ့ ပတ်သတ်တဲ့ မှတ်တမ်း တစ်စောင်တော့ ရှိတယ် ဒါပေမယ့် အဲဒါက မှန်လား မမှန်လား ဆိုတာကို ဘယ်သူမှ မသိတော့လို့ လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက.. ထိန်းသိမ်းလိုက်ရတယ်.. အဲ့မှတ်တမ်းထဲက အတိုင်း မင်းက တစ်လုံးမကျန် ရွတ်ပြနေသလားလို့ ထင်မိတယ်.. ဒါပေမယ့်.. အဲ့ဒီမှတ်တမ်းထားတဲ့ နေရာကို မင်း မသိနိုင်ဘူး ဆိုတော့.. မင်း ပြောနေတာတွေက ဘယ်ကနေ သိခဲ့ရတာလဲ ဒရက်.."
ဒါလေး မျက်လုံးတွေ ပြူးသွားသလို ဒရက်က နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။ နယ်လီက အားကိုးချင်စဖွယ် ဒါလေး အနောက်သို့ ရောက်သွားလေတော့၏။
ဆရာမရိုစီနှင့် ဆရာဂီဆန်က.. ဒါလေး နယ်လီနှင့် ဒရက်တို့အား ဆွဲခေါ်ကာ ဖရုံသီးတစ်လုံးအား ကြီးထွားစေလိုက်ပြီး.. အခန်းတစ်ခုအဖြစ် ဖန်တီးလိုက်ပြီး တံခါးဆွဲဖွင့်ကာ ဝင်လာခဲ့၏။ ဆရာကြီး ဘာဘဲလ်လာက အတွင်းသို့ ငုံ့ကိုင်းလျက် ဝင်လာပြီး နောက်တွင်..
"စတတ်ဖီ ဂရော!!.."
အခန်းတွင်းမှ ပြောသော အသံအား အပြင်သို့ မကြားရအောင် အသံစည်း တားသည့် ဂါထာ စတတ်ဖီ ဂရောဖြင့် ရွတ်ဆို တားဆီးလိုက်သည်။ ထိုအခါတွင်မှ ဆရာကြီးက အလွန်အရေးတကြီး နိုင်သော လေသံဖြင့်..
"မင်းတို့ သုံးယောက်လုံး.. မိစ္ဆာအုပ်စုနဲ့ ကြုံတွေ့ဖူးတာလား.. ပြော!!.."
ဆရာကြီး က စိုးရိမ်သော အသံဖြင့် ဆိုတော့ နယ်လီက ထိတ်လန့်စွာ အနောက်သို့ ဆုတ်သွားသည်။ ထိုအခါ ဒါလေး ရှေ့သို့ တိုးလိုက်ပြီးမှ..
"မနေ့က ဒါလေးတို့ အလည်လွန်ပြီး.. တွေ့ခဲ့တာ.. ဒါပေမယ့် ကံကောင်းလို့ သူတို့တွေက ဒါလေးတို့ကို မမြင်အောင် ပုန်နေနိုင်လိုက်တယ်.."
ထိုအခါတွင်မှ ဆရာကြီးက ဒါလေးတို့အား အစိမ်းရောင် အငွေ့တစ်မျိုးနှင့် ပက်ဖြန်းလိုက်သည်။ ပြီးမှ..
"မိစ္ဆာအုပ်စုက သူတို့ တမင်သက်သက် အလွတ်ပေးတဲ့သူဆိုရင်.. အမှတ်အသား ပြုထားတတ်တယ် မင်းတို့ကို စိုးရိမ်သွားတာက မင်းတို့ကိုသာ အမှတ်အသား ပြုမိထားရင်.. မှင်စာ တစ်ရွာလုံး အန္တာရယ် ဖြစ်စေနိုင်တယ်.. ဒါပေမယ့် မင်းတို့ ကံကောင်းစွာနဲ့ သေချာ ပုန်းနေလိုက်နိုင်တယ်.."
ဆရာကြီးက ဒါလေးတို့အား.. စိတ်သက်သာသလို ကြည့်နေပြီးမှ..
