မီးရထား ဥဩဆွဲသံနှင့်အတူ လူသံသူသံ စျေးသည်တို့၏အော်ဟစ်သံများ ကြားရသဖြင့် သက်လူအိပ်ပျော်နေရာမှ နိုးလာခဲ့သည်။ တွဲပေါ်မှစကားသံများအရ ရွှေတောင် ဘူတာသို့ဆိုက်ရောက်ကြောင်းသိလိုက်ရသည်။
သက်လူ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ရန်ပြင်လိုက်စဉ် ဘယ်ဘက်ပုခုံးတစ်ခုလုံး လေးလံထုံကျဉ်နေပြီး ညောင်းညာလို့နေသည်ကို သတိထားမိရသည်။ ထိုအခါမှ တစ်လမ်းလုံး သက်လူ၏ပခုံးအား သူ့အိမ်သူ့ယာကဲ့သို့ မှီအုံးလျက် အိပ်ပျော်လာသော ကိုရဲခေါင်အား သတိရသွားသဖြင့် ပြန်၍ငြိမ်နေလိုက်မိသည်။
သက်လူ၏ လှုပ်ရှားမှုကြောင့် ကိုရဲခေါင်က နိုးသွားသည်။ ပုခုံးပေါ်မှီအိပ်နေရာမှ ခေါင်းထောင်လာပြီး...
"ဟင်! ကျုပ် ခင်ဗျားပုခုံးကိုမှီပြီး အိပ်ပျော်မိသွားသလား ကိုသက်လူ"
သက်လူက ပြန်မဖြေဘဲ ထုံကျင်နေသောလက်ကို အသာလှုပ်ဖို့ကြိုးစားတော့ ကိုရဲခေါင်က ဆတ်ခနဲဆွဲကိုင်လာ၍ ပုခုံးနှင့် လက်မောင်းများအား နှိပ်နယ်ပေးသည်။
"ကျုပ်ကို နှိုးလိုက်ရော့ပေါ့ ကိုသက်လူရယ်"
"ရပါတယ်... နှိပ်ဖို့မလို..."
"အဖွဲ့ခေါင်းဆောင်"
သက်လူစကားမဆုံးသေးခင်မှာဘဲ အနားသို့ ကျောင်းသူတချို့ရောက်လာပြီး ကိုရဲခေါင်အားခေါ်လိုက်သည်။
"ခင်ဗျာ"
"ဟို... ကျွန်မတို့ ရထားရပ်တုန်း အညောင်းညာပြေအောက်ဆင်းပြီး သွားရည်စာလေးများ ဝယ်ရမလားလို့ ခွင့်တောင်းတာပါရှင်"
"ခုမှ ရွှေတောင်ပဲရှိသေးရဲ့ မဟုတ်လား... ရထားက ကြာကြာရပ်မယ်မထင်ဘူးခင်ဗျ... ပြည်ဘူတာကြီးရောက်မှ ဝယ်ကြစေချင်တယ်"
ကိုရဲခေါင်က ခွင့်မပြုတော့ ထိုကျောင်းသူက မျက်နှာကိုရှုံ့မဲ့လိုက်လျက်...
"ဒီလိုဖြင့်လည်း ကောင်းပါပြီရှင်... ဆက်သာနှိပ်နေပါတော့"
"ဟင်"
ကျောင်းသူများက မကျေမနပ်ဖြင့် ဘုတောကာထွက်သွားကြသည်။ သက်လူက ကိုရဲခေါင်၏လက်အတွင်းမှ ရုန်းထွက်လိုက်ပြီး...
"ရပါပြီ ကိုရဲခေါင်"
"သိပ်ညောင်းနေရင် အောက်ခဏဆင်းချင်သလား ကိုသက်လူ"
"ခင်ဗျာ... နေပါစေ... မဆင်းတော့ပါဘူးလေ"
ကျောင်းသူများအား အောက်ဆင်းရန်ခွင့်မပြုလိုက်သော အဖွဲ့ခေါင်းဆောင်က သက်လူအား အောက်ဆင်းဖို့ မေးနေသဖြင့် ငြင်းလိုက်ရသည်။ မဟုတ်လျှင် အခွင့်ထူးခံ ထင်နေမှဖြင့်။
ခဏကြာလျှင် ရထားပြန်ထွက်တော့သည်။ ကိုရဲခေါင်က သက်လူကို မှီ၍မအိပ်တော့ပေ။ နေရာမှထ၍ ပြည်မြို့၌ အောက်ဆင်းနိုင်ကြောင်း အဖွဲ့အား သွား၍အသိပေးအကြောင်းကြားနေသည်။
ထို့နောက် ပြည်ဘူတာကြီးတွင် ထပ်မံဆိုက်ရောက်ပြီး မခင်လေးက အောက်သို့ဆင်းချင်သဖြင့် သက်လူက လိုက်ပို့ရသည်။
"ပြည်က အင်ဖက်နဲ့ထုပ်ပြီးရောင်းတဲ့ ထမင်းလက်သုပ်ဟာဖြင့် သိပ်ကောင်းဆိုပဲ... ကိုသက်လူ စားမကြည့်ချင်ဘူးလား"
"မခင်လေး ဆာရင်စားပါ... ကျွန်တော်တော့ဖြင့် သိပ်လည်းမဆာပါဘူး"
"ခင်လေးလည်း သိပ်မဆာပါဘူးလေ... ဒါပေမယ့် ရောက်တုန်းရောက်ခိုက်ဖြင့် အတွေ့ကြုံရအောင် စားဖူးကြည့်ချင်တာပါပဲ... ခင်လေးတို့ တစ်ထုပ်ပဲဝယ်ပြီး တူတူစားကြရအောင်ပါ... ဟိုမယ် ... မသန်းကြည်တို့ ကိုလှတင်တို့တောင် စားကုန်ကြပြီ"
မခင်လေးက မဝတ်ဘဲ ပုခုံးပေါ်သာ လွှားတင်ထားသော ဆွယ်တာအင်္ကျီကလေးကို ဆွဲကိုင်လိုက်ပြီး ဘူတာပလက်ဖောင်းပေါ်သို့ သွက်လက်စွာ ခုန်တက်လိုက်သည်။ ထို့နောက် မသန်းကြည်တို့အနီး ပလက်ဖောင်းဘေးခုံပုလေးတွင် ဝင်ထိုင်လျှက် သက်လူအား လှမ်းခေါ်လေသည်။
"လာပါ ရှင်ရယ်... မြည်းစမ်းကြည့်ကြတာပေါ့... ခင်လေးတို့ဟာ ဘော်လန်တီယာလုပ်ဖို့သွားရင်း လမ်းခရီးမှာ ဒေသန္တရဗဟုသုတတွေ ရှာမှီးစုဆောင်းကြရမယ် မဟုတ်လား"
သက်လူက မခင်လေးအနီးတွင် ဝင်ထိုင်လိုက်ရသည်။ မခင်လေးက အသုပ်သည်မိန်းမကြီးအား ထမင်းသုပ်တစ်ပွဲ မှာလိုက်သည်။
"ထမင်းလက်သုပ်စုံ တစ်ပွဲပေးပါဒေါ်ဒေါ် ...ငရုပ်သီးလျှော့ထည့်မယ်နော်... သိပ်လည်း မစပ်ပါစေနဲ့ရှင်"
