ညနေအတန်းချိန်များပြီးတော့ ကိုဘမြင့်က စကော့မားကတ်သို့သွားကြရန် ရဲခေါင်အားအဖော်ညှိလာသည်။
"လိုက်ခဲ့စမ်းပါဗျ ခင်ဗျားနှယ်... တစ်ရက်တလေ တင်းနစ်မရိုက်လို့ သေမသွားပါဘူး...ကျူလယာတန်းသွားပြီး ရေမွှေးလေး ဘာလေးကြည့်ရအောင်ပါ... ကိုလှတင်ကလည်း မသန်းကြည်အတွက် မျက်ခုံးမွှေးဆွဲခဲတံ ဝယ်ချင်သပဆိုပဲ"
"တော်ပါပြီဗျာ ဒီညနေက ယူနီဗာစီတီအသင်းမှာ ကွန်ပီတီရှင်း ရှိလို့ပါဗျ"
ညနေ တင်းနစ်ပြိုင်ပွဲ ရှိသဖြင့် ရဲခေါင်က မလိုက်နိုင်ကြောင်း ငြင်းနေစဉ် ကိုလှတင်ရောက်လာသည်။
"ဦးအောင်ဇေယျကို ဒီအချိန်တော့ သွားမခေါ်လေနဲ့ ကိုဘမြင့်... ခင်ဗျား အမြှုတ်ထွက်တောင် လိုက်လိမ့်မယ်မထင်ဘူး... ကွန်ပီတီရှင်း ရှိရင် မခင်လေးက အမြဲလာအားပေးနေကျ မဟုတ်လား"
"မခင်လေးလာလည်း သူ့ဘေးမှာ ရွှေစွန်ညိုက အမြဲဝဲနေပါသော်ကောဗျာ... ကျုပ်တို့ အလောင်းမင်းတရားကြီးက ဒီနေရာမယ်တော့ တယ်ချာတဲ့လူ"
"ခင်ဗျားတို့ကလည်းဗျာ မခင်လေးနဲ့ ကိုသက်လူက သဘောရိုးတွေပါ... ကျုပ်အမြင်တော့ မခင်လေးက ကိုသက်လူကို မောင်ဘွားတစ်ယောက်လို သဘောထားနေတာပဲ"
"အားကျပါဘိဗျာ အရေးပိုင်သားက ဂရုစိုက်ခံအတန်းအစားကပါပဲ"
ကိုဘမြင့်က ခပ်ရွဲ့ရွဲ့ကလေးဆိုသည်။ ကိုလှတင်က ရဲခေါင်အား လက်တို့၍...
"အိုင်ဆေး ဦးအောင်ဇေယျ... ခင်ဗျား လူမလိုက်ချင်နေရစ်ခဲ့... ငွေလေးတော့ ထည့်ပေးလိုက်စမ်းပါဦး... ကျုပ်အိမ်က ငွေပို့တာ ခုထိမရောက်သေးဘူး...ကျုပ်မယ် စာအုပ်ဖိုး အသင်းဝင်ကြေးနဲ့ အိမ်ကိုလီဆယ်ပြီး တောင်းရတာလည်း မောလှပြီ"
ကျောင်းသား ကျောင်းသူတို့၏ထုံးစံအတိုင်း လက်ထဲ၌ငွေပြတ်လျှင် အကြောင်းပြချက်ပေါင်းစုံပြ၍ မိဘများထံစာပို့ကာ ငွေတောင်းလေ့ရှိကြသည်။ ထိုအထဲတွင် မသန်းကြည်အား ပိုးကြေးပန်းကြေးပေးနေရသော ကိုလှတင်သည် အဆိုးဆုံးပင်။
"ကိုလှတင်... ခင်ဗျားပိုးကြေးပန်းကြေးက တော်သင့်နေပြီ မထင်ဘူးလား... မသန်းကြည်ကြီးက ခင်ဗျားကိုလည်း ကျနေပါပြီဗျာ"
ရဲခေါင်က ပြောတော့ ကိုလှတင်က မျက်လုံးကိုပြူးပြလျက် ခေါင်းခါကာ...