"နယ်လီ မင်းက ထွက်သွားလို့ ရပါပြီ.. သွားတော့.."
နယ်လီက ဝမ်းသာအားရ အခန်းအတွင်းမှ ပြေးထွက်သွားတော့၏။ ထိုအခါမှ ဆရာကြီးက..
"ဒရက် မင်း.. မိစ္ဆာတွေရဲ့ ပုံပန်းကို ဘယ်လို မြင်နိုင်တာလဲ သာမာန်လူ ဆိုရင်.. အဲဒါကို.. ရွေ့လျားမှု တစ်ခုအနေနဲ့ပဲ မြင်နိုင်တယ် ဒီမွန်းဆိုရင်တောင်.. အကောင်အထည်ကို မမြင်နိုင်လောက်အောင် သူတို့က လျင်မြန်ကြတယ် မင်းက.. ဘာလို့.. ဒီလောက် ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီးတော့.. သူတို့ ဂါထာရွတ်ဆို နိုင်တာကိုပါ သိနေခဲ့တယ်.. ဒရက်.. မင်းမှာ ဘာထူးဆန်းတာ ရှိနိုင်မလဲ.."
ဒရက်က ထိတ်လန့်သလို မျက်နှာဖြင့်.. ဒါလေးအား တစ်ချက်မျှ ကြည့်ခဲ့ပြီးမှ..
"ကျွန်တော် မနှစ်က ကျောင်းပိတ်တော့ အမြင်အာရုံစူးရှမှုကို သေချာ လေ့ကျင့်ခဲ့လို့ ထင်ပါတယ်.."
"ဟုတ်လား.. အဖြေက သိပ်ပြီး မသင့်တော်သလိုပဲ.. မင်းတို့ သိလား.. ဒီကိစ္စက အရမ်းကို အရေးကြီးတယ်.. ဖြစ်ခဲ့ပြီးတာ ဆိုရင်.. တားလို့ မရတော့ပေမယ့် ငါတို့ လုပ်ဖို့ ရှိတာကို လုပ်ရမယ် သင်ပေးဖို့ ရှိတာကို သင်ပေးရမယ် မင်းနားလည်လား.. ဒရက်.."
ဒရက်က ငြိမ်သက်စွာ ငူငူငိုင်ငိုင်ဖြင့် ရပ်နေမိဆဲ..၊ ပြီးမှ ဆရာကြီးက ဆက်၍..
"တကယ်လို့.. မင်းသာ ငါထင်ထားသလို မှော်ဆရာကြီး ဒီဂဲလ်လို အဖြစ်အပျက်မျိုးနဲ့ ဆုံတွေ့ခဲ့တာပါ ဆိုရင်.. မင်း သိထားသင့်တာတွေကို သိဖို့ လိုသေးတယ်.."
ဒရက်က ထိုသို့ ပြောတဲ့အထိ ငိုင်နေမိဆဲ ဖြစ်ကာ.. ဆရာကြီးကလည်း လက်မလျော့လိုသော ပုံစံဖြင့်..
"ဒရက် ဒဗယ်.."
ဆရာကြီး ဘာဘဲလ်လာ၏ ခေါ်သံ တိုးတိတ်နေဟန် တူပေမယ့် အဆမတန် ဖိနှိပ်ချိုးနှိမ်ထားရင်းမှ ထွက်လာသော အသံတစ်ခုခုနှင့် ဆင်တူနေသည်။ ဒရက်က ဆရာကြီးအား ဘာမှ မပြောတော့ပဲ တွေတွေ ဝေဝေသာ ကြည့်နေခဲ့သည်။ ထိုအခါ ဆရာဂီဆန်က ဒေါသတကြီး ဖြင့်..
"ဒရယ် ဒဗယ်!!.. ဒီကိစ္စကို မင်းပြောမှ ဖြစ်မယ် မင်းမပြောလို့ မဖြစ်ဘူး.."