ထို့နောက် သက်လူဘက်သို့လှည့်ကြည့်ကာ ပြုံးပြသည်။ သက်လူ ငရုပ်သီးအစပ်မစားနိုင်ကြောင်း မခင်လေးက သိထားသည်။ ခဏအကြာတွင် သက်လူ၏လက်ထဲ၌ အင်ဖက်မွှေးမွှေးထဲတွင် ထည့်ထားသော စားချင်စဖွယ် ထမင်းသုပ်တစ်ပွဲ ရောက်ရှိလို့လာလေသည်။ မခင်လေးက ဇွန်းနှစ်ချောင်း တောင်းယူလိုက်ပြီး မျက်လုံးကလေးမှိတ်လျက် အနံ့ခံလိုက်သေးသည်။
"ဖက်နံ့သင်းသင်းလေးဟာဖြင့် သိပ်ကိုမွှေးတာပဲနော် ကိုသက်လူ... ရော့... ခင်လေးတို့ စားကြည့်ကြရအောင်"
သက်လူ၏လက်ထဲသို့ ဇွန်းတစ်ချောင်းထည့်ပေးလာပြီး သူကိုယ်တိုင်လည်း တစ်ဇွန်းခပ်၍စားလိုက်သည်။
"အို... အရသာရှိလိုက်တာရှင်... စားစမ်းပါ ကိုသက်လူရဲ့"
မခင်လေး၏ ဟန်ပန်ကလေးကြောင့် သက်လူပင်စားချင်စိတ်ဖြစ်လာရကာ တစ်ဇွန်းခပ်၍စားကြည့်လိုက်သည်။ တကယ်ပင် အရသာရှိလှပါ၏။ မခင်လေးက ဘယ့်နှယ်လဲဟု မေးငေါ့ကာမေးလာသဖြင့် သက်လူခေါင်းညိတ်ပြလိုက်သည်။
"ကဲ... ခင်လေးမပြောပေဘူးလား... ခင်လေးတို့ ဆရာကြီး မစ္စတာသောမတ်စ် ပြောနေကျစကား ရှိရဲ့မဟုတ်လား ကိုသက်လူ... You never try, you never know တဲ့လေ"
သက်လူပြုံးတော့ မခင်လေးက အစ်မကြီးတစ်ယောက်၏ ဟန်ပန်ဖြင့် ခေါင်းညိတ်သည်။
"ခင်လေးတို့ လူ့ဘဝဟာ သိပ်တိုလွန်းတယ် မဟုတ်လား ကိုသက်လူ... ဒေါသတွေ အာဃာတတွေ နောင်တတွေ စိုးရိမ်ပူပန်မှုတွေနဲ့ချည်းပဲ ဖြတ်သန်းသွားလို့မဖြစ်ဘူးလေ... ဘဝမှာ ကိုယ်နေပျော်မယ်ထင်တာလေးတွေ ပေါ့ပေါ့ပါးပါးလည်း လုပ်သွားကြသင့်သေးရဲ့ မဟုတ်လား... ခင်လေးတော့ဖြင့်လေ ဒီခရီးမှာ ကိုသက်လူကို စိတ်ကိုဖွင့်ပြီး ပျော်စေချင်တာပါပဲ"
သက်လူက မခင်လေးကို ငေးကြည့်မိသည်။
"ခင်လေးရဲ့ ဒယ်ဒီ အမြဲပြောနေကျစကားတစ်ခွန်းရှိတယ်ကိုသက်လူ... Life is too short to be unhappy တဲ့"
မခင်လေးသည် လှပထက်မြက်သလောက် သိပ်ကိုပွင့်လင်းပြီး ခင်မင်စရာကောင်းသည့်အမျိုးသမီးတစ်ဦးဖြစ်သည်။ မခင်လေးအား သဘောကျ၍ချဉ်းကပ်ကြသည့် တော်ရုံယောက်ျားများသည် မခင်လေး၏ ပွင့်လင်းသောဆက်ဆံရေးကြောင့် မိတ်ဆွေဧရိယာ အတွင်း၌သာရောက်ကုန်ကြရတော့၏။
မခင်လေးနှင့်သက်လူမှာ ငယ်စဥ်ကတည်းက ဘုရားကျောင်း အသင်းတော်မှာ ခင်မင်ရင်းနီးခဲ့ကြသူများဖြစ်သည်။ မိဘများလည်း အချင်းချင်းသိကြသည့်အလျောက် သက်လူ၏အကြောင်းကို မခင်လေးက ခရေစေ့တွင်းကျသိနားလည်ထားသူဖြစ်၏။ အပေါင်းအသင်းရယ်လို့ အတည်တကျပေါင်းလေ့မရှိသည့် သက်လူအတွက် မခင်လေးကသာ အမြဲတမ်းအဖော်ကောင်းတစ်ယောက်ဖြစ်ခဲ့သည်။ သို့သော် သက်လူ၏ စိတ်မလုံခြုံဖြစ်မှုကိုတော့ မခင်လေးတစ်ယောက် ယခုချိန်ထိမကူညီပေးနိုင်ခဲ့ပါချေ။
"ဟော ကိုရဲခေါင်တို့... ထမင်းလက်သုပ် စားကြပါဦးလား"
မခင်လေးက နှုတ်ဆက်သဖြင့် သက်လူမော့ကြည့်မိတော့ ပလက်ဖောင်းတွင် ခါးထောက်ရပ်လျှက် မျက်နှာထားတည်တည်နှင့် ကြည့်နေသော ကိုရဲခေါင်ကိုတွေ့ရသည်။ သည်လူဟာ သက်လူနှင့် မခင်လေး မည်သို့မှမသက်ဆိုင်ကြောင်း ပြောထားပြီးပါလျက်နှင့်ပင် မကျေနပ်နိုင်သေးဟုထင်သည်။ မခင်လေးအနားတွင်ရှိနေတိုင်း သက်လူအားထိုကဲ့သို့ မျက်နှာထားတည်တည်နှင့် စိုက်ကြည့်လေ့ရှိသည်။
"မစားတော့ပါဘူး မခင်လေး... ရထားထွက်ချိန် နီးပြီမို့ သတိလာပေးတာပါ... မသန်းကြည်တို့ရောပဲ... သွက်သွက်ကလေး စားကြပါ"
ကိုရဲခေါင်က ထိုသို့လောဆော်တော့ မသန်းကြည်ထံမှ မကျေနပ်သံထွက်လာတော့သည်။
"အို... အဖွဲ့ခေါင်းဆောင်ကြီးကလည်း သိပ်လောတာကိုး... အချိန်က ရပါသေးတယ်ရှင် တကတည်း"
"နောက်ကျနေရင် ကျန်ခဲ့မယ်စိုးလို့ သတိပေးရတာပါဗျာ... မှီရင်လည်း ပြီးတာပါပဲ... ကျန်ခဲ့နေရင် ကိုယ့်ဟာကိုယ်သာ နောက်ရထားနဲ့ လိုက်လာကြပေတော့"
ကိုရဲခေါင်က ထိုစကားများအား သက်လူကိုကြည့်ပြီး ပြောသွားသဖြင့် သက်လူစိတ်ထဲ မကျေနပ်ဖြစ်သွားရသည်။ မခင်လေးက ရယ်လျက်...
