ရဲခေါင် လက်ထဲမှ စာအိတ်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ မြင်းလှည်းသမားတစ်ဦးလာပို့သွားသော အညိုရောင်စာအိတ်ကလေးမှာ တွန့်ကြေလို့နေသည်။ စာအိတ်တွင်ရေးထိုးထားသော ရက်စွဲအရဆိုရင်ဖြင့် လွန်ခဲ့သော နှစ်ရက်ကရေးထားသောစာဖြစ်၏။
ရဲခေါင်၏နာမည်နှင့်အတူ တကောင်းဆောင်သို့ လိပ်မူထားသော ချစ်ရသူ၏ လက်ရေးကိုမြင်လိုက်ရုံနှင့် ရင်ထဲမှာလှိုက်၍ လွမ်းလာမိပြီး ဝေဒနာတို့က တိုး၍သာလာတော့၏။ စိတ်ကိုမနည်း တည်ငြိမ်အောင်ထား၍ ရဲခေါင် စာကိုဖွင့်ဖတ်ရ၏။
"ချစ်ရပါသော ကိုရဲခေါင်" ဟု အစချီထားသည်ကပင် ရဲခေါင်၏ရင်ကို လှုပ်ခတ်စေနိုင်လွန်းလှပါသည်။
ရဲခေါင် စိတ်ပူနေမှန်းသူသိသည်။ သူကတော့ ထုံးစံအတိုင်း ရဲခေါင်အား သာ၍ပင်ပူနေသေးတော့၏။ အိမ်ထဲ၌ အကျယ်ချုပ်ခံနေရသည့်အဖြစ်ကို သိရတော့ ရဲခေါင် အံကြိတ်ထားမိသည်။
အဆင်မပြေဘူး ဆိုသည့်စာကြောင်းလေးတစ်ကြောင်းက ရဲခေါင်၏ရင်ကို ကိုသက်လူထက် ဆယ်ဆပို၍မွန်းကျပ်စေရပါသည်။ မိထွေးဖြစ်သူ၏ မစာမနာထိုးနှက်မှုတွေအောက်မှာ စိတ်ပင်ပန်းနေပုံရပြီး ရဲခေါင်အား တိုင်တန်းထားသောစာကြောင်းလေး၌ ရဲခေါင်ရင်ဘတ်ထဲမှာ အောင့်တက်လာရတော့၏။ စိတ်အနှောက်ယှက်ပေးနေကြသူများ အားလုံးကို ရန်လုပ်ပြီး ယခုချက်ချင်း ကိုသက်လူအား ပြေး၍ထွေးပွေ့ပေးထားချင်မိသည်အထိပင်။
ဘိလပ်မသွားရဖို့အရေး... ရဲခေါင်ဆီပြန်လာရဖို့အရေး ကိုယ့်နည်းကိုယ့်ဟန်နှင့် ကြိုးစားနေသည်ဆိုတော့ စိတ်ပူပန်မိရသည်။ ဘယ်လိုနည်းလမ်းတွေနှင့်များ ကြိုးစားနေရပြီး ဘယ်လောက်တောင်စိတ်ပင်ပန်းနေလိုက်မလဲ တွေးမိပြန်တော့ သနားဂရုဏာသက်ရပြန်၏။ ပြန်လာခဲ့ပါဟု ပြောလိုက်မိသည်ကို နောင်တရလာသည်။ အဲ့သည်အစား ရောက်လေရာအရပ်ကို မောင်လာခေါ်မည်ဟု ပြောလိုက်ဖို့ကောင်းသည်။ ရဲခေါင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်များဖြင့် လက်သီးကိုကျစ်နေအောင် ဆုပ်ထားမိ၏။
သိပ်ကိုလွမ်းနေရပြီး ပြန်တွေ့ခွင့်ရတဲ့အခါ "ကျွန်တော်မောင့်ကို သိပ်ချစ်တာပါပဲ" ဟု ပြောဖြစ်အောင် ပြောပါဦးမည်တဲ့လား...
"မောင့် သက်လူ" တဲ့လား...
ရဲခေါင်၏ နှလုံးသားကို ဆုပ်ညှစ်ခံလိုက်ရသလို တင်းကျပ်သွားပြီး ကိုင်ထားသော စာရွက်ပေါ်သို့ မျက်ရည်တစ်စက် ပေါက်ခနဲကျသွားတော့သည်။ ရဲခေါင် ကိုယ့်ကိုယ်ကိုယ်လန့်သွားရကာ ခေါင်းကိုစာရေးခုံပေါ်သို့ မှောက်ချလိုက်မိ၏။
မောင် ငိုတတ်နေရပြီ... မောင့်သက်လူရယ်...
မောင့်လိုလူက လွမ်းလို့ ငိုတတ်ခဲ့ရပြီတဲ့လေ...