ဆရာဂီဆန်၏ အသံက ဖရုံသီးအစည်းဝေးခန်း အတွင်း ကျယ်လောင်စွာ ပျံ့နှံ့နေသည်။ ဆရာမရိုစီက ဒါလေးနှင့် ဒရက်အား တစ်ချက်မျှသာ မကြည်သလို ကြည့်လိုက်ပြီးမှ..
"မင်းတို့ ဒီကိစ္စကို မပြောရင် ဖြစ်လာမယ့် အရာတွေကို ဖြေရှင်းဖို့ ခက်မှာနော် ဒရက်.. ဒါလေး.."
ဒါလေး ဘာမှ မပြောတော့ပဲ ဒရက်ကိုသာ တစ်ချက် ကြည့်လိုက်သည်။ ဒရက်က ရှက်ရွံ့စွာ မျက်နှာတွေ ရဲတက်လာပြီးမှ ငိုချင်နေသော မျက်လုံးတို့ဖြင့်..
"ကျွန်တော့် သူငယ်ချင်းရဲ့သွေးကို ကျွန်တော် သောက်ပြီးမှ အသက်ရှင်ခဲ့တယ် ဆိုတာကို ပြောရမှာ ရှက်လို့.."
ဒရက်၏ စကားအဆုံးတွင် ဆရာမရိုစီက ကြင်နာသော မျက်နှာထားသို့ ပြောင်းသွား၏။ ပြီးမှ..
"ဘယ်လို ဖြစ်ခဲ့တာလဲ.."
14 02
"အဲ့နေ့က ရွာထဲမှာ.. သွေးရည် ကုန်နေတယ် ဆိုလို့.. အဲ့ညအတွက် မလောက်မှာ စိုးတာနဲ့ မသောက်ပဲ နေခဲ့တာ.. နောက်တော့.. ဂူထဲမှာ ပိတ်မိသွားတာ.. သုံးရက်ကျော်သွားတာနဲ့ အားမရှိတော့ဘူး.. တစ်ပတ် ဆိုတော့ ဆာလောင်မှုကို ထိန်းချုပ်ရတာ အရမ်းခက်ခဲတယ်.."
ထိုအခါမှ ဆရာဂီဆန်က သက်ပြင်းတစ်ချက်ကို ခပ်လေးလေး မှုတ်ထုတ်သည်။
"ကျွန်တော့ရှေ့ကို ရောက်လာတဲ့ သွေးစက်တွေကို မမျိုချပဲ မနေနိုင်ခဲ့ဘူး.."
ဒရက်က ထိုသို့ ပြောလိုက်ပြီးမှ တိတ်ဆိတ်စွာ ထိုင်နေလိုက်သည်။ ဒါလေး တစ်ခွန်းမှ မပြောသေးပဲ နေလျှင် ဒရက်ပြောတာကို မယုံမှာ စိုးကာ တစ်ခုခု ပြောဖို့ ပြင်လိုက်ပြီးမှ ဘာပြောရမှန်းမသိပဲ..
"အဲ့နေ့က ဒရက်က.."
"ရပြီ.. မင်းတို့ နှစ်ယောက် အခုချက်ချင်း ကျောင်းကို ပြန်မယ်.. ရိုစ့်.. အခုချက်ချင်း သူတို့ကို ပြန်ပို့လိုက်ပါ.."
ဆရာကြီးက.. ပြောလိုက်တော့ ဆရာမရိုစီက သူမ၏ လက်အစွပ်လေးကို.. ဝှေ့ယမ်းလိုက်ရာ လက်ထဲတွင် ဖန်လုံး တစ်လုံးပေါ်လာပြီး ထိုဖန်လုံးအား အပေါ်သို့ မြောက်လိုက်တော့.. စက်ကွင်းတစ်ခုလို ဖြစ်သွား၏။ ပြီးနောက် ထိုဖန်လုံးမှ ထွက်လာသော စက်ကွင်းအတွင်းသို့ ဆွဲခေါ်လိုက်ရာ ဒါလေးနှင့်.. ဒရက်သည် ထို ဖရုံသီး အစည်းဝေး အတွင်းမှ ကျောင်းသို့ ရုတ်တရက် ပြန်ရောက် လာခဲ့သည်။
ဒါလေး မူးဝေဝေ ဖြစ်နေရာ လေဟာနယ်အတွင်းမှ ခုန်ပျံ သွားလာနေသလို ခံစားလိုက်ရပြီး ထိုနေရာတွင် ခြေထောက်တွေ မခိုင် ဖြစ်ကာ ဒူးထောက်ကျသွား၏။ ဆရာမရိုစီက ဒါလေးကို ခပ်မြန်မြန် ဆွဲထူလိုက်ကာ..
