ရန်ကုန်တက္ကသိုလ်၏ ဌာနပေါင်းစုံ နှစ်ဝက်စာမေးပွဲကြီးစလေပြီ။
စာကြမ်းပိုးများနှင့် ပုံမှန်စာလုပ်သူများမှလွဲ၍ ကျောင်းသားများ အားလုံးလိုလိုသည် ယခုအခါမှ ဖုတ်ပူမီးတိုက် မှတ်စုကူးသူ မေးခွန်းလိုက်သူများဖြင့် ဝရုန်းသုန်းကား ဖြစ်လို့နေကြတော့၏။
"ကိုသက်လူ...ကိုသက်လူ"
နောက်ပါးဆီမှ ခေါ်သံကြောင့် သက်လူလှည့်ကြည့်လိုက်သည်။ ရွှေကိုင်းမျက်မှန်တဝင့်ဝင့်နှင့် သက်လူနောက်သို့ အမောတကောလိုက်လာသူက အတန်းထဲမှ ကိုကျော်ထွန်းဖြစ်နေ၏။
"ဘာများလဲ ကိုကျော်ထွန်း"
"ကိုသက်လူ အပန်းမကြီးရင် ကျွန်တော်ကို့ အရှေ့တိုင်းတွေးခေါ်ချက်များ မှတ်စုလေး ငှားစမ်းပါဗျာ... ခုမှ လိုက်ကူးနေရတယ် ဘယ်မှာမှ ငှားမရဘူး... ဂွကျနေတော့တာကလား"
"ခင်ဗျားဗျာ မိုးလွန်မှထွန်ချ... မနက်ဖြန်ခါပဲ ဖြေရတော့မယ် ခုမှစာအုပ်လိုက်ငှားနေရသလား... ကြည့်ချိန်ရှိပါဦးမလားဗျ"
"အကုန်တော့ကူးမနေပါဘူးဗျာ... အခန်း ၂ က နံပါတ် ၅ အပုဒ်ပဲ ကူးဖို့ပါပဲ... အဲ့ဒါ သေချာပေါက်ပါမှာ ကိုသက်လူ ... ခင်ဗျားလည်း ကြည့်သာထားပေတော့"
"ခင်ဗျားက ဘယ်လိုသေချာသလဲ... ကွက်ရှင်အောက်ပြီး မေးခွန်းပေါက်လာသလား"
"မေးခွန်းပေါက်တာထက်သေချာတယ်... ဒီမယ်... ညက ကျုပ်အိပ်မက်မက်သဗျ... အိပ်မက်ထဲမယ် ကျုပ်က မိန်းမနှစ်ယောက်ရတယ်တဲ့လေ"
"ဟင်... အဲ့ဒါနဲ့ အခန်း ၂ က နံပါတ်၅ ပုစ္ဆာက ဘာဆိုင်သလဲဗျ"
"ကိုသက်လူနှယ် ခင်ဗျား အတိတ်မကောက်တတ်ဘူးလားဗျ.... မိန်းမက ကြာသာပတေးနံ ဆိုတော့ ၅ ဗျာ... ဟော နှစ်ယောက်ရတယ်မဟုတ်လား... အဲ့ဒီတော့ အခန်း ၂ ပေါ့ဗျ "
"ဟင်"
"ကိုင်း...ပေးစမ်းပါ ခင်ဗျား မှတ်စု... ပြောနေကြာတယ်... အချိန်မတိမ်းစောင်းခင် ဗိန်းမောင်းတီးပြီး ကူးလိုက်စမ်းမယ်"
သက်လူက ကိုကျော်ထွန်းအား မှတ်စုစာအုပ်ထုတ်ပေးလိုက်တော့ ကျောင်းခန်းရှေ့ရှိ အုတ်ခုံပေါ်တင်၍ အလျှင်စလိုကူးနေတော့၏။ မိနစ်အနည်းငယ်ကြာချိန်၌ ကိုကျော်ထွန်းမှာ ကူး၍ပြီးသွားသဖြင့် သက်လူ၏လက်ထဲသို့ စာအုပ်အားပြန်ထည့်ပေးလာကာ...
"ကျေးဇူးကြီးပါရဲ့ ကိုသက်လူ... ခင်ဗျားလည်း ဒီပုစ္ဆာသာ ကြည့်ထားပေတော့...ခင်ဗျားရော အိပ်မက်တွေ ဘာတွေမက်သေးသလား... ကျွန်တော် အတိတ်ကောက်ပေးမယ်"
"တော်ပါပြီဗျာ ကျုပ် ဒါမျိုးတွေ အယုံကြည်မရှိပါဘူး...သွားဦးမယ်"
သက်လူ စာသင်ခန်းဘက်သို့ထွက်လာတော့ ကိုရဲခေါင်တို့ ကိုလှတင်တို့အုပ်စုကိုတွေ့ရသည်။ ကိုရဲခေါင်သည် သက်လူအား ရှုတည်တည်နှင့်ကြည့်နေသဖြင့် သက်လူအံ့သြသွားရသည်။ မနက်က ကာဖီဝိုင်းမှာဖြင့် အကောင်းကြီးရှိသေးရဲ့ ယခုမှ ဘာဖြစ်ရပြန်သည်မသိပေ။ ကိုလှတင်က စာငုံ့ကူးနေရာမှ မော့ကြည့်လာကာ...