ကိုလှတင်က အနီးသို့ရောက်လာပြီး ရဲခေါင်၏ပုခုံးအား ဆုပ်ကိုင်ကာအားပေးသည်။ ရဲခေါင် ခေါင်းမော့၍ မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်သုတ်ပစ်လိုက်သည်။ ရဲခေါင်တွင် အချိန်သိပ်မကျန်တော့ပေ။
"ကိုလှတင်... ကျုပ် ဝန်ကြီးများရုံးဘက် သွားရမယ့်အချိန်ရောက်ပြီ... ဒီကနေ့အတန်းတွေ မတက်တော့ဘူး"
"ကျုပ်တို့ လိုက်ခဲ့ဖို့လိုသေးသလား ကိုရဲခေါင်"
"မလိုဘူး... ကျုပ်တစ်ယောက်တည်း သွားဖို့ပါပဲ... ခင်ဗျားတို့က မခင်လေးတို့အမျိုးသမီးတွေ ပြောမယ့်စာတမ်းကို ကူစစ်ပေးလိုက်ပါ"
"ကောင်းပြီ... စိတ်သာချ"
ရဲခေါင် တကောင်းဆောင်မှထွက်ပြီး ကျောင်းတွင်းဖြတ်လမ်းအတိုင်းဝင်၍ ကျောင်းပေါက်ဝသို့ မြင်းလှည်းငှါးရန်လျှောက်လာခဲ့သည်။ စာသင်ဆောင်များအလွန် တက္ကသိုလ် မိန်းလမ်းမကြီးတွင် တွေ့ရသော ကျောင်းသားကျောင်းသူတချို့က ရဲခေါင်အား တီးတိုးစကားတင်းဆိုနေကြသည်။ ခင်မင်ခဲ့ဖူးသောသူတချို့ကပင် မမြင်ချင်ယောင်ဆောင်၍သွားကြ၏။
တက္ကသိုလ် ဗဟိုထမင်းစားရုံဘက်အရောက်တွင် စီနီယာတန်းမှ ကိုသိန်းဆောင်နှင့်တွေသည်။ ကိုသိန်းဆောင်သည် ရဲခေါင်တို့လေးစားချစ်ခင်ရသော စီနီယာတစ်ယောက်ဖြစ်ပြီး ပန်းချီအနုပညာအသင်း၏ အမှုဆောင်လည်း ဖြစ်သည်။ ကိုသိန်းဆောင်က ရဲခေါင်အားလှမ်း၍ခေါ်လာသည်။
"ကိုရဲခေါင်"
"ခင်ဗျာ"
ရဲခေါင် ခြေလှမ်းတို့ကိုတုန့်ကာ ကိုသိန်းဆောင်အား ရပ်စောင့်နေလိုက်သည်။
"ကျောင်းသားရေးရာ ကော်မတီက ဘာထပ်ကြားသေးသလဲ"
"ကျွန်တော့်အပေါ် မူတည်နေတာပါပဲ... ကျွန်တော့်ကို မဟုတ်ကြောင်း ရှင်းလင်းဝန်ခံစေပြီး အမှုပိတ်ချင်ပုံရပါရဲ့"
"ခင်ဗျား လူထုရှင်းလင်းပွဲကို လက်ခံလိုက်တယ်ကြားရဲ့"
"ဟုတ်ပါတယ် ကိုသိန်းဆောင်"
ကိုသိန်းဆောင်က မျက်မှောင်တစ်ချက်ကျုံ့သွားသည်။
"ကျုပ် နားကြားများမှားလေရော့သလား... ကျုပ်သိတဲ့ ကိုရဲခေါင်က ဘယ်ကိစ္စကိုမဆို ဒီလိုလွယ်လွယ်နဲ့ အလျှော့ပေးတတ်သူမျိုး မဟုတ်ပေဘူးလားလို့ပဲ"
"မှန်ပါတယ် ကိုသိန်းဆောင်... ကျွန်တော်က ခင်ဗျားသိထားတဲ့ ရဲခေါင်ပါပဲ... ကျွန်တော် ဒီကိစ္စကို လုံးဝအလျှော့မပေးပါဘူး"
ရဲခေါင်၏ အဖြေကြောင့် ကိုသိန်းဆောင်က ကျေနပ်သွားဟန်ရှိသည်။ ထို့နောက် ရဲခေါင်၏ မျက်နှာအား စေ့စေ့ကြည့်လျက်...
"ကျုပ် တစ်ခုပဲသိချင်တယ် ကိုရဲခေါင်... ခင်ဗျား တစ်သက်လုံးအတွက် ရည်ရွယ်သလား"
ရဲခေါင် ကိုသိန်းဆောင်၏ အမေးကိုကောင်းစွာ သဘောပေါက်ရသည်။
"နောက်ဘဝရနိုင်သေးရင်တောင် ဆက်ချင်သေးရဲ့ ကိုသိန်းဆောင်"
ကိုသိန်းဆောင်က ခေါင်းညိတ်လိုက်၏။ ထို့နောက် ရဲခေါင်၏ ပုခုံးအားတစ်ချက်ပုတ်လိုက်ပြီး...
"ခင်ဗျားလိုလူမျိုးမှာမှ ဖြစ်တည်လာတဲ့ ဒီလိုချစ်ခြင်းမျိုးဟာ တကယ်အစစ်အမှန်ဆိုတာ ကျုပ်ထူးပြီးမအံ့သြတော့ပါဘူး... အဲ့ဒီနေ့ကျ ကျုပ်တို့ ပန်းချီအနုပညာအသင်းကလည်း ခင်ဗျားတို့အတွက် ရှိနေပါ့မယ်"
ရဲခေါင် ရင်ထဲလှိုက်၍ ဝမ်းသာမိသွားရသည်။ ကိုသိန်းဆောင်လို အမှုဆောင်ကျောင်းသားတွေဆီက အထောက်အပံ့သည်လည်း ယခုအချိန်တွင် ရဲခေါင်အတွက် အားပြုဆွဲစရာကောက်ရိုးတစ်မျှင်ဖြစ်ရ၏။
"ကျေးဇူးကြီးပါရဲ့ ကိုသိန်းဆောင်"
ကိုသိန်းဆောင်အား ကျေးဇူးတင်စကားပြောကာ နှုတ်ဆက်လိုက်ပြီး ရဲခေါင် ဝန်ကြီးများရုံးရှိရာဘက်သို့ မြင်းလှည်းငှား၍ ထွက်လာခဲ့လိုက်သည်။ အရေးပိုင်မင်းကြီး ဦးမြကြိုင်အား တွေ့ခွင့်ရရန် မလျှော့သောဇွဲဖြင့် ကြိုးစားရပါဦးမည်။
...........................................................................