"အခုချိန်မှာ မင်း မူးလဲလို့ မရသေးဘူး.. ထ!!.. မင်းတို့ကို ဆရာကြီး ဘာဘဲလ်လာ စောင့်နေလောက်ပြီ.."
"ဗျာ.. ဆရာကြီးက မှင်စာရွာမှာ ကျန်နေခဲ့တာ မဟုတ်လား.."
"ဆရာကြီးက နာမ်ရွေ့ပြီး လာတာဆိုတော့ မင်းတို့အရင် ရောက်နေလောက်ပြီ.."
ဒရက်က ဒါလေးကို တစ်ဖက်တွင် လာထူပေးပြီး..
"မင်းမှာ ဘာလို့ အမြဲတမ်း မူးလဲတဲ့ ရောဂါ ဖြစ်နေရတာလဲ ငါ နားမလည်နိုင်ဘူး.."
"မူးလဲတာ မဟုတ်ဘူး.. မူးဝေဝေ ဖြစ်ရုံတင်လေးပါ.."
မူး၍ အန်ချင်နေတာကို မျိုသိပ်ရင်း ပြောရတော့ လေသံက ထုံထုံထိုင်းထိုင်း ဖြစ်နေ၏။ ဆရာမရိုစီက ကျောင်းအနောက်ဘက်သို့ ဦးတည်လျက် သွားလိုက်ပြီး.. သစ်ပင်ကြီး တစ်ပင်အား အောက်ဆုံး သစ်ကိုင်းအား နှစ်ချက်.. ခေါက်လိုက်ပြီး သစ်ကိုင်းတွင် ပွင့်နေသော ပန်းတစ်ပွင့်အား ခူးယူလိုက်သည်။ ထိုအခါ ထိုနေရာတွင် ပန်းတစ်ပွင့် ထပ်၍ ပွင့်လာ၏။
နောက်သစ်ကိုင်း တစ်ခုအား သုံးချက် ခေါက်လိုက်ပြီး.. ပန်းသုံးပွင့်အား ခူးယူလိုက်၏။ ထိုနေရာတွင်လည်း ပန်းသုံးပွင့်ထပ်၍ ပွင့်လာသည်။ နောက်ဆုံး သစ်ကိုင်းအား ကိုးချက်တိတိ ခေါက်လိုက်ကာ ပန်းကိုးပွင့်အား ခူးယူလိုက်တော့ သစ်ပင်၏ အောက်ခြေတွင် လူဝင်သာသော အပေါက်ငယ်တစ်ခု ဖြစ်လာ၏။
ထိုတံခါးပေါက်မှ အတွင်းသို့ ဝင်လိုက်တော့.. ကျယ်ဝန်းသော.. စာကြည့်စင်တွေနှင့် အခန်းကြီးက သစ်ပင်ထက် ပို၍ ကြီးမားစွာ ပေါ်လာ၏။ ဒရက်က ထိုစာအုပ်တွေကို လောဘတကြီး ကြည့်ရှု့နေရာမှ..
"ကျွန်တော်တို့.. ရောက်နေတာ.. ဘယ်နေရာလဲ ဆရာမရိုစီ.."
"ဒါက တားမြစ်မှော်ပညာ စာအုပ်တွေ.. ကန့်သတ် မှော်ပညာ စာအုပ်တွေ ပြီးတော့.. အဆင့်လွန် မှော်ပညာ စာအုပ်တွေ ထားတဲ့ စာကြည့်တိုက် ထဲကို ရောက်နေတာ.."