"ကိုရဲခေါင် တစ်ယောက်ဟာလေ သိပ်ကိုပူပန်တတ်တဲ့လူ"
"ဗျို့ ဦးအောင်ဇေယျ ခင်ဗျား ဘာမှမစားတော့ဘူးလား"
ကိုဘမြင့်၏ လှမ်းခေါ်မေးသံကို ကိုရဲခေါင်က လက်ကာပြသွားပြီး တခြားအဖွဲ့များဆီသို့ထွက်သွားတော့သည်။
"ဒီလူကတော့လေ... အလုပ်ရှုပ်ရင် အစားကို အာရုံမရတော့တာပါလား"
သက်လူတို့ အားလုံးစားလို့ပြီးကြတော့ ငွေရှင်းပြီး ရထားပေါ်ပြန်တက်ရန်ပြင်ကြသည်။ ထမင်းလက်သုပ်သည်ဘေးတွင် ရောင်းနေသောကြက်ဥပြုတ်သည်ထံမှ ကြက်ဥပြုတ်တချို့ ဝယ်ပြီးမှ သက်လူ ရထားပေါ်သို့တက်လိုက်သည်။ ခဏအကြာတွင် ရထားဥဩဆွဲသံထွက်ပေါ်လာပြီး ကိုရဲခေါင်လည်း ပြန်ရောက်လာသည်။
ရထားစထွက်သည့်အခါ သက်လူက ကိုရဲခေါင်လက်ထဲသို့ ကြက်ဥပြုတ်ထုပ်ကိုထည့်ပေးလိုက်တော့ အံ့ဩပြီးလှည့်ကြည့်လာသည်။
"ခင်ဗျား ဆာရင် စားလို့ရပါတယ်"
"အာ...နေပါစေ ကိုသက်လူ... ကျုပ် မဆာ..."
"ကြိတ်မှန်ရွက်ဖိုး ပြန်ပေးတယ်ပဲ မှတ်ပါ"
"ခင်ဗျာ"
ပြောပြီး သက်လူက လက်ပိုက်လျက် မျက်လုံးများကိုမှိတ်ကာ ထိုင်ခုံနောက်သို့မှီ၍ အိပ်လိုက်တော့သည်။ မီးရထားသည် တာဝန်ကျေစွာ တဂျုံးဂျုံးအော်မြည်လျက် စည်းချက်မှန်မှန်ခုတ်မောင်းနေပြီး မနက်မိုးလင်းချိန်၌ တောင်ကုတ်ဘူတာသို့ ဆိုက်ရောက်ပေလိမ့်မည်။
...........................................................................
တောင်ကုတ်ဘူတာကြီးမှတဆင့် အင်္ဂလိပ်စစ်တပ်မှ ကုန်ကားများ အကူအညီဖြင့် အမ်းတောင်ကြားလမ်းကိုဖြတ်ကျော်ပြီး ရဲခေါင်တို့အဖွဲ့ ရိုးမတောင်ခြေသို့ ဆိုက်ရောက်လာကြသည်။ တောင်ခြေရှိ ရွာများတွင် ခရီးတစ်ထောက်နား၍ ရခိုင်ရိုးမနှင့် ဆက်နေသော ချင်းတောင်တန်းများ ပေါ်သို့ တက်ရန်ပြင်ဆင်ကြသည်။
မခင်လေးက မိန်းကလေးများအုပ်စုကို ဆရာမများနှင့်အတူ ဦးဆောင်ကာ ခေါင်းပေါ်မှ ဘီးဆံထုံးများကိုဖြေချပြီး ဆံနွယ်များကို ဖွတ်မြှီးထိုးကျစ်ကြသည်။ ထို့နောက် ယူနီဗာစီတီအားကစားအသင်းမှ ထုတ်ပေးထားသော ထရက်ဆုဟုခေါ်သည့် ရန်ကုန်တက္ကသိုလ်တံဆိပ်နှင့် ယူနီဖောင်းဝတ်စုံများကို လဲလှယ် ဝတ်ဆင်ကြသည်။
ရဲခေါင်တို့ ယောက်ျားလေးအုပ်စုသည်လည်း ထရက်ဆုကိုယ်စီနှင့် တောစီးဖိနပ်များနှင့် တက်ကြွနေကြသည်။ တောင်ခြေရှိရွာများမှ ရွာသားများက လမ်းပြ၍ လိုက်ပို့ပေးကြသဖြင့် လမ်းခရီးဖင့်မှာလည်း မပူကြရပေ။ ရဲခေါင်တို့၏ ဝန်စည်စလယ်များကို ဝါးနှီးဖြင့်ယက်လုပ်ထားသော ပလိုင်းများတွင်ထည့်၍ ကျောပေါ်၌ တစ်နိုင်စီပိုး၍သယ်ကြသည်။
ဆရာ ဆရာမများအပါအဝင် အားလုံးမှာ စိတ်အားတက်ကြွသည့်အရွယ်များဖြစ်ကြ၍ ပင်ပန်းသည်ပင်မရှိကြဘဲ ပျော်ပျော်ပါးပါး စစနောက်နောက်ဖြင့် တောင်တက်ခရီးကို စတင်ကြတော့သည်။