ဦးမြကြိုင်သည် မော်တော်ကားနောက်ခန်း၌ ထိုင်၍လိုက်ပါလာပြီး ဝန်ကြီးများရုံးအတွင်းသို့ ရောက်လျှင် အဆောက်အဦ ဝင်ပေါက်ရှိဆင်ဝင်အောက်တွင် ထိုသူငယ်အား ထပ်မံ၍တွေ့ရပြန်လေသည်။
အသားညိုညို အရပ်ထောင်ထောင်မောင်းမောင်းနှင့် ယောက်ျားပီသစွာ ရုပ်ရည်ပြေပြစ်သော ထိုသူငယ်သည် ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာနမှ ဒုတိယနှစ် ကျောင်းသား ရဲခေါင်ဟု အမည်ရပြီး ဦးမြကြိုင်၏ တစ်ဦးတည်းသောသား သက်လူနှင့် ရည်ငံနေကြသည်ဟု သိထားရ၏။
"ရောက်ပါပြီ ဆပ်"
ဒရိုင်ဘာက ဆင်ဝင်အောက်တွင် ကားရပ်ပေးပြီးသည်နှင့် ရုံးစေကလေးက အပြေးလာ၍ မော်တော်ကား တံခါးကိုဖွင့်ကာ ခရီးဦးကြိုပြု၏။ ဆင်ဝင်အောက်၌ ရပ်နေသောသူငယ်သည် ဦးမြကြိုင်အားမြင်လျှင် ဦးညွှတ်၍နှုတ်ဆက်သည်။
"မင်္ဂလာပါ အရေးပိုင်မင်း... ဒီကနေ့တော့ဖြင့် ကျွန်တော့်ကို စကားပြောခွင့်ပြုစေလိုပါတယ်"
ဦးမြကြိုင် သက်ပြင်းချလိုက်မိသည်။ သည်သူငယ်သည် သည်နေရာ သည်ဆင်ဝင်အောက်၌ လာ၍ရပ်ရပ်နေသည်မှာ သည်ကနေ့ ၅ ရက်မြောက်နေ့ပင် ရောက်ခဲ့ပြီ။ အခါတိုင်းနေ့များ၌ ဦးမြကြိုင်က လစ်လျှူရှုခဲ့ပြီး အလေးမထားဘဲနေခဲ့သည်ချည်းသာဖြစ်၏။ ယခုလည်း လစ်လျှူရှုကာ ရုံခန်းအတွင်းသို့ဝင်ခဲ့ပြီး စားပွဲ၌ထိုင်ကာ ဝင်ပေါက်ဆီငေးကြည့်နေမိသည်။ သည်ကနေ့တော့ဖြင့် ဦးမြကြိုင်စဥ်းစားရပြီ။
ယမန်နေ့ညက အဖြစ်အပျက်တချို့သည် ခေါင်းထဲ၌အစီအရီပြန်ပေါ်လာကြပြီး ဦးမြကြိုင်များစွာ စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ဖြစ်ရတော့၏။ ယမန်နေ့ည သက်ကြီးခေါင်းချချိန်လောက်တွင် အိမ်မကြီးတံခါးသော့အားဖျက်၍ အပြင်ခိုးထွက်ဟန်ပြင်နေသော သားဖြစ်သူ သက်လူအား တင်လတ်ကတားဆီးနေသည်ကို ဦးမြကြိုင် အမှတ်မထင်တွေ့ခဲ့ရသည်။
"ကိုကိုလတ် ဖယ်ပါ... ကျွန်တော် သွားရမှဖြစ်မှာပါပဲ"
"သက်လူ! ဦးနှောက်သုံးပြီး စဉ်းစားစမ်းပါဦး... ဒီလိုလုပ်လို့ သက်လူအဖို့ကောင်းဖို့ရာ တစ်ခုမှမရှိဘူး... သက်လူ ပတ်ဝန်းကျင်မှာ အရှက်တကွဲ အကျိုးနည်းရုံမက ထောင်ဝင်တန်းဝင်ပါ ဖြစ်ရလိမ့်မယ်... ဒီမယ် ကိုကိုလတ်ပြောတဲ့သတင်းဟာ အမှန်ပဲသက်လူ... ကျောင်းသားရေးရာက မစ္စအန်နာ ကိုယ်တိုင်ပြောလိုက်တာပဲ... ရဲခေါင်ဟာ လူထုရှင်းလင်းပွဲမှာ ဒီကိစ္စမဟုတ်ကြောင်း ဝန်ခံရှင်းလင်းလိမ့်မယ်... သက်လူ အခုသိပြီမဟုတ်လား...ဒီလိုအရေးတွေနဲ့ယှဉ်လာရင် ဒီလမ်းကို ဘယ်သူမှ ရဲရဲမလျှောက်ရဲကြပါဘူးလေ"
"မဖြစ်နိုင်ဘူး ကိုကိုလတ်! ကိုရဲခေါင် ဒီလိုပြောခဲ့တယ်ဆိုရင်တောင် သူ့မှာအကြောင်းရှိလိမ့်မယ်ဆိုတာ ကျွန်တော်ယုံတယ်... ဒီလမ်းကို ဘယ်သူမှ မလျှောက်ရဲလည်း ကျွန်တော်တို့နှစ်ယောက် လျှောက်ရဲတယ်... ကိုကိုလတ်စိတ်နဲ့နှိုင်းရင်ဖြင့် ရိုင်းပေလိမ့်မပေါ့"
"သက်လူ! ကိုကိုလတ် သက်လူကို ဒီလိုဖြစ်ခွင့်မပြုနိုင်ဘူး... သက်လူဟာ ကိုကိုလတ်နားမှာပဲ တစ်သက်လုံးရှိနေရမှာပဲ"
"ရူးလှချည့်လား ကိုကိုလတ်... သိပ်လည်း အတ္တကြီးတာပါပဲ... ကိုကိုလတ် ဘာမှမသိနားမလည်ခဲ့တဲ့ ကလေးတစ်ယောက်ကို ထိကပါးရိကပါး သိမ်းသွင်းအမြတ်ထုတ်ပြီး လူမိတော့မှ ကိုယ့်ဟာကိုယ် နပုန်းပဏ္ဍုက် ဖြစ်နေတာကိုဖုံးကွယ်ဖို့ ထိုးချခဲ့တာတွေ ကျွန်တော်မေ့ပြီမထင်လေနဲ့... ရွံစရာကောင်းလွန်းလို့ ပြန်အစမဖော်ခဲ့တာပဲ... ခင်ဗျားအမေနဲ့ ခင်ဗျားတို့ တစ်မျိုးလုံးတစ်ဆွေလုံးရဲ့ တံတွေးခွက်မှာမျောပြီး ဆယ်ကျော်သက်ဘဝတစ်ခုလုံး စိတ်ဒဏ်ရာတွေနဲ့ သိမ်ငယ်ခဲ့ရတာ မလုံလောက်သေးဘူးထင်နေသလား"
သားဖြစ်သူဆီက တစ်ခါမှမကြားဖူးခဲ့ရသော နာနာကျင်ကျင်အသံဖြင့် သည်လိုစကားတွေ ကြားလိုက်ရချိန်၌ ဦးမြကြိုင် လှေကားလက်ရမ်းကိုဆုပ်ကိုင်ထားလိုက်မိခဲ့ရသည်။ တင်လတ်က အရူးတစ်ယောက်လို ခေါင်းကိုခါရမ်းပြီး သက်လူ၏ပခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းကိုင်လှုပ်ကာ...