"အို... ဘယ်နှယ်များပြောပါလိမ့် ဦးအောင်ဇေယျရယ်... ပိုးကြေးပန်းကြေးမဟုတ်ရပါဘူးဗျာ... ချစ်ခြင်းမေတ္တာပါ... လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးချင်နေတာဟာ သူ့အလိုလိုပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာဗျ"
"ခွီး"
ကိုလှတင်က ကျောင်းကော်ရစ်ဒါ လက်ရမ်းပေါ်ကို တံတောင်ဖြင့်ထောက်လျက် အဝေးကိုငေးကာ ဓာတ်ရှင်မင်းသားဂိုက်အပြည့်ဖြင့်ပြောသဖြင့် ကိုဘမြင့်က ခွီးခနဲရယ်ချလိုက်သည်။
"ဘယ်သူသေလို့ ဒီလောက်ငိုနေရသလဲဗျ... လာစမ်းဗျာ သွားကြစို့ရဲ့... နောက်ကျနေတော့မယ်"
သူ့အားရယ်နေသော ကိုဘမြင့်အား ဘုတောကာ ကိုလှတင်က သွားကြရန်လောဆော်သည်။
"သွားမယ် ဦးအောင်ဇေယျ... ဒီနေ့ပွဲတော့ လာအားမပေးတော့ဘူး... မခင်လေး အရှိသားပဲဟာ... ပွဲမစခင် ယတြာချေတဲ့အနေနဲ့ မခင်လေးကို ခင်ဗျားကျောပေါ် ဖနောင့်နဲ့ နှစ်ချက်လောက် ပေါက်ခိုင်းလိုက်... နိုင်လိမ့်မယ်ဗျား"
ကိုဘမြင့်က ရဲခေါင်အား နောက်ပြောင်သည်။ ထို့နောက် ကိုလှတင်မှာ ရဲခေါင်ထံမှ ငွေချေးယူလျက် စကော့မားကတ်သို့ ထွက်သွားကြလေတော့သည်။
ကိုဘမြင့်နှင့် ကိုလှတင်၏ နောက်ကျောကိုကြည့်ရင်း ကိုလှတင်ပြောသွားသောစကားကို ပြန်တွေးမိသည်။
"လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးချင်နေတာဟာ သူ့အလိုလိုပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာဗျ"
ရဲခေါင်မှာ ထိုစကားကိုပြန်တွေးမိရင်းမှ ဟောလစ်ပုလင်းကြီးအား မြင်ယောင်ကာ လန့်၍တံတွေးပင်မြိုချမိလိုက်တော့သည်။
"အောင်မလေး ကြံကြီးစည်ရာ"
............................................................................
"ရွှီ!"