ရွာမှစထွက်၍ တောင်ခြေသို့ရောက်သောအခါ ရွာသားများ၏ ရိုးရာယုံကြည်မှုအရ တောပိုင် တောင်ပိုင်များကို ဦးတိုက်ကြရသည်။ တောင်တက်လမ်းတစ်လျှောက်တွင်လည်း အပျော်အပျက် စနောက်ခြင်းများ စကားကြမ်းကြမ်းဖြင့် ဆဲဆိုခြင်းများ မပြုလုပ်ကြရန် ဆရာများက သတိပေးကြသည်။
စကားများလွန်း၍ ဗလွတ်ရွှတ်တတ်ပြောတတ်လွန်းလှသော ကိုလှတင် သည်ပင်ငြိမ်ပြီးလျှောက်နေသဖြင့် ကိုဘမြင့်ကရယ်ချင်ပက်ကျိ ဖြစ်နေတော့သည်။
"ဒီလိုတော့လည်း အကြောက်သားကလား ကိုလှတင်"
"ခင်ဗျား ကျုပ်နဲ့ ဝေးဝေးက လျှောက်စမ်းပါဗျာ"
ကိုလှတင်က သူ့အား မခံချင်အောင် စနောက်နေသည့် ကိုဘမြင့်အား မောင်းထုတ်ကာ မသန်းကြည်တို့နှင့် တူတူသွားလျှောက်လေသည်။ ရဲခေါင် နောက်သို့ လှည့်ကြည့်တော့ ကိုသက်လူက မခင်လေးနှင့်အတူလျှောက်နေ၏။
မိုးမကုန်ချင်သေးသဖြင့် တောင်တက်လမ်းမှ သမန်းမြက် ကြမ်းရှရှတို့ပေါ်၌ ရွာပြီးကာစ မိုးရေစက်ကလေးများ တွဲခိုနေကြသည်။ လမ်းမှာ အနည်းငယ်စိုထိုင်းနေပြီး ရှေ့ဆုံးမှလမ်းပြနှစ်ဦးက မြက်ရိုင်းတို့ကို ဓားရှည်ဖြင့်ခုတ်ထွင်၍ တောရှင်းပေး၏။
ခရီးတွင်လာသည်နှင့်အမျှ လမ်းမှာပို၍ မတ်စောက်လာပြီး တချို့နေရာများတွင် တစ်ဦးလက်တစ်ဦးဆွဲကာ တက်ကြရသည်။ တောင်တက်လမ်း အနီးတစ်ဝိုက်တွင် သစ်ပင်များပေါ်၌ သဘာဝအလျောက်ပေါက်နေကြသော တောသစ်ခွများမှာ အရောင်သွေးစုံလှသဖြင့် မခင်လေးတို့ မိန်းကလေးတစ်သိုက်မှာ ပျော်ရွှင်နေကြတော့၏။
တောင်ကွေ့တစ်နေရာအရောက်တွင် ကျဥ်းမြောင်းလှသော လျှိုတစ်ခုကြောင့် တစ်ဦးချင်းစီသွားမှ လမ်းတွင်မည်ဖြစ်၍ အားလုံးတန်းစီ၍သွားကြရာ မခင်လေးက ရဲခေါင်ရှေ့သို့ရောက်သွားပြီး ရဲခေါင်က ကိုသက်လူ၏ရှေ့သို့ ရောက်သွားရသည်။
"သတိထားကြနော် ခြေချော်မယ်"
မခင်လေးက သူ့အရှေ့မှ ကိုဘမြင့်၏ လက်ကိုဆွဲ၍ တက်သွားခဲ့ပြီ။ ရဲခေါင်လည်း လျှိုနံရံမှ သစ်မြစ်တစ်ခုကို လှမ်းဆွဲပြီး တက်လိုက်သည်။ ထိုနောက် နောက်သို့လှည့်၍ လက်ဝါးဖြန့်ပြီးကမ်းပေးလိုက်တော့ ကိုသက်လူက မော့ကြည့်လာ၏။ သို့သော် ရဲခေါင်၏လက်အား မဆွဲဘဲ ရဲခေါင်တက်ခဲ့သလိုပင် သစ်မြစ်အားဆွဲ၍သာ တက်လာသည်။ ထို့နောက် ရဲခေါင်အား ကျော်တက်၍သွားခဲ့သည်။
"ဟော... တောင်ငွေ့တွေရိုက်လာပြီဗျို့"
"ဟင်"
"ဘာ... ဘာဖြစ်တာလဲ ခင်ဗျ"
"အို မမြင်ရတော့ပါလား"
ရှေ့ဆုံးမှ ရွာသားလမ်းပြတစ်ဦးက အော်ပြောလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ရုပ်ချည်းမှုန်မှိုင်းသွားကာ မြူများဆိုင်းလာသဖြင့် အဖွဲ့သားများအားလုံး ထိပ်လန့်သွားကြသည်။ ထိုအခါမှ ထိုရွာသားက ရယ်လျက်...