"သက်လူ...သက်လူကလေး... ကိုကိုလတ်ပြောတာ နားထောင်စမ်း... သက်လူ ဘိလပ်ကိုသွားရမယ်... ကျောင်းပြီးလို့ ပြန်လာရင် ကိုကိုလတ်နဲ့ မာဂရက်တို့ လက်ထပ်ပြီး နေကြတဲ့အိမ်မှာ သက်လူကိုခေါ်ထားမယ်... ကိုကိုလတ်က သက်လူကို ငယ်ငယ်လေးကတည်းက မေတ္တာရှိနေခဲ့ရတာပဲ... သက်လူကို ကိုကိုလတ်အနားမှာတစ်သက်လုံးခေါ်ထားပြီး စောင့်ရှောက်ပေးမယ်... သက်လူက ကိုကိုလတ်နဲ့ပဲ နေရမယ်...ကြားသလား"
"တော်စမ်းပါ ကိုကိုလတ်! သိပ်ရွံဖို့ကောင်းတာပဲ... ခင်ဗျားကတော့ မျက်နှာဖုံးတပ်ပြီး မိန်းမယူမယ်... ပြီးတော့ ကျွန်တော့်ကို နောက်ကွယ်မှာ ခင်ဗျားရဲ့ အဖြည့်ခံအဖြစ် ထားချင်နေတယ်ပေါ့လေ... ဟုတ်သလား... ကျွန်တော်ဟာ လူတစ်ယောက် ဆိုတာများ မေ့နေသလား ကိုကိုလတ်... ကျွန်တော့်ဘဝကို ခင်ဗျား စိတ်ဒဏ်ရာတွေပေးခဲ့တာ တော်သင့်ပြီမထင်ဘူးလား"
သည်ရက်တွေမှာ အစားမစားဘဲ နေခဲ့သောသက်လူ၏အသံက တိုးတိမ်သွားကာ မောဟိုက်အားနည်းစွာဖြင့် တံခါးကိုမှီ၍ရပ်လိုက်သည်။ တင်လတ်နှင့် သက်လူတို့၏ စကားများကြောင့် ဦးမြကြိုင် ခေါင်းတို့သည် အိုးထိန်းစက်ပမာချာချာလည်လျက်ရှိနေခဲ့သည်။
ဦးမြကြိုင်သည် ဇနီးသည်ဆုံးပြီး နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ခဲ့ချိန်မှစ၍ သားဖြစ်သူအပေါ်၌ လစ်ဟင်းခဲ့ရသည်။ သည့်အတွက်ပင် သက်လူအတွက်စိတ်အေးရရန် ကလေးတစ်ယောက်မိခင် မုဆိုးမ "လှ" နှင့် လက်ထပ်ခဲ့ပြီး အိမ်သို့ခေါ်လာခဲ့ခြင်းဖြစ်၏။ "လှ"သည် မိခင်တစ်ယောက်ဖြစ်သည်နှင့်အညီ သက်လူအပေါ်တွင်လည်း မိခင်စိတ်ထားပေးနိုင်မည်ဟု ဦးမြကြိုင် ယုံကြည်ခဲ့ခြင်းဖြစ်သည်။ ရောက်လာခါစတွင် တစ်ဦးတည်းသော သားကလေးသက်လူက တင်လတ်နှင့်လည်း အဖော်ရပြီး ပျော်ရွှင်နေခဲ့သဖြင့် ဦးမြကြိုင်စိတ်အေးခဲ့ရကာ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးလောကသို့ ခြေစုံပစ်ဝင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၁၉၃၅-၃၆ ခုနှစ်များတွင် အီတလီနှင့် ဂျာမန်တို့ လူစွာလုပ်ကြ၍ နယ်မြေသိမ်းပိုက်မှုများ ပေါ်ပေါက်ခဲ့ပြီး ဥရောပတိုက်၌ စစ်ရိပ်စစ်ငွေ့များ သန်းစပြုနေချိန်ဖြစ်သည်။ နာဇီတို့၏ စစ်ဦးသည် ဟိုမှသည်မှ ဦးတည်ချက်ပြောင်းနေချိန်လည်းဖြစ်၏။ ဦးမြကြိုင်၏ အထက်အရာရှိ မစ္စတာ ဖရန်စစ်သည် စစ်ရေးအရာ၌ တက်ကြွလွန်းသူဖြစ်ရကား များမကြာမီမှာ ဒုတိယကမ္ဘာစစ်ဖြစ်လာနိုင်ခြေရှိကြောင်း တစ်ဖွဖွပြော၍ ဗြိတိန်သို့ကူးချည်သန်းချည် လုပ်လေ့ရှိသဖြင့် ဦးမြကြိုင်မှာ ၄င်း၏တာဝန်များကိုပါ နှစ်ဆပိုယူရကာ အိမ်ကိုပစ်၍ ခရီးထွက်နေရသည်ကသာများခဲ့၏။