"ဟော အရေးပိုင်သား ဘယ်တွေများသွားနေသလဲ... ခင်ဗျားကို ကျောင်းဝန်းထဲမှာ တစ်ယောက်စောင့်နေလေရဲ့"
"ဘယ်သူများလဲ ကိုလှတင်"
"သစ်ပုတ်ပင်ကြီး"
"ခင်ဗျားကတော့ဗျာ"
"ပြောင်တာပါ... တကယ်စောင့်နေလေရဲ့ ခင်ဗျားမြှာကလေး... မာဂရက်သက်လယ်တဲ့... ဖွံ့ဖွံ့ထွားထွား ရေဆေးငါးကြီးဗျား... အရေးပိုင်သားတို့ ငါးမျှားတော်ချက်ကတော့... ကျောင်းဝန်းထဲအထိ ရောက်ချလာတာပဲ"
မာဂရက်၏ နာမည်ကြားတော့ သက်လူအံ့ဩသွားရပြန်သည်။ ခရီးကပြန်လာပြီးကတည်းက မော်တော်ကားလည်း မရှိတော့သဖြင့် ပျော်ပွဲစားရုံဘက် မရောက်ဖြစ်သည်မှာ ကြာပြီဖြစ်သလို မာဂရက်ဆီမှ ရောက်လာသော စာများကိုလည်း မဖွင့်ဖတ်ဖြစ်ခဲ့ပေ။
"ဘယ်နား တွေ့ခဲ့သလဲ ကိုလှတင်"
ကိုလှတင် ပြန်မဖြေခင်မှာ ကိုဘမြင့်က ကြားဝင်၍ ပြောသည်။
"အို... ဒီလိုလွယ်လွယ်နဲ့တော့ ရရိုးလား... မနက်ဖြန်ဖြေမယ့် ဘာသာအတွက် ခင်ဗျား ကွက်ရှင်အောက် ထားတာရှိရင်ပြောခဲ့"
သက်လူ တစ်ချက်စဉ်းစားလိုက်ပြီးကာမှ...
"အခန်း ၂ ... ပုစ္ဆာ နံပါတ် ၅"
"ဟိုက်ရား... အတိကျပါပဲလား မောင်တို့... ကောင်းပြီဗျား... စက်မှုပညာဌာန နားက ရေတမာပင်တန်းမှာ ခင်ဗျား ရေဆေးငါးကြီး စောင့်နေလေရဲ့... အားကျပါဘိဗျာ... အားတဲ့တစ်ရက်တော့ ကိုသက်လူဆီမှာ ငါးမျှားနည်း သင်ဦးမှပါ"
"ကိုဘမြင့်!"
ကိုရဲခေါင်၏ ခတ်ဆတ်ဆတ်ခေါ်သံက ထွက်လာသည်။
"မိန့်တော်မူပါ အလောင်းမင်းတရား"
"ခင်ဗျား သိပ်အားနေသလား... စာကဖြင့် အခုမှကူးနေရတယ်... စာရတဲ့သူနဲ့ အရည်မရ အဖတ်မရတွေပြောနေမယ့်အစား စာမေးပွဲသာ အောင်အောင် လုပ်ပါလေ... ရှုံးခါမှ အိမ်ကို ဝမ်နင်စာပို့ခံနေရမယ်"
"လုပ်နေပါတယ်... ခင်ဗျားကလည်း ဆူလိုက်တာမှ မီးရထားစက်ခေါင်းက ရေနွေးအိုးကြီးသားကျလို့ အငွေ့တစ်ထောင်းထောင်းနဲ့ပါကလား"
ကိုဘမြင့်၏ အပြောကို ကိုလှတင်က ခွီးခနဲရယ်လိုက်ကာ...
"ကိုသက်လူ သွားလေ... ခင်ဗျား မြှာကလေး စောင့်နေရတာ ဗျိုင်းဖြစ်နေရော့မယ်"
သက်လူ စာသင်ခန်းထဲမှ ထွက်လာသည်အထိ ကိုရဲခေါင်က သက်လူအား စကားမပြောဘဲ မှုန်တေတေဖြင့်သာ ကြည့်၍ ကျန်ခဲ့၏။
ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အဦ အသစ်ကြီးဘေးရှိ ရေတမာပင်တန်းများကို ဖြတ်၍ စက်မှုပညာဌာနသို့ သက်လူ ထွက်လာခဲ့သည်။ ရေတမာပင်ရိပ်၌ ဗမာရင်ဖုံးဝတ်စုံ ဘီးဆံထုံးကျော့ကျော့ဖြင့် လက်ပိုက်လျှက် ရပ်နေသော မာဂရက်က သက်လူကိုတွေ့တော့ အမူပိုသော မျက်စောင်းလှလှဖြင့် ဆီးကြိုနှုတ်ဆက်သည်။
"ဘယ်လိုလဲ တက္ကသိုလ်ကျောင်းသားကြီးရဲ့... သက်လယ်ကို မေ့နေပြီလားရှင်... တွေ့ဖို့ခက်ခဲလွန်းလို့ကို လိုက်ရှာရတော့တာပဲ"
"ဒီအထိ ဘယ်လိုများရောက်လာရသလဲ သက်လယ်"
"အိုး... နေနိုင်တဲ့သူက မလာမှတော့ မနေနိုင်တဲ့သူက မိန်းကလေးတန်မဲ့ လိုက်ရှာရပါသတဲ့ရှင်"
သက်လူ သက်ပြင်းမျှင်းမျှင်းကို ချလိုက်မိ၏။
မာဂရက်က မျက်နှာကလေးကို သနားကမားအမူအရာလုပ်ကာ...