ဒရက်က ဒါလေးအနားသို့ တိုးကပ်လာပြီး ခပ်တိုးတိုးဖြင့်..
"ဒီနေရာက ငါ့အတွက် နိဗ္ဗာန်ပဲ ဖြစ်မယ် ထင်တယ်.. ဒီထဲက စာအုပ်တွေကို ငါမဖတ်ဖူးသေးတာ သေချာတယ်.."
"ငါ ဒီနေရာကြီးကို မကြိုက်ပါဘူး.."
"စာအုပ်တွေကို မကြိုက်တာ မဟုတ်လား.. ငါသိတယ်.."
"ငါ စာအုပ်တွေကို မတည့်ပါဘူး.."
ဆရာမရိုစီက တစ်နေရာအရောက်တွင် ရပ်သွားပြီး.. ဒါလေးနှင့် ဒရက်အား..
"မင်းတို့ကို ဆရာကြီး ဘာဘဲလ်လာက စောင့်နေတယ်.. မြန်မြန် ဝင်သွားလိုက်ပါ.."
ဒါလေးနှင့် ဒရက် ဝင်သွားပြီ ဆိုမှ ထိုနေရာတွင် ကာဆီးထားသော လိုက်ကာကဲ့သို့ ရေခပ်ပါးပါးက ရေခဲကဲ့သို့ တင်းတင်းစေ့ ပိတ်သွား၏။ ဆရာကြီး ဘာဘဲလ်လာက စာအုပ် အဟောင်းတစ်ခုကို ယူလာပြီး.. ဆွတ်ဆွတ်ဖြူသော ကျောက်သားဖြင့် ထွင်းထုထားသည့် ကျောက်စားပွဲ ပေါ်တွင် တင်လိုက်ပြီးမှ.. လက်အစွပ်ဖြင့် ဝှေ့ယမ်းလိုက်ရာ ထိုနေရာတွင် ထိုင်ခုံသဏ္ဍာန် မှိုပွင့်များ ပေါ်လာ၏။
"ထိုင်ကြလေ.. ဒီစာအုပ်ကို မင်းကို ပေးဖတ်မလို့ ပြီးတော့ မင်းတို့ ဖြစ်ခဲ့တာတွေကို ပြောပြချင်လို့ပါ.."
ဆရာကြီးက ထိုင်ရန် ညွှန်ပြလိုက်တော့ နှစ်ယောက်သား ထိုင်လိုက်ကြပြီးမှ..
"ဒရက်.. မင်းတို့ ဖြစ်ခဲ့တာက တမင်တကာ မဟုတ်ဘူး ဆိုလို့ ဒီကိစ္စကို ထားလိုက်လို့ ရတယ်.. ဒါပေမယ့် မင်းက ဒါလေးရဲ့သွေးကို သောက်ထားတယ် ဆိုတာ တခြားလူတွေ သိခဲ့မယ် ဆိုရင်.. မင်းကော ဒါလေးကော.. အန္တာရာယ် ရှိနိုင်တယ်.. ပိုဆိုးတာက မင်းမှာ အန္တာရယ် ရှိနိုင်တယ်.."
"ကျွန်တော့မှာ.."
"ဟုတ်တယ်.. မင်းရဲ့မိဘကို ခေါ်ထားတယ် မနက်ဖြန်မှာ ကျောင်းကို ရောက်လာလိမ့်မယ်.."
အခုမှ ပိုပြီး ရှုပ်ထွေးသွားမှုကို.. နားမလည်နိုင်သလို ခံစားလိုက်မိသည်။
"ဒါလေး တစ်ခုခု မှားသွားတာလား.. ဆရာကြီး.."
ဒါလေး မေးလိုက်တော့မှ ဆရာကြီးက ဒါလေးကို မျက်မှန်ကိုင်းအတွင်းမှ မသက်မသာ ကြည့်လာပြီးလျှင်..