"မဖြစ်ပေါင်ဗျာ... တိမ်တွေဖြတ်တိုက်သွားတာပါ...တိမ်တွေဖြတ်တာကို တောင်ငွေ့ရိုက်တယ် ခေါ်တာပဲ"
ထိုအခါမှ အားလုံးက စိတ်သက်သာရာရပြီး ပျော်သွားကြသည်။
"အို... ဒီလိုဆိုရင်ဖြင့် ကျွန်မတို့က တိမ်တွေကြားထဲမှာပေါ့... ကောင်းကင်ဘုံကို ရောက်နေရသလိုပါပဲလား"
"တောင်ထိပ်ရောက်မှ မြင်ရလိမ့်မယ်ဗျား အခုကအပင်တွေကြား ရောက်နေရလို့မမြင်ရတာပဲ"
ခဏအကြာတွင်မြူများ ပျယ်လွင့်သွားပြီး ပတ်ဝန်းကျင်ကို ကောင်းကောင်းပြန်မြင်ရလာသည်။
"ရောက်ဖို့ပြီနော့ တက်ကြ တက်ကြ"
ဒေသစကားသံ ခပ်ဝဲဝဲနှင့် ရွာသားလမ်းပြက ရောက်ခါနီးပြီဖြစ်ကြောင်း အားပေးသည်။ ရဲခေါင်တို့ တက်လိုက် ဆင်းလိုက် လုပ်နေကြရသည်မှာ နေ့တစ်ဝက်ပင်ကျိုးလုပြီထင်၏။
"ရှေ့တစ်ကုန်းတက်ပြီးရင် ရောက်တာပဲ"
"ခင်ဗျား အဲ့သလိုပြောနေတာဖြင့် အခါတစ်ရာတောင် ရှိနေပါရော့လား"
ကိုလှတင်မှ တောင်ခြေရှိ ရွာထဲမှတောင်းယူလာသော ဘူသီးခြောက်ရေဗူးကို ထုတ်ယူပြီးမော့သောက်ရင်း လမ်းပြအားစောဒက တက်လေသည်။တောင်ထိပ်ရောက်ခါနီးလေ မောဟိုက်လာလေဖြင့် မိန်းကလေးများမှာ အသံပင်မထွက်နိုင်ကြတော့ပေ။
"မသန်းကြည် ဘူးခါးရေလေး သောက်ပါဦးလား"
"အေးသလား ကိုလှတင်"
"အို အေးပါသော်ကောဗျာ... မသန်းကြည် ကြားဖူးရဲ့ မဟုတ်လား ကြမ်းကြားလေနဲ့ ဘူးခါးရေဟာဖြင့် အအေးတကာ့အအေးဆုံး ဆိုတာလေ... ဆောင်းရာသီများ ဝါးကြမ်းခင်းပေါ်ထိုင်နေရင်ဖြင့် ကြမ်းကြားထဲကလေတိုးတော့ ဖင်ဟာကိုအေးလို့"
"အို ဒီလူကြီးဟာ ပြောလိုက်ရင်ဖြင့်... ကဲပါ ပေး ပေး ရှင့်ရဲ့ ဘူးခါးရေ"
ကိုလှတင်၏ အပြောကို သဘောကျစွာရယ်မောကြပြီး ဆက်လက်၍ ကြိုးစားတက်ကြရာ မကြာမီပင်သစ်ပင်ကွယ်များကြားမှ လွန်မြောက်၍ မိုးကောင်းကင်ကြီးကို ဘွားခနဲမြင်တွေ့လိုက်ကြရလေသည်။
"အောင်မလေး လှရက်လိုက်လေခြင်း"
"ဘုရား ဘုရား"
အားလုံးလိုလို ပါးစပ်အဟောင်းသား ဖြစ်ကြရပြီး မိန်းကလေးများမှာ ဘုရားပင်တယူကြရအောင် တောင်ထိပ်ပေါ်မှ မြင်လိုက်ရသော ချင်းတောင်တန်းများ၏အလှတွင် ရင်သပ်ရှုမောဖြစ်ကြရလေသည်။
ကျယ်ပြောသော မိုးကောင်းကင်ကြီးနှင့် တိမ်စိုင်တိမ်လိပ်များ။
အချင်းချင်းယှက်နွယ်နေကြသော မှိုင်းညို့ညို့ တောင်တန်းများ။
တောင်စောင်း တစ်လျှောက်ရှိ မီးခိုးတလူလူနှင့် တိုင်းရင်းသားတို့၏ လူနေတဲအိမ်လေးများ။
အစိမ်းရောင်နှင့်အဝါရောင် ရောယှက်နေကြသည့် တောင်ယာစိုက်ခင်းများ။
တကယ်ပင် လှလိုက်သည့်ဖြစ်ခြင်း။
ရဲခေါင်၏ နံဘေးတွင်ရပ်လျက် ရှုမျှော်ခင်းကို ငေးကြည့်နေသော ကိုသက်လူကို လှည့်ကြည့်လိုက်မိတော့ ရဲခေါင် အလွန်ပင် အံ့ဩသွားရသည်။
"ဟင်... ကိုသက်လူ"
ရဲခေါင် မျက်စိများမှားသလားဟု မျက်တောင်တို့ကို ပုတ်ခတ်လျှက် နှစ်ခါပင်ပြန်ကြည့်လိုက်မိရသည်။ ရဲခေါင် အမြင်မမှားပါ။
ကိုသက်လူကပြုံးနေ၏။
အခါတိုင်းမြင်ဖူးသကဲ့သို့ ပြုံးသည်ဆိုရုံ အပြုံးမျိုးမဟုတ်။
အံ့ဩစရာကောင်းလောက်အောင်ပင် သွားတန်းကလေးများပေါ်အောင်ပြုံးနေခြင်းဖြစ်၏။
တောင်တန်းတွေ တောင်ယာခင်းတွေ တိမ်စိုင်တိမ်လိပ်တွေကို သဘောကျနှစ်သက်စွာဖြင့် ငေးကြည့်လျက် စိတ်လွတ်ကိုယ်လွတ်ပြုံးနေလိုက်ပုံများ လက်ရာမြောက်လှသော သက်ရှိပန်းချီကားတစ်ချပ်နှင့်ပင် တူလွန်းနေရတော့သည်။
"သဘောကျသလား ကိုသက်လူ"
ရဲခေါင် မနေနိုင်စွာဖြင့် အနီးသို့သွားကာပင် မေးမိရတော့သည်။
"အဟင်း"
ကိုသက်လူက ရယ်လျက် ခေါင်းငုံ့လိုက်တော့ ရဲခေါင် ရင်ထဲ ဒုတ်ခနဲပင်ဖြစ်သွားရသည်။ ဘယ်လိုခံစားချက်မျိုးပါလိမ့်။
"ကျွန်တော်တို့ နေခဲ့တဲ့ နေရာနဲ့ လုံးဝဥသုံကိုမသက်ဆိုင်တဲ့ ကမ္ဘာတစ်ဖက်ခြမ်းပဲ ကိုရဲခေါင်"
"ကမ္ဘာတစ်ဖက်ခြမ်း... ဟုတ်လား ကိုသက်လူ"
ရဲခေါင် မေးတော့ ကိုသက်လူက ရယ်လျက် ခေါင်းညိတ်ပြန်သည်။ ရဲခေါင်၏ ရင်မှာ တဒုတ်ဒုတ်နှင့်။ တစ်ခုခုတော့ မှားနေပြီဟု ရဲခေါင်သတိထားမိရသည်။ ဘယ့်နှယ် သည်လူရယ်လိုက်တိုင်း ရဲခေါင်ရင်ထဲက တဒုတ်ဒုတ်ခုန်လှုပ်နေရပါသလဲ။