"နေနိုင်လှချည့်လား ဒါလင်ရယ်... သက်လယ် ပို့တဲ့စာတွေရော ရရဲ့လားဟင်"
"ကျောင်းအဖွဲ့နဲ့ ခရီးသွားခဲ့ရတာ သက်လယ် အသိသားပဲ မဟုတ်လား... အဲ့ဒီကပြန်ရောက်တာနဲ့ စာမေးပွဲနဲ့ တိုးတာပါပဲ... စာမေးပွဲပြီးမှ သက်လယ်နဲ့ အေးအေးဆေးဆေး စကားပြောစရာရှိတာ ပြောဖို့မှန်းထားတာပဲ"
"ဒါလင် ဘာပြောမယ်ဆိုတာ သက်လယ်သိပါတယ်... ကိုတင်လတ် သက်လယ်ကို လာတွေ့ပြီးသွားပြီ"
"ဟင်... ကိုကိုလတ်က ဘာများပြောသလဲ သက်လယ်"
"မိဘများ စီစဉ်တာကို မလွန်ဆန်နိုင်တာမို့ ဒါလင်နဲ့ အဆက်သွယ်ဖြတ်ဖို့ပြောတာပါပဲ... ဒီမယ် စတီဗင်... သက်လယ်က ဗွင်းဗွင်းရှင်းရှင်း သဘောကျတာ သိရဲ့မဟုတ်လား... သက်လယ်ကိုပြောစမ်းပါ... ဒါလင့် သဘောကို သိချင်တာပါပဲ... ဒါလင်သာ သက်လယ်ကို တကယ်မေတ္တာရှိရင် သက်လယ် တလောကလုံးနဲ့ ရင်ဆိုင်ပစ်ချင်တယ်ကွယ်"
မာဂရက်က ရှေ့သို့တိုးလာကာ သက်လူ၏လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်လာသည်။ ကျောင်းဝန်းထဲမှာ ဖြစ်နေ၍ သက်လူက မာဂရက်၏ လက်ကိုအသာဖယ်ချလိုက်သည်။
"ကျွန်တော့် သဘောကတော့ သက်လယ် မိဘများစီစဉ်တာကို လက်ခံစေချင်တာပါပဲ... ကိုကိုလတ်က ကျွန်တော့အစ်ကိုမဟုတ်လား"
သက်လူ၏အပြောကြောင့် မာဂရက်က ဒေါသထွက်နေသော ကျားမလေးတစ်ကောင်လို ရုတ်ချည်းပြောင်းလဲသွားကာ သက်လူ၏ရင်ဘတ်အား တဘုန်းဘုန်းနှင့် ထုရိုက်တော့၏။
"ရှင်... ရှင် သိပ်ဆိုးတယ်... သိပ်ဆိုးတယ် စတီဗင်... ဒီကိစ္စကို သိသိလျက်နဲ့ ဘာကြောင့်သက်လယ်ကို လာကစားချင်ရသလဲ... နောက်ဆုံးတော့ သက်လယ် ကလည်း ရှင်တွဲပြီး ထားရစ်ခဲ့တဲ့ တခြားမိန်းကလေးတွေလို ကျန်ရစ်ခဲ့ရဦးမှာပေါ့လေ... ဟုတ်ရဲ့လား... ဟင်!"