နောက်ပိုင်းတွင် ဇနီးဖြစ်သူ လှ ထံမှ ဆယ်ကျော်သက်အရွယ် သက်လူ၏ မူမမှန်သော အမူအကျင့်များကို ကြားခဲ့ရစဉ်က စိတ်ရောဂါတစ်မျိုးဟု မှတ်ထင်ခဲ့သည်။ သည့်အပြင် သက်လူသည် စကားနည်းလာပြီး အိမ်ရှိလူများကိုပင်ရှောင်နေတတ်သဖြင့် တက္ကသိုလ်ပထမနှစ်တွင် အိမ်တွင်ထား၍ စိတ်ရောဂါဆရာနှင့်ပင် ပြသခဲ့ကြသေးသည်။ ဆရာဝန်မှ သက်လူတွင်မည်သည့်စိတ်ရောဂါမှ မရှိကြောင်း အာမခံသဖြင့် ဒုတိယနှစ်တွင် ကျောင်းသို့လွှတ်ပေးခဲ့ခြင်းဖြစ်၏။
ယခုမူ ထိုအရာများသည် ဇနီးဖြစ်သူ လှ ၏လီဆယ်မှုများသာဖြစ်ကြောင်း သိရချိန်၌ ဦးမြကြိုင်နောက်ကျခဲ့ချေပြီ။ သက်လူသည် သူ့နည်းသူ့ဟန်ဖြင့် စိတ်ထွက်ပေါက် ရှာတွေ့ခဲ့ဟန်တူ၏။ သို့သော် လမ်းလွဲနေပြန်သေးသဖြင့် ဦးမြကြိုင် အပူဆင့်ရပြန်လေသည်။
ဦးမြကြိုင် အတွေးတို့ကိုလက်စသတ်ကာ အခန်းပြင်ရှိ ရုံးစေကလေးအား ခေါင်းလောင်းတီး၍ခေါ်လိုက်သည်။
"ဟိုဆင်ဝင်အောက်မှာ ရပ်နေတဲ့ သူငယ်ကလေး ခေါ်ခဲ့စမ်းကွယ်"
ခဏအကြာတော့ ရုံးစေကလေး၏နောက်တွင် မားမားရပ်လျက်ပေါ်လာသည့် မောင်ရဲခေါင်အားတွေ့ရ၏။ ကျယ်ပြန့်သောပုခုံးတို့သည် စိုးရွံ့စွာကျုံ့နေခြင်းမရှိ၊ ကျောပြင်နှင့် ခါးသည်ရေပြင်ညီကဲ့သို့မတ်နေပြီး ဦးမြကြိုင်အား ဦးခေါင်းညွှတ်၍သာနှုတ်ဆက်သည်။
"တွေ့ခွင့်ပေးတာဖြင့် သိပ်ကိုကျေးဇူးတင်ရပါတယ် အရေးပိုင်မင်း"
"ထိုင်နိုင်ပါတယ် မောင်ရင်...ကျုပ်ကိုတွေ့ချင်တဲ့ကိစ္စ လိုရင်းသာပြောပါ"
"အရေးပိုင်မင်းတို့ အစိုးရအရာရှိကြီးတွေမှာ အချိန်သိပ်ဆင်းရဲတာ သိပေမယ့်... ဖြစ်နိုင်ရင် ကျွန်တော့်ကို အချိန်တစ်နာရီလောက်တော့ ပေးစေချင်ပါတယ်... ကျွန်တော် အရေးပိုင်မင်းကို ခေါ်သွားချင်တဲ့နေရာတစ်နေရာ ရှိပါတယ်"
ဦးမြကြိုင် မျက်ခုံးများပင့်ကာ စိတ်ဝင်စားသွားရသည်။ ဤသူငယ်၏ စကားပြောဟန်နှင့် လေယူလေသိမ်းသည် ဩဇာတစ်ခုရှိကြောင်း ဦးမြကြိုင်သတိထားမိရ၏။ နေ့စဉ်ရက်ဆက် ဦးမြကြိုင်အား စကားပြောခွင့်ရရန် လာ၍ကြိုးပမ်းနေသောဇွဲကိုလည်း အသိအမှတ်ပြုလာရ၏။ အထူးသဖြင့် သားဖြစ်သူနှင့် ရည်ငံနေကြသည်ဆိုသော ဤသူငယ်အား ဦးမြကြိုင် ယခုထက်ပို၍သိချင်လာရသည်။
"ကောင်းပြီလေ... သွားကြတာပေါ့... ကျုပ်ဒရိုင်ဘာကို မောင်ရင်လမ်းညွှန်ပါ"
မောင်ရဲခေါင်က ဦးဆောင်၍ ဦးမြကြိုင်အား ရန်ကုန်မြစ်၏ကမ်းနဖူးဆီသို့ခေါ်လာသဖြင့် ဦးမြကြိုင် ထူးဆန်းနေရသည်။ မြစ်ထဲရှိစက်လှေများထံမှ ကူလီထမ်းနေကြသော အလုပ်သမားများအား တွေ့ရသည်။ သည်လိုနေရာမျိုး၌ ဘာကိစ္စများရှိပါလိမ့်ဟု အတွေးခက်ရတော့၏။
"ဒီစက်လှေတွေနဲ့ ကူလီတွေက ဘာများထူးတာရှိသလဲ မောင်ရင်"
မောင်ရဲခေါင်က ခေါင်းရမ်းသည်။ ထို့နောက်ခပ်လှမ်းလှမ်းရှိ တံငါလှေများအား လက်ညှိုးထိုးပြကာ...