14 03
"မင်းတို့ ဒဏ္ဍာရီလာ မှော်ဆရာကြီး ဒီဂဲလ် အကြောင်း တချို့ကို သိပြီးသား ဖြစ်မှာပါ.."
"ရေပေါ်ကျောင်းကို တည်ထောင်ခဲ့တဲ့.. ဆရာကြီး မဟုတ်လား.."
ဆရာကြီး ဘာဘဲလ်လာက ခေါင်းညိတ်လိုက်သည်။ ပြီးမှ..
"ဟုတ်တယ် သူ့ကို အားလုံးက လူသား စစ်စစ်လို့ ထင်နေကြတယ်.. ဒါပေမယ့် သူက လူသားစစ်စစ် မဟုတ်ဘူး.. သူက ဒီမွန်းသွေးနှော တစ်ယောက်ပဲ.."
"သူက ဒီမွန်းသွေးနှောတယ်.."
ဒါလေး ပြန်မေးတော့လည်း ဆရာကြီးက ငြင်သာစွာ ခေါင်းညိတ်သည်။
"သူက တစ်ရက်မှာ သိပ်ပြီး ငတ်လွန်းလို့ သင်္ချိုင်းမှာ သွေးသောက်ဖို့ ရှာဖွေတယ်.. ကံဆိုးမှုလား ကံကောင်းမှုလား.. မသေချာဘူး.. မှော်ဆရာမ တစ်ဦးက သင်္ချိုင်းဝမှာ သေဆုံးနေခဲ့တယ်.. သွေးနံ့ရတဲ့ဆီကို တဖြည်းဖြည်းနဲ့ ချည်းကပ်သွားပြီးတော့.. အသက်ရှိမရှိ စမ်းသပ်ပြီး သူ စိတ်ဓာတ် ကျသွားတယ်.. မှော်ဆရာမက သေဆုံးပြီးနေပြီလေ.. သူ သွေးသောက်ဖို့ သွေးတွေက ကုန်ဆုံးသွားပြီ သူသွေးသောက်ဖို့ မရှိတော့ဘူး.. သူ သင်္ချိုင်းထဲမှာ လမ်းတောင် မလျှောက်နိုင်ပဲ တစ်ပတ်လောက် နေခဲ့ရတယ်.. ဒါပေမယ့် အဲ့ဒီသင်္ချိုင်းကို ဘယ်လူသားမှ မလာခဲ့ဘူး.. သူစားဖို့ သောက်ဖို့ တဖြည်းဖြည်း ကင်းဝေးနေတယ်လို့ သူ ခံစားရတာနဲ့.. အဲ့ဒီသင်္ချိုင်းကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ရတယ်.."
ဆရာကြီးက စကားကို ရပ်လိုက်ပြီးမှ ထိုင်နေရာမှ ထလိုက်ပြီး အနီးတွင် စိုက်ပျိုးထားသော သစ်ပင်တစ်ပင်ရှိ.. အရွက်ငယ်အား လက်ညိုးဖြင့် ဖိလိုက်တော့ ထိုသစ်ပင်မှ ရေများက စီးဆင်းလာ၏။ ထိုအခါတွင်မှ ဆရာကြီးက.. ရေခွက်ဖြင့် ခံယူလိုက်ပြီး မော့သောက် လိုက်သည်။ ပြီးမှ..
"မင်းတို့ကော သစ်စိမ့်စမ်းရေ သောက်မလား.."
"သစ်စိမ့်စမ်းရေ.."
ဒါလေးက ရေရွတ်လိုက် သော်လည်း ဒရက်က..
"သစ်စိမ့်စမ်းရေ ဆိုတာက စိမ့်စမ်းသစ်ပင်ကနေ ထွက်လာတဲ့ ရေကို သောက်သုံးတာကို ပြောတာ သစ်စိမ့်စမ်းရေရဲ့ ထူးခြားချက်က.. သောက်သုံးသူရဲ့ ဆန္ဒအတိုင်း.. အရသာကို ဖြစ်ပေါ်စေတယ် အချိုစားချင်တဲ့သူကို အချို အငန်စားချင်တဲ့သူကို အငန် ဖြစ်ပေါ်စေတယ်.."