သက်လူက မာဂရက်၏ လက်သီးဆုပ်ကလေးများကို ဖမ်းယူဆုပ်ကိုင်ထားလိုက်သည်။
"တောင်းပန်ပါတယ် သက်လယ်... ခွင့်လွှတ်ပေးဖို့တော့ မတောင်းဆိုချင်ဘူး... ကျွန်တော် သက်လယ်ကို ပျော်အောင်မထားနိုင်မှာ သေချာနေတာမို့ ကျွန်တော်တို့ ဒီလောက်နဲ့ဘဲ ပြတ်စဲကြရအောင်ပါလေ"
မာဂရက်က ကိုယ်လုံးကလေးတုန်ခါလျှက် တသိမ့်သိမ့်ရှိုက်ငိုက သက်လူ၏ရင်ခွင်ထဲသို တိုးဝင်လာသဖြင့် အလိုက်သင့်ဖက်ထားပေးရသည်။ ကျောင်းဝန်းထဲ၌ ဖြစ်နေသော်လည်း နှစ်သိမ့်ပေးဖို့ လိုအပ်နေပြီ မဟုတ်ပါလား။ သည်အရာတွေက သက်လူအတွက်တော့ မထူးဆန်းသလို လုပ်ရိုးလုပ်စဉ်ပင် ဖြစ်နေခဲ့ပြီ။ အမုန်းနှင့် လမ်းခွဲခြင်းဟာ ဘယ်အရာမှ မကောင်းတတ်တာမို့ သက်လူက ထားခဲ့သမျှရည်းစားတိုင်းကို လမ်းခွဲသည့်အခါတိုင်း တောင်းပန်နှစ်သိမ့်ပေးတတ်သည်။
သိုင်းဖက်ထားသော မာဂရက်၏ ကျောပြင်အား ဖွဖွပုတ်ပေးလျှက် သက်လူ သက်ပြင်းချမိသည်။
"ပျော်ခဲ့ရတဲ့ အတိတ်တွေအတွက် သိပ်ကျေးဇူးတင်တာပါပဲ သက်လယ်... ရှေ့ဆက်ပြီး ပိုကောင်းတဲ့သူနဲ့ သာယာတဲ့ဘဝကို သက်လယ် ရပါစေတော့"
သက်လူက မာဂရက်အား ပုခုံးနှစ်ဖက်မှ ဆွဲကိုင်လျှက် ရင်ခွင်ထဲမှ ခွါလိုက်ကာ...
"မော်တော်ကားကို ကိုယ်တိုင်မောင်းလာခဲ့တယ် မဟုတ်လား သက်လယ်"
မာဂရက်က လက်ကိုင်ပုဝါဖြင့် မျက်ရည်များကို တို့သုတ်လျှက် ခေါင်းညိတ်သည်။
"ဒီလိုနဲ့တော့ သက်လယ် ကိုယ်တိုင်မောင်းပြန်လို့ မဖြစ်ပါဘူး... ကျွန်တော်မောင်းပြီး လိုက်ပို့ပေးပါရစေ"
"ဒါက နှင်တာပေါ့လေ... စတီဗင်သက်လူက အသည်းစားဘုရင်ဆိုတာ အကြားနဲ့ မယုံခဲ့ဘူး ကိုယ်တိုင်ကြုံဖူးမှ သိလိုက်ရပါပြီရှင်"
မာဂရက်က သက်လူအား ခနဲ့ကာ မော်တော်ကားရပ်နားရာဆီသို့လျှောက်သွားသည်။ ပင်ကိုစရိုက် ပွင့်လင်းသွက်လက်သည့် မာဂရက်က ယောက်ျားတစ်ယောက်အား ငိုယိုပြီး ဆွဲထားမည့်သဘောမှာမရှိပေ။ သည်နေရာအထိရောက်လာသည်ကပင် သက်လူအား အမှန်တကယ်သဘောကျလွန်း၍ ဖြစ်ကြောင်းသိနိုင်ပါသည်။
သို့သော် ဘယ်လိုနှောင်ကြိုးမျိုးကိုမှ မလိုချင်ခဲ့သော စတီဗင်သက်လူက ချည်နှောင်မည့် အရိပ်အယောင်တွေ့သည်နှင့် တိခနဲဖြတ်ချတတ်၏။
မာဂရက်နေထိုင်ရာ ကန်တော်ကြီး ပတ်လမ်းထဲသို့ လိုက်ပို့ပေးခဲ့ပြီး သက်လူမြင်းလှည်းငှား၍ တကောင်းဆောင်သို့သာ ပြန်လာခဲ့တော့သည်။ စာမေးပွဲရက်များတွင် စာသင်ချိန်များမရှိတော့၍ အားလုံးလိုလို ပြန်ကုန်ကြလိမ့်မည်။
အဆောင်ပေါ်သို့မတက်ခင် သက်လူ၏ ယုန်ကလေးအား သွားကြည့်ရန်သတိရပြီး အနောက်ဘက်တန်းလျားရှိ ဂျာဒူးနေထိုင်ရာ အဆောင်ဘက်သို့ အရင်ထွက်လာခဲ့သည်။
"ဟင်... ကိုရဲခေါင်"
အဆောင်နောက်ဘက်ရှိ ယုန်လှောင်အိမ်ကလေးဘေးတွင် ကိုရဲခေါင်က ထိုင်၍ သက်လူ၏ယုန်ကလေးအား အစာကျွေးနေသည်ကို တွေ့လိုက်ရသည်။
သက်လူကို မြင်တော့ မျက်နှာက ချက်ချင်းတည်သွားပြီး ထိုင်နေရာမှ ထရပ်လိုက်သည်။