"ကျွန်တော် ထွက်ပြေးလွတ်မြောက်ချင်နေတဲ့ ကမ္ဘာတစ်ဖက်ခြမ်းကို ရောက်လာရသလိုပဲ... သဘောကျတယ်... သိပ်ကိုသဘောကျတာပဲ ကိုရဲခေါင်"
ကိုသက်လူ၏ မျက်ဝန်းတို့တွင် မျက်ရည်စကလေးများ ဝေ့သီလာသည်ကိုမြင်နေရသည်။ စိတ်လှုပ်ရှားနေပုံရပြီး အသံမှာလည်း အနည်းငယ် အဖျားခတ်တုန်ရင်ချင်နေသည်။ သည်နေရာ သည်မြင်ကွင်းတွေကို သည်လောက်ထိတောင် သဘောကျသတဲ့လား ကိုသက်လူ။
"ကဲ...လာ... ဟိုးမှာ တောင်စောင်းက ရွာကိုမြင်နေရပြီ... ဟိုရောက်မှ နားကြတာပေါ့... ဘောလန်တီယာလုပ်ငန်းတွေက နောက်နေ့မှစမှာဆိုတော့ ဒီကနေ့ ခင်ဗျားစိတ်ကြိုက် တစ်ဝကြီးလျှောက်ကြည့်လို့ရတယ်"
ကိုသက်လူက ခေါင်းညိတ်၍ ပလိုင်းကိုကောက်လွယ်ကာ ရဲခေါင်၏ နောက်မှလိုက်လာသည်။ လမ်းပြများက ဦးဆောင်ပြီး ရွာသူကြီးအိမ်သို့ လိုက်ပို့ကာ မိတ်ဆက်ပေးသည်။ ရွာသူကြီးမိသားစုမှာ ဗမာစကားပြောတတ်ကြသည်။
ရဲခေါင်တို့ ယခုရောက်နေကြသော ရွာမှာ "ရှောက်ရင်း" ရွာဟုအမည်တွင်ပြီး အရှို့ချင်းလူမျိုးများ နေထိုင်သည့်ရွာဖြစ်သည်။ ရွာသူကြီးနှင့် ရွာသားများသည် အင်မတန်မှ ရိုးသား၍ သဘောကောင်းကြပြီး ရဲခေါင်တို့အဖွဲ့အား အားတက်သရောဖြင့် နေစရာများ စီမံပေးကြသည်။ ရဲခေါင်တို့ အဖွဲ့ နံပါတ် ၂ က ရှောက်ရင်းရွာတွင် ကျန်ခဲ့ကြပြီး အဖွဲ့ နံပါတ် ၁ နှင့် ၃ က မနီးမဝေးရှိ လှမ်းမြင်နေရသောရွာများဆီသို့ နေရာခွဲ၍ သွားကြသည်။
"လူကလေးတို့ ဒီကနေ့တော့ဖြင့်နားကြဦးနှော့... ရွာထဲလျှောက်ကြည့်ကြပေါ့"
"ဟုတ်ကဲ့ပါ သူကြီး"
လူခွဲ၍ တည်းအိမ်များစီစဥ်ပေးကြတော့ ရဲခေါင်နှင့် ကိုသက်လူက တောင်စောင်းရှိအိမ်တစ်အိမ်တွင် နေရာရသည်။ ဤသည်မှာ ကိုလှတင်၏ လက်ချက်ပင်ဖြစ်သည်။
"မျက်စိထောက်ထောက်ကြည့်ရမယ် မဟုတ်လား ဦးအောင်ဇေယျရဲ့... တော်တော်ကြာ မခင်လေးတို့ မိန်းကလေးတွေအိမ်ကို ညဖက်လူပျိုသွားလှည့်နေရင် ခင်ဗျားမသိလိုက် ရှိမှာစိုးရတယ်"
"ကိုလှတင် တော်တော်ခက်တဲ့လူဗျာ"
ရဲခေါင်က နောက်မှ အထုပ်အပိုးများကို ကောက်လွယ်လိုက်ပြီး တည်းခိုမည့်အိမ်ရှိရာသို့ လိုက်ခဲ့ရတော့သည်။ ဝါးလှေခါးလေးပေါ်မှ ဆင်းလာသော ကိုသက်လူက ရဲခေါင်ကိုတွေ့တော့ မျက်လုံးတောက်တောက်များဖြင့်ကြည့်၍ အားတက်သရော ပြောလာသည်က...
"ရေတံခွန်"
"ခင်ဗျာ"
"ဟိုးအောက် မြင်နေရတဲ့ တောင်စောင်းမယ် ရေတံခွန်ရှိနေတယ် ကိုရဲခေါင်"
မမြင်စဖူး အမြင်ထူးလှသော ကိုသက်လူ၏ အားတက်သရောပုံစံက ရဲခေါင်အား ရေတံခွန်သို့သွားကြည့်ကြရန် ညှို့ယူဖိတ်ခေါ်နေသကဲ့သို့ပင်။
"သွားကြည့်ချင်သလား ကိုသက်လူ"
ကိုသက်လူက ခေါင်းညိတ်ပြသည်။
"ဒီလိုဆိုလည်း သွားကြတာပေါ့လေ"
ရဲခေါင်က အထုပ်အပိုးများကို အိမ်ပေါ်သို့တက်၍ ချထားခဲ့လိုက်ပြီး ကိုသက်လူနှင့်အတူ တောင်စောင်းအတိုင်း ရေတံခွန်ဆီသို့ ဦးတည်၍ဆင်းလာခဲ့ကြသည်။ ရေတံခွန်ဆီသို့ ရောက်တော့ ကိုသက်လူက ဖိနပ်ကိုချွတ်၍ ရေထဲသို့ ဆင်းသွားသည်။
"ကိုသက်လူ နေပါဦး"
ရဲခေါင်က စိတ်ပူစွာတားတော့ လှည်၍ ရယ်ပြလာသည်။
"ရေက အတိမ်သားပဲ ကိုရဲခေါင်... အေးစိမ့်နေတာပါကလား"
"ခင်ဗျားကတော့ဗျာ"
ကိုသက်လူက ရယ်ပြလာသဖြင့် ရဲခေါင်ပါ ဖိနပ်ချွတ်၍ ရေထဲသို့ ဆင်းလိုက်မိသွားရသည်။
"ဟိုး ရေတံခွန် အပေါ်ဖက်ဆီမှာတော့ တိမ်တွေက ညိုမဲနေတာပဲ ကိုရဲခေါင်... မိုးများရွာမလား မသိဘူး"
ကိုသက်လူ ညွှန်ပြရာဆီသို့ ရဲခေါင်မော့ကြည့်မိတော့ မိုးတွေညို့လို့နေသည်။ ထိုအခိုက်မှာပဲ ရဲခေါင်တို့ အိမ်ရှိရာတောင်စောင်းပေါ်မှ ချင်းအဘိုးအို တစ်ဦးက ဝူးဝူးဝါးဝါး လှမ်းအော်ဟစ်လျက် ရေတံခွန်ထိပ်ဆီသို့ လက်ညှိုးထိုးပြကာ ရဲခေါင်တို့ကို လက်ယပ်ခေါ်နေသည်။
တစ်ချိန်ထဲမှာပဲ တစ်ဝေါဝေါမြည်သံကြီးကြားလာရပြီး အသံကတစ်ဖြည်းဖြည်းနီးကပ်လာနေသည်။ ရဲခေါင် ငြိမ်၍နားစိုက်ထောင်နေရာမှ ရင်ထိပ်စွာဖြင့် ကိုသက်လူ၏ လက်ကိုဆုပ်ကိုင်လိုက်သည်။
"ကိုသက်လူ!"