"အရေးပိုင်မင်းကိုပြချင်တာက ဟိုးက တံငါမိသားစုတွေကိုပါပဲ"
ဦးမြကြိုင် တံငါလှေတွေဆီမှ တံငါမိသားစုတွေဆီသို့ အကြည့်ရောက်ရသည်။ လှေကပ်စဉ် ကမ်းပေါ်တက်၍ မြစ်ကမ်းနဖူး၌ မိန်းမများက မီးမွှေးကာ ထမင်းဟင်းချက်ပြုတ်နေကြသည်။ ယောက်ကျားများနှင့် ကလေးများက ကမ်းစပ်၌ ရေးချိုးရင်း ဆော့ကစားနေကြသဖြင့် ရယ်သံအော်သံများ ညံနေကြသည်။
ဖခင်ဖြစ်ဟန်တူသူက ၅ နှစ်သားအရွယ်သားဖြစ်သူအား ကျောပေါ်၌ကုန်းပိုးကာ ရေထဲ၌ကူးလူးဆော့ကစားနေသည်။ ကျောပေါ်ရှိကလေးငယ်၏ ရယ်သံသည် တစ်ချက်တစ်ချက် ဦးမြကြိုင်တို့ရပ်နေရာနားသို့ပင် ပျံ့လွင့်၍လာ၏။
ဦးမြကြိုင်ငေးကြည့်နေမိတုန်း နံဘေး၌ရပ်နေသော မောင်ရဲခေါင်ထံမှ အမေးစကားထွက်လာသည်။
"အရေးပိုင်မင်း... ကိုသက်လူရဲ့ ရယ်သံကိုဘယ်တုန်းက နောက်ဆုံးကြားဖူးခဲ့ပါသလဲ"
"ဟင်"
"အရေးပိုင်မင်း... ကိုသက်လူရဲ့ အပြုံးတွေကိုရော ဘယ်တုန်းက နောက်ဆုံးမြင်ခဲ့ဖူးပါသလဲ"
ဦးမြကြိုင် ဆွံ့အတုန်လှုပ်သွားမိရ၏။ ဤအမေးစကားအား ဦးမြကြိုင်၌ အမှန်ပင်အဖြေမရှိဖြစ်နေခဲ့ရပြီ။ သားဖြစ်သူ သက်လူ၏ရယ်သံကို ဦးမြကြိုင် မေ့နေသလိုပင် ဖြစ်နေခဲ့ရသည်ကို ယခုမှသတိထားမိရသည်။ သားဖြစ်သူ ပြုံးသည်ကို ဦးမြကြိုင်မြင်ဖူးသလားပင် မမှတ်မိတော့ပေ။
"ဟိုးမှာ ကြည့်ပါဦးခင်ဗျာ"
မောင်ရဲခေါင်က တံငါလှေဘေးမှ နောက်ထပ်မိသားစု တစ်စုဆီသို့ ထပ်၍ညွှန်ပြပြန်သည်။ ပွေလီနေဟန်တူသော ကလေးငယ်တစ်ဦးအား အမေလုပ်သူမှ ဆူပူကြိမ်းမောင်း၍ ရိုက်ဟန်ရွယ်လိုက်သဖြင့် ခပ်လှမ်းလှမ်းမှ အဖေဖြစ်သူထံသို့ ပြေး၍ငိုယိုတိုင်တန်းသည်ကို ဦးမြကြိုင်တွေ့ရသည်။
"ကျွန်တော် ငယ်ငယ်ကလည်း ထစ်ခနဲရှိအဖေ့ဆီ ပြေးပြီးအားကိုးတိုင်တန်းခဲ့တာပါပဲ... ကျွန်တော် ဒီရက်တွေထဲ ဒီနေရာရောက်ဖြစ်တိုင်း တံငါလှေမိသားစုတွေကိုကြည့်ပြီး တွေးမိရတယ်... ဆင်းရဲကြပေမယ့် နွေးထွေးကြတယ်... ကလေးတွေမှာ အားကိုးရာရှိတယ်... ကိုသက်လူမှာရော အဲ့ဒီလိုရှိခဲ့ပါသလား အရေးပိုင်မင်း"
ဦးမြကြိုင် တွေဝေမိရပြန်သည်။ မောင်ရဲခေါင်၏ မေးခွန်းများကို တစ်ခုလေးမျှ ဦးမြကြိုင်ပြန်မဖြေနိုင်သေးပေ။
"ဒီနေရာ ဒီမြင်ကွင်းတွေဟာ သာမာန်ဖြစ်ရိုးဖြစ်စဉ်တွေမို့ သိပ်မထူးဆန်းသလို အရေးပိုင်မင်းအနေနဲ့လည်း မြင်ဖူးပါလိမ့်မယ်... ဒါပေမယ့် အခုလိုမျိုး ယှဉ်တွဲပြီးတွေးဖြစ်ခဲ့လိမ့်မယ် မထင်ပါဘူးခင်ဗျ"
ဤတစ်ကြိမ်တွင်တော့ ဦးမြကြိုင်ခေါင်းညိတ်လိုက်မိသည်။
"မှန်ပါတယ် မောင်ရင်... ကျုပ်မစဉ်းစားခဲ့မိဘူး"
"တွေးကြည့်စေချင်တာပါပဲ အရေးပိုင်မင်း... နုငယ်တဲ့ ကာလမှာ ကလေးတစ်ယောက်အတွက် အားကိုးရာပျောက်ပြီး သိမ်ငယ်ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေဟာ အသေးအဖွဲ့ပါလို့ အရေးပိုင်မင်း ထင်ပါသလား"
ဦးမြကြိုင် ယမန်နေ့ညက သားဖြစ်သူ၏ပုံရိပ်အား မြင်ယောင်လာမိလျှက် စိတ်မချမ်းမြေ့ဖြစ်လာရသလို အဆင်ပြေနေသည်ဟု ထင်ခဲ့မိသည့်အတွက် နောင်တတို့လည်းရလာတော့၏။