"တာဝန်မယူနိုင်ဘဲ သူတပါးအသက်တွေ လက်လွတ်စပယ် မမွေးသင့်ဘူးမဟုတ်လား ကိုသက်လူ"
"ခင်ဗျာ"
"ယုန်ကလေးက ဘယ်လောက်ဗိုက်ဆာနေတယ် မှတ်သလဲ... သခင်လုပ်သူက တော်တော်အရေးကြီးကိစ္စတွေနဲ့ ရှုပ်နေဟန်တူရဲ့... စာမေးပွဲရက်ကြီးတောင် မအားရရှာတော့လေ... လိုချင်လှပါချည်ရဲ့ဆိုပြီး ချင်းတောင်ကနေ ဒုက္ခခံပြီးသယ်လာရတဲ့ ယုန်ကလေးကိုတောင် အစာမကျွေးနိုင်တော့ဘူး မဟုတ်လား"
"ဒါပေမယ့် အစားစားချိန်က စောသေးတာပဲ"
"ယုန်ပဲဗျ... ခုန်ပေါက်ကစားနေရတော့ ဗိုက်ပိုဆာမှာပဲလေ... ခင်ဗျားက ဂရုစိုက်ပြီး ကျွေးရမယ်မဟုတ်လား... ဒီလိုတွေ လျှောက်သွားပြီး ပစ်ထားခဲ့လို့ ဖြစ်ပါဦးမလား"
ကိုရဲခေါင်က အမှန်တကယ်ပင် မကျေနပ်ဟန်ဖြင့် သက်လူအား မျက်နှာထားတည်တည်ထား၍ ပြောနေသည်။ အမှန်ဆို ခါတိုင်း ဒီအချိန်ကျောင်းမှာပဲ ရှိသေး၍ ယုန်အစာကျွေးချိန်လည်း မရောက်သေးပေ။ ကိုရဲခေါင်သည် သက်လူအား အလကား သက်သက် ရမယ်ရှာနေခြင်းသာဖြစ်၏။
"ပစ်ထားတယ်ရယ်လို့လည်း မဟုတ်..."
"တော်ပါပြီဗျာ... ခင်ဗျားဂရုမစိုက်ရင် ကျုပ် ဒီကောင်ကို ချင်းတောင်ပေါ်ပဲ ပြန်သွားလွှတ်တော့မယ်... ခင်ဗျား သိပ်အလုပ်ရှုပ်နေရဲ့ မဟုတ်လား"
ကိုရဲခေါင်က သက်လူစကားကို ဆုံးအောင်နားမထောင်ဘဲ ဘောက်ဆတ်ဆတ်ပြောကာ လှည့်ထွက်သွားဖို့ပြင်သည်။
"ကိုရဲခေါင်"
သက်လူခေါ်တော့ ရှုတည်တည်ဖြင့် လှည့်ကြည့်လာသည်။
"ချင်းတောင်ကို မပို့ပါနဲ့... စာမေးပွဲပြီးရင် ရွှေဘိုကိုခေါ်သွားဖို့ ပြောထားရဲ့ မဟုတ်လား... ဒီလို ကတိမတည်တာတော့ ဘယ်ကောင်းပါ့မလဲ... ကျွန်တော့် ယုန်ကလေးက လူစကားနားလည်နေပြီ"
သက်လူပြောတော့ ကိုရဲခေါင်မျက်နှာက လှစ်ခနဲ ပြုံးယောင်သန်းသွားသည်။ သို့သော် ပြန်၍ ခပ်တည်တည်ဖြစ်သွားပြီး ခါးထောက်လျှက် ယုန်ကလေးအား ကြည့်လိုက်သည်။
"ဒီမယ် ဟိုအကောင်ကလေး... မင်း လူစကားနားလည်ရင်ဖြင့်လည်း ပြောတတ်အောင်လည်းကျင့်ထား... တတ်တဲ့အခါကျရင် မင်းရဲ့ သခင်ကိုပြောလိုက်... စာမေးပွဲရက်ကြီး သိပ်အလုပ်တွေရှုပ်မနေနဲ့လို့... စာမေးပွဲရှုံးလို့ နာမည်ရှေ့မှာ F တပ်ခံနေရမှ လူရယ်စရာဖြစ်နေမယ်လို့ ပြောလိုက်စမ်း ကြားသလား"
လှည့်ထွက်သွားသော ကျောပြင်ကိုကြည့်ပြီး သည်တစ်ခါ ပြုံးမိရသူက သက်လူဖြစ်သွားတော့၏။ ရင်ထဲမှာလည်း နွေးနေသလို ခံစားလိုက်ရလေသည်။
.............................................................................
နှစ်ဝက်စာမေးပွဲကြီး ပြီးမြောက်၍ အတန်းရှေ့ကြော်ငြာဘုတ်တွင် အအောင်အရှုံး စာရင်းကပ်လေပြီ။ စာမေးပွဲ ရှုံးသူများက ခုံနံပါတ်နှင့် နာမည်ရှေ့တွင် Fail ဟု အတိုကောက် F စာလုံးတစ်ခု အပိုပါလာကြပြီး ကိုလှတင်၏ နာမည်ရှေ့တွင်လည်း F တစ်လုံးပါလာခဲ့သည်။
"ဘယ့်နှယ်လဲ အက်ဖ်လှတင်"
ကိုဘမြင့်၏ အခေါ်ကြောင့် ကိုလှတင်မှာ မျောက် ငရုပ်သီးစားမိသလို ဆတ်ဆတ်ခါလျှက်...