"ကိုရဲခေါင်... ဘာ... ဘာဖြစ်တာလဲ"
"တောင်ကျရေ!"
"ခင်ဗျာ"
တစ်ဝေါဝေါမြည်သံကြီးမှ ရေတံခွန်ထိပ်မှ လာသော တောင်ကျရေဟု သိလိုက်သည်နှင့်တပြိုင်နက် ရဲခေါင် ပတ်ဝန်းကျင်ကို အလျှင်အမြန် စူးစမ်းရတော့သည်။ တောင်ကျရေက အင်မတန်မြန်ဆန်လွန်းလှပြီး ရေစီးကလည်း သန်လွန်းတတ်သည်မဟုတ်လား။ ယခု ရဲခေါင်တို့ရပ်နေသည့်နေရာက ရေတံခွန်၏ တခြားဘက်ခြမ်းနှင့် ပို၍နီးကပ်၍ ရွာဘက်ခြမ်းနှင့် ပိုဝေးသည်။
"ကိုရဲခေါင်! ချောင်းရေတွေ ကျလာပြီ!"
ကိုသက်လူ၏ အလန့်တကြားသတိပေးသံနှင့်အတူ ရေတံခွန်ထိပ်ဆီမှ ချောင်းရေများ ဒလဟောကျလာတော့သည်။ တောင်စောင်းဆီမှ အော်ဟစ်၍ ပြေးဆင်းလာသော အဘိုးအိုက ရဲခေါင်တို့အား ပိုနီးသော ချောင်း ဟိုဘက်ကမ်းဆီသို့ ပြေးရန်ညွှန်ပြနေသည်။
ရဲခေါင်နှစ်ခါမစဉ်းစားတော့ဘဲ ကိုသက်လူ၏လက်ဖဝါးကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ချောင်းဟိုဘက်ကမ်းသို့ အားသွန်၍ ပြေးလိုက်တော့သည်။ ကံကောင်းထောက်မစွာပင် ယောက်ျားလေးနှစ်ယောက်၏ ပြေးအားနှင့်မို့ ရဲခေါင်တို့နှစ်ယောက် တစ်ဖက်ကမ်းသို့ ရောက်သည်ဆိုရုံလေးပင်။
တစ်ဝေါဝေါ တစ်ဝုန်းဝုန်းနှင့် တောင်ပေါ်မှကျလာကာ ချောင်းကိုဖြတ်၍ စီးဆင်းသွားသော တောင်ကျရေများကိုကြည့်ရင်း ရဲခေါင် ခြေပစ်လက်ပစ်ထိုင်ချလိုက်မိတော့သည်။ ရွာဖက်ခြမ်းရှိ ကမ်းပေါ်နှင့် တောင်စောင်းတွင် ရွာမှလူများနှင့် ကိုလှတင်တို့ အုပ်စုကိုတွေ့ရသည်။ ရဲခေါင်တို့ ရေလွတ်ကာ တစ်ဖက်ကမ်းသို့ ရောက်သွားမှ စိတ်ချသွားကြဟန်နှင့် ရွာဘက်သို့ ပြန်လှည့်သွားကြတော့၏။
ရဲခေါင်က ပတ်ဝန်းကျင်ကို မျက်စိကစားတော့ ချောင်းစပ် တောင်နံရံတွင် သဘာဝဂူ တစ်ခုရှိနေပြီး မီးဖိုလက်စလည်းတွေ့ရသည်။ ချောင်းထဲမှာ ညဘက်မြုံးထောင်၍ ငါးဖမ်းကြသော ရွာသားများအသုံးပြုနေကျနေရာဖြစ်ပုံရသည်။ တောင်ကျရေမှာ ထုံးစံအရ မနက်လင်းချိန်လောက်ဆိုလျှင် လျော့နည်းသွားတတ်သဖြင့် သည်တစ်ညကိုတော့ ရဲခေါင်တို့ သည်ဂူထဲ၌သာ အိပ်ကြရန်ရှိတော့သည်။
ကိုသက်လူက မောပန်းဟန်ဖြင့် ချောင်းစပ်ရှိ ရဲခေါင်၏နံဘေးတွင် ဝင်ထိုင်လိုက်ပြီး...
"ကံသီပေလို့ပေါ့ဗျာ... တောင်ကျရေက သိပ်မြန်တာပဲ"
"မိုးတွင်းမှ မကုန်သေးဘဲကိုး... ဒီလိုအချိန် ရေတံခွန်တွေနားသွားရင် အန္တရာယ်များတတ်တာ ခင်ဗျားသိသင့်ရဲ့ မဟုတ်လား ကိုသက်လူ"
ရဲခေါင်က အပြစ်တင်သလိုပြောမိတော့ ကိုသက်လူ၏မျက်နှာက တည်သွားကာ...