"ကျွန်တော်တို့ ချင်းတောင်ပေါ် ဘော်လန်တီယာသွားခဲ့ကြတုန်းက ကိုသက်လူရဲ့အပြုံးတွေကို ကျွန်တော်မြင်ခဲ့ရဖူးပါတယ် အရေးပိုင်မင်း... လွတ်လပ်တဲ့တောင်ပေါ်ဒေသတွေဟာ သူထွက်ပြေးလွတ်မြောက်ချင်နေတဲ့ ကမ္ဘာတစ်ခြမ်းတဲ့လေ... ဒီစကားတစ်ခွန်းနဲ့တင် သူ့ရဲမွန်းကျပ်မှုတွေကို ကျွန်တော်မြင်နိုင်ခဲ့တာပါပဲ... ကျွန်တော်တောင်မှ မြင်နိုင်သေးရင် သွေးသားအဖေရင်းဖြစ်တဲ့ အရေးပိုင်မင်းက သာပြီးမြင်နိုင်သင့်တာပဲ မဟုတ်လား"
"အစားကျွေး အဝတ်ဆင် ပြည့်စုံအောင်ထားပေးရုံနဲ့ မိဘဝတ္တရားကျေပြီလို့ အရေးပိုင်မင်းယူဆပါသလား... သားသမီးတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ခံစားချက်ကို အလေးထားထိန်းကျောင်းပေးနိုင်မှသာ မိဘ ပီသမှာပါပဲ"
ဦးမြကြိုင်၌ မောင်ရဲခေါင်အား ပြန်ချေပစရာစကားတို့မရှိပါပေ။ စကားလုံးတွေအစား ခေါင်းထဲ၌ အတွေးတို့ကသာ ချာချာလည်နေခဲ့ရ၏။ မြစ်ပြင်အား အတန်ကြာငေးနေမိပြီးမှ ဦးမြကြိုင် ချောင်းတစ်ချက်ဟန့်လိုက်သည်။
"မောင်ရဲခေါင်တို့ သွားချင်တဲ့အရပ်ဆီမယ် လမ်းမရှိဘူးမဟုတ်လား မောင်ရဲခေါင် ဘယ်လိုလျှောက်ဖို့စဉ်းစားသလဲ... ဘယ်လောက်အထိ ယုံကြည်မှုရှိသလဲ"
"ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ပါတယ် အရေးပိုင်မင်း... ကျွန်တော်ဟာ ကိုသက်လူ ထွက်ပြေးလွတ်မြောက်ချင်နေတဲ့ ကမ္ဘာတစ်ခြမ်းဆီရောက်ဖို့ လမ်းဖောက်မှာပါ... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတယ်လို့ အရေးပိုင်မင်း ထင်ချင်ထင်ပါလိမ့်မယ်... ဒါပေမယ့် အမှန်ပါပဲ... ကျွန်တော်ဟာ ကိုယ်တိုင်ဖောက်တဲ့လမ်းမှာ ကိုသက်လူလက်ကိုဆွဲပြီး ကိုယ်တိုင်လျှောက်မှာပါ"
ဦးမြကြိုင်၏ အမေးကိုပြန်ဖြေသော မောင်ရဲခေါင်၏အသံသည် ကြည်လင်ပြတ်သားနေ၏။
"ကျွန်တော့်ရဲ့ လမ်းဖောက်ပွဲကို အရေးပိုင်မင်း လာကြည့်စေချင်တာပါပဲ... လမ်းဖောက်ပွဲကိုကြည့်ပါ... လမ်းပေါက်သွားတဲ့အခါ ကိုသက်လူကို ကျွန်တော့်လက်ထဲထည့်ပေးစေလိုပါတယ်... လမ်းတစ်လျှောက်က ဆူးညှောက်ခလုပ်တွေရှင်းဖို့ကလည်း လမ်းဖောက်သူရဲ့ တာဝန်ပဲမို့ ကျွန်တော်ရှင်းပါ့မယ်"
"အရေးပိုင်းမင်းအနေနဲ့ တစ်ကြိမ်တစ်ခါပဲ ကိုသက်လူရဲ့ အားကိုးရာဖြစ်ပေးရုံပါပဲ... အဲ့ဒီအတွက် အရေးပိုင်မင်း မမြင်ဖူး မကြားဖူးခဲ့တဲ့ ကိုသက်လူရဲ့ ရယ်သံနဲ့ အပြုံးကို ကျွန်တော်က လက်ဆောင်ပြန်ပေးပါ့မယ်"
ဦးမြကြိုင် တံငါးမိသားစုတွေဆီ ငေးကြည့်နေမိသည်။ ဖခင်၏ ပုခုံးထက်မှ ကလေးငယ်၏ရယ်သံသည် ဦးမြကြိုင်၏ နားစည်တွင်ပဲ့တင်ထပ်နေ၏။
သက်လူကလေး ငယ်စဉ်က ခိုးခိုးခစ်ခစ်ရယ်သံကလေးများကို ဦးမြကြိုင်ပြန်လည်ကြားယောင်လာမိရတော့သည်။
.............................................................................