"အောင်မလေး စိတ်ညစ်လွန်းရတဲ့ကြားထဲ ဒီနာမည်ကြီး မခေါ်စမ်းပါနဲ့ဗျာ... ရှိကြီးခိုးပါရဲ့"
"အို ခင်ဗျားကလဲ... စိတ်ညစ်ရုံနဲ့ ဘယ်ပြီးပါ့မလဲ... တစ်ခါတည်းသာ သေလိုက်ပါတော့လား"
ကိုအောင်မြင့်ကပါ ဝင်၍ ပြောင်သဖြင့် ကိုလှတင်မှာ မျက်နှာကို ရှုံ့မဲ့သွားရကာ...
"သေတာထက်မြန်တဲ့နည်းရှိရင်သာ ပြောကြပါတော့... အိမ်ကို ဝမ်နင်စာပို့ခံရတော့မယ် ကျုပ်အဖေကြီး သိရင်ဖြင့် ဒီအရွယ်ကြီးလည်း ကျောကွဲအောင် အထောင်းခံရမှာပါပဲ"
ရဲခေါင်က စာသင်ခန်းပြတင်းပေါက်ပေါ်တွင် ထိုင်နေရာမှ အောက်သို့ဆင်းလိုက်ပြီး...
"ခင်ဗျား အခုခါမှ ကြောက်နေလည်း အပိုပဲ ကိုလှတင်... စာဖြင့်သေချာ မလုပ်ဘဲ ကြမ်းပိုးထိုးနေခဲ့တာ မဟုတ်လား"
ထိုအချိန်၌ ကိုသက်လူက အခန်းတွင်းသို့ ဝင်လာသည်။
"ဟော လာပါပြီဗျာ အရေးပိုင်သား... လာစမ်းပါဦး... ခင်ဗျား ကွက်ရှင်အောက်လာတာ အခန်း ၂ ပုစ္ဆာ နံပါတ်၅ ဆို... အခုတော့ဖြင့် တစ်ပုဒ်မှ မပါပါကလား... ကျုပ်ဖြင့် အဲ့ဒီဘာသာကြောင့် ကျတယ်ထင်တာပဲ"
"ဟုတ်သားပဲ ကိုသက်လူ... ခင်ဗျား ဒီလိုချောက်ချတာတော့ ဘယ်ကောင်းလိမ့်မလဲ"
ကိုလှတင်နှင့် ကိုဘမြင့်တို့က ဆီး၍အပြစ်တင်ကြတော့ ကိုသက်လူက ရဲခေါင်အားလှည့်ကြည့်လာသည်။ နှုတ်ဖြင့်ဖွင့်ဟ၍ မပြောသော်လည်း ထိုအကြည့်တို့အား ရဲခေါင်က သဘောပေါက်ရပါ၏။
"ကိုလှတင် ဘယ့်နှယ် သူများကို အပြစ်တင်နေရသလဲ... ကိုသက်လူက ခင်ဗျားတို့မေးလို့သာ ဖြေခဲ့တာမဟုတ်လား ဒီပုစ္ဆာပါမယ်လို့ သေချာပေါက်ပြောခဲ့တာမှ မဟုတ်တာ... ခင်ဗျား ဒီလိုစိတ်ညစ်နေမယ့်အစား ချောစာကိုင်တဲ့ စာရေးကြီးကိုသာ သွားပြီးချွဲနေချည်ပါတော့လား"
ရဲခေါင်က ထိုသို့ပြောတော့ ကိုအောင်မြင်က မျက်နှာကို မဲ့ပြပြီး...