"ဟုတ်လား.."
"ဒရက် မင်းက လေ့လာမှု အားအရမ်းကောင်းတဲ့ ဒီမွန်းပဲ ဟုတ်တယ် ငါ ကြက်သားပေါင် စားချင်တယ်လို့ တွေးလိုက်တာနဲ့.. မင်းသောက်လိုက်တဲ့ ရေအရသာက ကြက်ပေါင်ကို စားလိုက်ရသလို ခံစားရလိမ့်မယ်.. စမ်းကြည့်မလား.."
ဆရာကြီးက ထပ်မေးလိုက်ပြီး ရေခွက်အတွင်းသို့ ရေကို ထပ်ဖြည့်ကာ.. စားပွဲပေါ်တွင် တင်လိုက်ပြီးမှ.. နေရာတွင် ဝင်ထိုင်သည်။ ထိုမှ..
"ကဲ.. ပြန်ဆက်ရရင်.. မှော်ဆရာကြီး ဒီဂဲလ် သင်္ချိုင်းကို မစွန့်ခွာမှီ နာရီပိုင်းလေးမှာ မမြှပ်နှံရသေးတဲ့ မှော်ဆရာမရဲ့ အလောင်းကနေ ကလေးငိုသံ ထွက်ပေါ်လာခဲ့တယ်.."
"ဟမ်.."
ဒါလေးထံမှ အာမေဋိတ်သံ ထွက်သွားတော့ ဆရာကြီးက ခေါင်းတစ်ဆတ်ဆတ် ငြိမ့်လိုက်ကာ..
"သေဆုံးပြီးတဲ့ မှော်ဆရာမဆီကနေ ကလေးက ငိုယိုပြီး အသက်ရှင်ဖို့ကို တွန်းထိုးပြီး ထွက်လာခဲ့တယ်.."
"နောက်တော့ရော.."
"နောက်တော့.. ဆာလောင်နေတဲ့ ဒီမွန်းတစ်ကောင်ဟာ အစာကို လက်လွတ်မခံနိုင်ပဲ.. အဲ့ဒီကလေးရဲ့ သွေးကို သောက်သုံးခဲ့တယ်.."
"အဲ့ကလေးက သေသွားတာပေါ့ ဟုတ်လား.."
"မဟုတ်ဘူး.. ဒီဂဲလ်က စပြီး ကိုက်လိုက်လို့ သွေးတွေ နှုတ်ခမ်းထဲကနေ လည်ချောင်းကို ဝင်သွားတာနဲ့ မခံမရပ်နိုင်အောင် ပူလောင်သွားခဲ့တယ်.. အခါတိုင်း သွေးတစ်လုပ်စာကို လွယ်လွယ်ကူကူ မျိုချနိုင်ပေမယ့် ဒီတစ်ကြိမ်မှာ သူ့အတွက် ခက်ခဲနေခဲ့တယ်.. ဒါပေမယ့် သူက သတိမထားမိသေးပဲနဲ့.. သူအစာမစားရတာ ကြာလို့ အခုလို ဖြစ်တယ်လို့ ထင်မြင်နေခဲ့တယ်.."
ဒရက်ကို ကြည့်လိုက်တော့ ဒရက်က ခေါင်းညိတ်ပြသည်။
"တကယ် ခက်ခဲခဲ့တယ်.. မထိန်းချုပ်နိုင်ဘူး.. ပူလောင်တယ် လည်ပင်းထဲမှာ မီးတောင်ကို မျိုချလိုက်သလိုပဲ.."
ဆရာကြီးက ခေါင်းတစ်ဆတ်ဆတ် ညိတ်လိုက်ပြီးမှ..