"အို... ကျွန်တော်တစ်ယောက်တည်း သွားဖို့ဟာပဲ... ခင်ဗျားဘာလို့ လိုက်လာသေးသလဲ"
ဒီလိုအချိန်မျိုးမှာတောင် ရဲခေါင်ကို ပြန်၍ဘုတောနေသဖြင့် စိတ်အချဉ်ပေါက်လာရသည်။
"ဒီမယ်... ရေတံခွန်ရှိတယ်လို့ အရင်ပြောခဲ့တာ ဘယ်သူမို့လို့လဲ"
"ကျွန်တော်က ရှိတယ်ပဲပြောပါသော်ကော... သွားကြည့်ချင်သလားလို့ အရင်မေးတာကရော ဘယ်သူမို့လို့လဲ"
"ကျစ်! ကျုပ်ပါလာခဲ့လို့သာ ခင်ဗျား ဒီဘက်ကမ်းပေါ် ရောက်လာတာလည်း မမေ့စေချင်ဘူး"
"ကျွန်တော်ကရော မပြေးတတ်ဘူး ထင်နေရော့သလား"
"ခင်ဗျား! တော်တော်လက်ပေါက်ကပ်တဲ့ လူစားပဲ"
ရဲခေါင်နှင့် ကိုသက်လူမှာ အလယ်တန်းကျောင်းသားကလေးများကဲ့သို့ တစ်ယောက်တစ်ခွန်းစကားများနေရာမှ မိုးပေါက်များကျလာသဖြင့် နေရာမှထကာ သဘာဝဂူ အဝသို့ပြေးဝင်ကြရသည်။ သဘာဝဂူမှာ သိပ်မနက်လှသော တစ်ဖက်ပိတ်ဂူဖြစ်ပြီး ဂူ၏အတွင်းဘက်၌ ဝါးနှင့်ရက်လုပ်ထားသော ဝါးကပ်များချထားသည်။
ရဲခေါင်မှာမီးဖိုဖို့ကြိုးစားနေသော်လည်း မအောင်မြင်။ ကျောက်တုံးနှစ်တုံးကိုပွတ်၍ မီးမွှေးလျှင်ရနိုင်သော်လည်း ထင်းများမှာ စိုထိုင်းနေသည်။ ကိုသက်လူမှာ ရဲခေါင်အားလှည့်၍ပင်မကြည့်လာဘဲ ဂူပေါက်ဝနား၌ ရဲခေါင်အားကျောခိုင်း၍ ထိုင်နေသည်။
မိုးမှာ ပို၍သည်းလာပြီး ဂူအတွင်း၌အေးစိမ့်လာသည်။ ထရက်ဆု ယူနီဖောင်းဘောင်းဘီအောက်ဖျားများမှာလည်း ရေစိုနေကြသည်။ ကိုသက်လူက လက်နှစ်ဖက်ကို တင်းတင်းပိုက်ကာ နေရာမှမရွေ့။
ရဲခေါင် သက်ပြင်းချလိုက်မိသည်။
"ကိုသက်လူ... ဒီအတွင်းဘက်ကိုလာခဲ့... အဲ့ဒီအဝက မိုးပက်နေရဲ့ မဟုတ်လား... ဒီနားမယ် တူတူထိုင်ရင် နွေးလိမ့်မပေါ့"
"ကိစ္စမရှိပါဘူးလေ... ခင်ဗျားသာ အဆင်ပြေသလိုနေစမ်းပါလား"
ကိုသက်လူက ခေါင်းမာစွာဖြင့် နေရာမှမထပေ။ လေပြင်းတစ်ချက်အဝေ့မှာ တောင်ပေါ်အအေးဓာတ်က ကျောထဲထိစိမ့်သွားရသဖြင့် ရဲခေါင် ကိုယ်ကိုကျုံ့လိုက်မိသည်။ သည်လိုသာ တစ်ညလုံးနေရရင်ဖြင့် အကုန် ကာလနာတိုက်ကုန်ကြပေလိမ့်မည်။ အပေါက်ဝတွင် ထိုင်နေသော ခေါင်းမာလှလွန်းသူအား မြင်ပြင်းကပ်စွာဖြင့်ကြည့်လိုက်ကာ ရဲခေါင်စိတ်မရှည်နိုင်တော့ပေ။ ထိုင်နေရာမှ ရုတ်တရက်ထရပ်လိုက်ပြီး...
"ဒီမယ် ကိုသက်လူ... ကျုပ်က ခင်ဗျားရဲ့ အဖွဲ့ခေါင်းဆောင်... ခင်ဗျားရဲ့ကျန်းမာရေးရော ကျုပ်ရဲ့ကျန်းမာရေးရော ကျုပ်မှာတာဝန်ရှိတယ်... ဒီလိုချည်းနေနေရမယ်ဆို ကျုပ်တို့နှစ်ယောက်လုံး မာလကီးယား ကုန်လိမ့်မယ်ဗျ"
"..........."
ကိုသက်လူထံမှ စကားသံတစ်စုံတရာပင် ထွက်မလာခဲ့။ ရဲခေါင် စိတ်တိုလာရပြီး နှစ်ခါတွေဝေမနေတော့ဘဲ ကိုသက်လူအနားသို့သွားကာ ခါးမှဆွဲပွေ့ပစ်လိုက်တော့သည်။
"ဟေ့လူ! ကိုရဲခေါင်! ဒါ ဘာလုပ်သလဲဗျ!"
"ခင်ဗျား ခေါင်းမမာချင်စမ်းပါနဲ့ ကိုသက်လူ... လူကဖြင့် အေးစက်နေပြီ... ချမ်းနေရဲ့ မဟုတ်လား... ခင်ဗျား အသေခံနိုင်ပေမဲ့ ကျုပ်ကမသေချင်သေးဘူး..."
ရဲခေါင်က ရုန်းဖို့ကြိုးစားနေသော ကိုသက်လူ၏လက်ကို ချုပ်ကိုင်ထားလိုက်ပြီး...
"ဒီမယ်! ငြိမ်ငြိမ်နေပြီး ကျုပ်ပြောတာ နားထောင်စမ်းပါ ကိုသက်လူ!"
"............"
"အရမ်းအေးနေတာမို့.... ကျုပ်တို့ နှစ်ယောက် ကပ်နေကြရအောင်ဗျာ"
...........................................................................
<3 DiDi Zaw
(10/07/2023)
အေးနေလို့ပါနော် ... လူငွေ့လိုတယ်လေ...တော်ကြာ လူလူ လေဖြတ်သွားရင် ခေါင်ခေါင် မခက်ပေဘူးလား...