"သွားမပြောနဲ့ ကိုလှတင် .... ကိုသက်လူမှာက အခမဲ့ ရှေ့နေရှိတယ်... ခင်ဗျားမှာတော့ ဘာရှိသလဲ... ရှိတာတွေတောင် အပေါင်ဆိုင်ရောက်ကုန်ပြီ မဟုတ်လား... ပျော်ပျော်ကြီးသာနေပါတော့... အိမ်ပြန်ရောက်ရင် ခင်ဗျား အဖေကြီးလက်ချက်နဲ့ ကျောကွဲမှာ ဧကန်မုချပါပဲ"
ကိုအောင်မြင့်က ကိုလှတင်အား ကျောသပ် ရင်သပ်ဖြင့် နှစ်သိမ့်ဟန်ဆောင်ကာ ကျောကုန်းအား ထု လိုက်သည်။
"ကိုရဲခေါင်ပြောတာ အဟုတ်သားပဲ ... ခင်ဗျားတိုင်စာ အိမ်မပို့အောင် ချောစာကိုင်တဲ့ ဒက်စပက်ချာကို မသန်းကြည်အမှတ်နဲ့သာ သွားချွဲပါတော့"
ကိုဘမြင့်က ထိုသို့ဝင်ပြောတော့ ကိုသက်လူက ဘလေဇာကုတ်အင်္ကျီအတွင်းအိတ်ကပ်ထဲမှ လက်ကီးစထရွိုက် စီးကရက်ဗူးကို ထုတ်ယူ၍ ကိုလှတင်ထံသို့ ကမ်းပေးလိုက်သည်။
"စာရေးကြီးက ဒီဟာသိပ်ကြိုက်တယ်"
"ဟာ... ဒီလိုဆိုရင်တော့ နေရာကျပြီ... ကိုသက်လူ ခင်ဗျားကြည့်ရတာ ချောစာတွေ အိမ်မရောက်အောင် ဒီနည်းနဲ့ ဖြောင်နေပုံရတယ်"
"မဟုတ်တာဗျာ"
"ကျေးဇူးကြီးပါရဲ့ ကိုသက်လူ... ကျုပ်တော့ ဒက်စပက်ချာ ဆီပြေးလိုက်ဦးမယ်ဗျို့... ကျုပ်ရဲ့ ဝမ်နင်စာကို အိမ်မပို့ဘဲ ဖြဲပစ်ခိုင်းရမယ်... ကိုအောင်မြင့် လိုက်ခဲ့ဦးဗျာ ခင်ဗျားက ကျောက်ဆင်းတုတော်ကြီးတောင် ခေါင်းညိတ်အောင် ပြောတတ်တဲ့လူပဲ... ကျုပ်ကို ကူပြောပေးစမ်းပါဦး"
"ဒီလူကတော့ဗျာ... စာကြည့်ရမယ့်အချိန်တွေတုန်းကတော့ စာမကြည့်ဘဲ ခုတင်ညောင်စောင်း လျောင်းတော်မူလိုက်... အင်းလျားကန်စောင်း နှာခေါင်းတော်မူလိုက် လုပ်နေခဲ့ပြီး... စာမေးပွဲရှုံးကာမှ အဖေကယ်ပါ အောင်မြင့် ကယ်ပါနဲ့... မိဖုရားဟိုဒင်း ကင်းကိုက်နေပါရော့လား"
ကိုအောင်မြင့်၏ အပြောမှာ ကိုလှတင်အား ပိဿလေးနှင့် နံဘေးပစ်လိုက်သလို ထိမိသွားရသဖြင့် ရဲခေါင်တို့ ဝိုင်းရယ်မိကြတော့သည်။ ကိုလှတင်မှာ အမှန်ပင် အိပ်လိုက်စားလိုက် အင်းလျားဆောင်သွား၍ လူပျိုလှည့်လိုက်ဖြင့် ပထမနှစ်ဝက်လုံး စာပင်ကောင်းကောင်းမကြည့်ခဲ့သူဖြစ်၏။
"ခင်ဗျား ဥပမာကြီးကလဲဗျာ... တခြားပေးစရာ မရှိတော့ဘူးလား"
"ဒီထက်ကောင်းတာ မရှိဗျာ... မိဖုရားတွေက ဘုရင်ကများ ပစားပေးထားရင် ပိုပိုကဲကဲတွေသည်းလွန်းရဲ့ မဟုတ်လား... အဲ့ဒီအထဲ ဟိုဒင်း ကင်းကိုက်မိမှတော့ နန်းတော်တစ်ခုလုံး ပြာယာခတ်ပေတော့ဗျား... အခုလည်း ကျုပ်တို့ပါ ပြာယာခတ်နေရရဲ့ မဟုတ်လား"
"အောင်မလေး တော်ပါတော့ ... လိုက်ခဲ့စမ်းဆိုဗျာ"
ကိုလှတင်က ကိုအောင်မြင့်အား ကုတ်မှဆွဲ၍ ခေါ်သွားတော့သည်။ အခန်းထဲတွင် ကျန်ခဲ့ကြသူများ၌ ကိုဘမြင့်က အပျင်းကြောဆန့်လိုက်ပြီး...
"အင်း... ကျောင်းကြီးက တစ်လတောင်ပိတ်မှာ ကျုပ်ဖြင့် မြို့ပြန်ရင် ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိ ယောင်ချာချာဖြစ်နေရတော့မှာပဲ... အိမ်အလုပ်တွေ မကူချင်လို့ ရွှေဘိုဘက် အလည်လိုက်ရမလားမှတ်တယ် ဦးအောင်ဇေယျက တယ်လည်းလူမှုရေးခေါင်းပါးသကိုး"
ရဲခေါင်က မလုံမလဲဖြင့် ကိုသက်လူအားကြည့်လိုက်မိသည်။
"ကျုပ်ပြောပြီးပါပြီကော ဒီလတွေက ပွဲရုံအလုပ်တွေနဲ့ ရှုပ်နေတာပဲ... ကျုပ်ဖြင့် ယားလို့တောင် မကုတ်အားပါဘူးဆို... ခင်ဗျားတို့လာချင်ရင် ဖိုင်နယ်စာမေးပွဲကြီးပြီးမှသာ လာကြပေတော့"
"ပြီးတာပါပဲဗျာ... ဟာ ဟေ့လူ ကိုတင်ဖေ ဘယ်ကြွမလို့တုန်းဗျ"
"ဗဟိုထမင်းစားရုံဘက်ဗျာ... လက်ဖက်ရည်လေးများ ရဦးမလားလို့"
"ဒါဖြင့် ကျုပ်လည်း လိုက်ဦးမယ်ဗျာ"
ကိုဘမြင့်က ထိုင်နေရာမှထကာ လုံချည်ကိုပြင်ဝတ်လိုက်ပြီး အတန်းထဲမှ ကိုတင်ဖေတို့နှင့် ပါသွားတော့သည်။ ကိုသက်လူက ရဲခေါင်အား လှည့်ကြည့်လာပြီး...