"လူထုရှင်းလင်းပွဲနေ့"
ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမကြီးထဲ၌ လူစည်ကား၍နေသည်။ စီနီယာ ဂျူနီယာ ကျောင်းသားကျောင်းသူများမှအစ ကထိက ပါမောက္ခများအဆုံး လူစုံတက်စုံရောက်ရှိနေကြပြီဖြစ်၏။
စတိတ်စင်၏ နောက်တွင် ရဲခေါင်တို့အုပ်စု ထိုင်နေကြ၏။ ကိုလှတင်နှင့် မသန်းကြည်မှာ စိတ်လှုပ်ရှားနေကြဟန်များက အထင်းသားပေါ်နေကြတော့သည်။ ကိုဘမြင့်၊ ကိုအောင်မြင့်နှင့် မခင်လေးတို့မှာလည်း စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန် ငြိမ်နေကြ၏။ မသန်းကြည်တို့ အင်းလျားဆောင်မှ မိန်းကလေးတချို့လည်း လိုအပ်သည်များ ကူညီရန်ရောက်နေကြသည်။
ကိုဘမြင့်က ထိုင်နေရာမှထကာ စင်ရှေ့သို့ ချောင်းကြည့်လိုက်ပြီး...
"အိုင်ဆေး ကိုရဲခေါင်... ခင်ဗျားဖိတ်ကြားထားတဲ့ လူကြီးတွေ မမြင်သေးပါလား... မလာကြဘူးနဲ့ တူပါရဲ့"
"ပြန်ကြားရေးဌာနက ဝန်ကြီးဦးဖေသိန်းတော့ ရောက်နေပါပြီ"
"ကျန်တဲ့ ဝတ်လုံတော်ရမင်းတွေကရော"
"လာကြမယ်ထင်တာပါပဲ"
"ကိုသက်လူအဖေ အရေးပိုင်မင်းလည်း မမြင်သေးပါလား"
ရဲခေါင် သက်ပြင်းချလိုက်မိသည်။ လာလိမ့်မည်ဟုတော့ ရဲခေါင်အောက်မေ့မိရပါသည်။ ဖြစ်နိုင်လျှင် ကိုသက်လူကိုပါ ရှိနေစေချင်မိသည်။
ထိုအခိုက်တွင် စင်ရှေ့၌ တာဝန်ယူထားသူ ကျောင်းသားတစ်ဦးက စင်နောက်သို့ ဝင်လာပြီး ရဲခေါင်တို့အား အသိပေးသည်။
"မစ္စအန်နာက အရင်ဆုံးပြောပါလိမ့်မယ်... ပြီးရင် ကိုရဲခေါင် အသင့်ပြင်ထားပါ"
"ကောင်းပါပြီ"
စင်ရှေ့ဆီမှ မစ္စအန်နာ၏ ကြည်လင်သော အင်္ဂလိပ်စကားသံက ထွက်ပေါ်လာသည်။
"ကြွရောက်လာကြတဲ့ လူကြီးမင်းများ ဧည့်ပရိတ်သတ်များအားလုံးကို ကျွန်မဒီနေရာကနေ နှုတ်ခွန်းဆက်သပါတယ်... ကျွန်မကတော့ ကျောင်းသားရေးရာက ဌာနမှုး အန်နာပါ... လူကြီးမင်းတို့သိကြတဲ့ အတိုင်း ပြီးခဲ့တဲ့ ရက်သတ္တပါတ်က ကျွန်မတို့တက္ကသိုလ်မှာ အထင်မြင်လွဲမှားမှုလေးတချို့ ရှိခဲ့ရပြီး တော်တော်များများ စိတ်အနှောက်ယှက်ဖြစ်ခဲ့ကြရပါတယ်... ဒီကနေ့ အခုလို လူထုရှင်းလင်းပွဲလေးလုပ်ရတာကလည်း ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး အထင်မြင်လွဲမှားခံရသူ ကာယကံရှင်ကိုယ်တိုင်နဲ့ အတန်းဖော် သူငယ်ချင်းများက သက်သေခံရှင်းလင်းပေးမှာပဲဖြစ်ပါတယ်ရှင့်... ကျွန်မတို့ ကာယကံရှင် မစ္စတာရဲခေါင်ကို အရင်ဦးဆုံး ဖိတ်ခေါ်လိုက်ကြရအောင်"
မစ္စအန်နာရဲ့ စကားသံအဆုံးမှာ စင်နောက်မှလူများအားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။ ကိုဘမြင့်က ရဲခေါင်၏ပုခုံးအား ဆုပ်ကိုင်ဖျစ်ညှစ်လျက် အားပေး၏။ မခင်လေးကလည်း နေရာမှထလာကာ...
"စိတ်အေးအေးထားပါ ကိုရဲခေါင်... ရှင် လုပ်နိုင်မယ်လို့ ခင်လေးတို့ယုံကြည်တယ်"
ရဲခေါင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကိုအောင်မြင့်ဘက်သို့လှည့်၍...
"ကျုပ်က စင်ပေါ်မှာ ခေါင်းစဉ်စပြီးပြောင်းတဲ့အခါမှာ ခင်ဗျားတို့က မစ္စအန်နာနဲ့ လူကြီးတွေကို ထိန်းထားပေးပါ ကိုအောင်မြင့်"
"စိတ်ချ ကိုရဲခေါင်"
ရဲခေါင် လေကို ဝဝရှုသွင်းလိုက်ပြီး ခြေလှမ်းတို့က စင်ပေါ်သို့ဦးတည်လိုက်တော့၏။ စိတ်တွင်း၌ ဦးစွာပထမ ကိုသက်လူ၏မျက်နှာကို မြင်ယောင်လာမိသည်။
"မောင် လုပ်နိုင်ပါတယ်... မောင့် သက်လူ"
.............................................................................
<3 DiDi Zaw
(03/09/2023)