"နောက်တစ်ကြိမ် ထပ်ကိုက်တော့လည်း ထိုနည်းလည်းကောင်း ဖြစ်ပြီးတော့ သူက မေ့မျောသွားခဲ့တယ်.. နောက်တော့.. သူ သတိရလာတော့ ကလေးလေးကို ကျွေးမွေးဖို့ အဲ့ရွာနားက.. အိမ်တစ်အိမ်မှာ ပေးထားခဲ့တယ်.. ဒါပေမယ့် သူ့စိတ်ထဲမှာ ထင်နေမိတယ်.. အဲ့ကလေးသာ တစ်ခုခု ဖြစ်သွားရင် ဘယ်သူ့ကိုမှ ခွင့်မလွတ်နိုင်ဘူးလို့ သူက ထင်မြင်မိတယ်.. ဒေသအနှံ့ လျှောက်သွားပြီး သင်ယူသင့်တယ် ဆိုတာတွေကို သင်ယူခဲ့ပေမယ့် သူက.. အဲ့ဒီသင်္ချိုင်းနားက ရွာလေးကို သတိတရ ဖြစ်နေတယ် နောက် ခုနှစ်နှစ်လောက်မှာ သူ ပြန်လာတော့ သူသွေးသောက်ခဲ့တဲ့ ကလေးလေးက ခုနှစ်နှစ်အရွယ် ကလေးလေး ဖြစ်နေပြီ.. သူ့ခန္ဓာကိုယ်မှာ လည်ပတ်နေတဲ့ အဲ့ကလေးမလေးရဲ့ သွေးတွေကလည်း ခုနှစ်နှစ် အတွင်းမှာ သူ့ရဲ့ နှလုံးသားထိကို အုပ်စိုးသွားခဲ့ပြီ.."
ဒီအကြောင်းအရာက.. သူနဲ့ ဒါလေးအတွက် လိုအပ်တဲ့ အပိုင်း ဖြစ်လာတာမို့.. ဒရက် အတွန့်မတက်ပဲ.. တိတ်ဆိတ်နေလိုက်သည်။
14 04
"နောက်ဆုံးမှာ အဲ့ကလေးမလေး ဘာခိုင်းသလဲ ဆိုတာကို သူ မသိတော့ဘူး.. အကုန်လိုက်လုပ်ပေးမိတယ်.. သူ့ရဲ့ ပင်ကိုယ်အသိစိတ် ပျောက်ကွယ်သွားခဲ့တယ်.. ဒါပေမယ့် သူက ပိုပြီး သန်မာတယ် ပိုပြီး စွမ်းဆောင်နိုင်တယ်.. ဒီမွန်းတွေထက် ပိုပြီး သာလွန်တဲ့ စွမ်းအားတွေ ရှိတယ် သူ့စွမ်းအားက ဘယ်လောက်ထိ ပြင်းထန်သလဲ ဆိုရင် ဒီမွန်းစစ်တပ် တစ်တပ်ကိုတောင် တစ်ယောက်တည်းနဲ့ ချေမှုန်းနိုင်တယ်.."
"အဲ့လောက်ထိ အင်အား ကြီးမားခဲ့တာလား.."
ဒါလေး တအံ့တသြ မေးလိုက်တော့ ဆရာကြီးက.. ခေါင်းညိတ်ပြသည်။ ပြီးတော့မှ.. ဒရက်အား..
"နောက် ခုနှစ်နှစ် ဆိုရင် မင်းက.. အသိစိတ်မဲ့သွားတော့မှာ.."
ထိုအခါတွင်မှ ဒရက်က ခေါင်းငိုက်ကျသွားပြီးမှ..
"ကျွန်တော် ဘယ်လိုလုပ်ရမလဲ.. ကျွန်တော် အသိစိတ်မဲ့သွားရင် ဘာမှ မသိတော့ဘူးလား.."
"နည်းလမ်းတစ်ခုက.. မင်းသွေးသောက်ခဲ့တဲ့လူကို သတ်ဖို့ပဲ.."
ဆရာကြီးက ဒရက်ကိုရော.. ဒါလေးကိုရော.. ကြင်နာစွာ လှမ်းကြည့်လာ၏။ ဒါလေး ခေါင်းယမ်းလိုက်မိသည်။
"ဒါလေး မသေချင်ဘူး.."
@@@@@@@@@@@@