"ကိုရဲခေါင် ကျွန်တော်လည်း ရွှေဘိုမလိုက်တော့ရင် ကောင်းမယ်ထင်ရဲ့"
ရဲခေါင်မျက်မှောင်ကျုံ့မိသွားရသည်။
"ဘာဖြစ်လို့များလဲ ကိုသက်လူ... ကျုပ်ကဖြင့် ခင်ဗျားကို အလည်ခေါ်လာမယ့်အကြောင်း အိမ်ကိုတောင် စာထည့်လိုက်ပြီ"
"တခြားမဟုတ်ပါဘူး... ခင်ဗျားပဲ အလုပ်တွေရှုပ်ပြီး ယားလိုတောင်မကုတ်အားဘူးဆို"
"ဒီလိုဖြင့်လည်း အလည်လိုက်လာတဲ့သူ ကူပြီးကုတ်ခိုင်းရုံရှိတာပဲ... မလိုက်ချင်ရင်လဲ နေခဲ့... ကျုပ်က စကားကို ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောတတ်တဲ့သူတွေ သိပ်မုန်းတာပဲ"
ရဲခေါင် စိတ်တိုစွာဖြင့် နေရာမှ ထရပ်ကာ အခန်းပြင်သို့ထွက်ရန် ဦးတည်လိုက်သည်။
"ကိုရဲခေါင် နေပါဦး ဘယ်သွားမလို့လဲ"
"ကျုပ်ဟာကျုပ် ဘယ်သွားသွား... ခင်ဗျားပူစရာ ဘာများရှိသလဲ"
ကိုသက်လူက ရဲခေါင်နောက်သို့ လိုက်လာပြီး ရဲခေါင်အား ကျော်တက်၍လျှောက်သွားကာ...
"ဒီလိုဆိုလည်း ပြီးတာပါပဲလေ... ကျွန်တော်က ဘူတာကြီးသွားပြီး ရထားလက်မှတ်ခံမလို့... ခင်ဗျား မလိုက်ချင်လည်း နေခဲ့ပေါ့"
"ဟင်"
ရဲခေါင် မျက်နှာက ပြုံးမိသွားပြီး ကိုသက်လူနောက်သို့ ခြေလှမ်းကျဲများဖြင့်လိုက်သွားမိသည်။
"ဟေ့လူ... နေဦး ခင်ဗျား လက်မှတ်ခံတတ်လို့လား... ရန်ကုန် မန္တလေးလက်မှတ်အရင်ခံရမှာကို"
ကိုသက်လူက ခြေလှမ်းများကို ပိုပြီးသွက်လိုက်သဖြင့် ရဲခေါင်လည်း နောက်မှပြေးလိုက်ပြီး ပုခုံးမှဆွဲဖက်ကာ လည်ပင်းအားချုပ်ထားလိုက်သည်။
"ပြောနေတာ ကြားသလား"
"အ! ဟေ့လူ... ဖယ်ပေး ... ကိုရဲခေါင်!"
ရဲခေါင်တို့၏ လှုပ်လှုပ်ရှာရှား ခြေသံများကြောင့် ကျောင်းကော်ရစ်ဒါဘေးရှိ ပန်းခြုံမှ လိပ်ပြာကလေး နှစ်ကောင်က လန့်၍ ပျံသွားကြသည်။
ထိုလိပ်ပြာကလေးနှစ်ကောင် နားနေသော ပန်းခြုံသည် အဘယ်သို့ အမည်ခေါ်တွင်၍ အဘယ်သို့ ရနံ့သင်းသလဲ ရဲခေါင် မသိပါပေ။
သို့သော် ရဲခေါင်၏နှာဝတွင် နီးကပ်စွာ ကလူကြည်စယ်နေသော အော်ဒီကလုံးရေမွှေးရနံ့ကတော့ တော်တော်လေးမှ သင်းပျံ့ပါလေ၏။
...........................................................................
<3 DiDi Zaw
(26/07/2023)
ကျောင်းကော်ရစ်ဒါမှာ ဘယ်သူတွေ လိုက်တမ်းပြေးတမ်းဆော့နေကြတာလဲကွ