ခရာမှုတ်သံနှင့်အတူ ယူနီဗာစီတီအသင်းသားများ တင်းနစ်ပြိုင်ပွဲစကြပြီ။ ရဲခေါင်၏ အလှည့်တော့ မရောက်သေး။ ပွဲကစားမည့်အသင်းသားများ ထိုင်ရာနေရာမှ မျက်လုံးကို ဟိုဟိုဒီဒီကစားမိသည်။ မခင်လေးကို အရိပ်အယောင်ပင် မတွေ့ရသေးပေ။
ပထမပွဲစဉ်ပြီးခါနီးမှ မခင်လေးရောက်လာသည်။ ထုံးစံအတိုင်း ကိုသက်လူနှင့်အတူတူယှဉ်တွဲလျက်ဖြစ်သည်။ ကိုသက်လူက ရံဖန်ရံခါ တင်းနစ်လေ့ကျင့်ရေးကွင်းသို့ မခင်လေးအား အကြိုအပို့လုပ်လေ့ရှိသော်လည်း ပြိုင်ပွဲလာကြည့်သည်က သည်တစ်ခါ ပထမဦးဆုံး ဖြစ်လိမ့်မည်ထင်သည်။
"ကိုရဲခေါင် မကစားရသေးဘူး မဟုတ်လား... ခင်လေးတို့ အမှီလာခဲ့တာပဲ...တော်သေးရဲ့ရှင်"
"နောက်တစ်ပွဲတော့ဖြင့် ကျွန်တော့်အလှည့်ပါပဲ မခင်လေး"
"ခင်လေးတို့ အားပေးနေမယ်နော် အကောင်းဆုံးယှဉ်ပြိုင်နိုင်ပါစေရှင်"
"ကျေးဇူးတင်ပါတယ်"
မကြာခင်မှာပဲ ရဲခေါင် ယှဉ်ပြိုင်ရမည့်အလှည့်သို့ ရောက်လာသဖြင့် နေရာယူရသည်။ ရဲခေါင်နှင့် ယှဉ်ပြိုင်ရမည့်သူမှာ ယခုတလောမှ လက်ရည်တက်လာသဖြင့် ရေပန်းစားနေသော ဘူမိဗေဒဌာနမှ မိုက်ကယ်တင့်ဆွေ ဖြစ်သည်။ သည်လူက မြောက်ကြွ မြောက်ကြွအောက်ခြေလွတ်တတ်လွန်းလှသဖြင့် ရဲခေါင်အပါအဝင် တော်တော်များများက သဘောမတွေ့ကြသူဖြစ်သည်။
လက်ခုပ်သံများနှင့်အတူ ရဲခေါင်၏အမည်ကို အော်ဟစ်အားပေးသံများညံနေကြပြီး အများစုက ရဲခေါင်သည် မိုက်ကယ်တင့်ဆွေအား အနိုင်ရစေရန် ဆန္ဒရှိနေကြသည်။ ကွင်းထဲ၌ ရပ်နေရင်း မခင်လေးတို့ထိုင်နေရာဘက်ကြည့်လိုက်တော့ မခင်လေးက လက်သီးကလေးဆုပ်ပြ၍ ကြိုးစားရန် အားပေးသည်။ ကိုသက်လူကတော့ မခင်လေး၏ဘေးတွင် လက်ပိုက်ကာ ခြေချိတ်ထိုင်လျက် ကွင်းထဲသို့လှမ်းကြည့်နေသည်။ မခင်လေးနှင့် ကိုသက်လူအား ထိုသို့ယှဉ်တွဲထိုင်နေခြင်းအား မြင်ရသည်မှာ ရဲခေါင်၏စိတ်ထဲ၌ စနိုးစနောင့် အနေရခက်လှသည်။ နှစ်ဦးသား ထိုသို့ရင်းနီးနေကြသည်ကို ရဲခေါင် မကျေနပ်စပြုလာခဲ့ပြီ။
ပွဲစချိန် အတန်ကြာသည်အထိ ရဲခေါင်နှင့် မိုက်ကယ်တင့်ဆွေက လက်ရည်မှာ သူမသာကိုယ်မသာ ဖြစ်နေကြပြီး ပွဲကြည့်စင်ဆီမှလည်း အားမလိုအားမရသံများ ထွက်စပြုလာကြသည်။ ရဲခေါင် ကိုယ်တိုင်ပင် သည်ပွဲအား လမိုင်းမကပ်ဖြစ်နေရသည်။ ရုတ်တရက် မခင်လေးတို့ဆီအကြည့်ရောက်မိချိန်၌ မခင်လေးက ကိုယ်ကိုငုံ့ကိုင်းကာ ကိုသက်လူ၏နားနားသိုကပ်၍ စကားပြောနေသည်ကိုတွေ့ရသည်။ ကိုသက်လူကလည်း ဂရုတစိုက်နားစိုက်ထောင်နေသည့်ဟန်နှင့်။ ထို့နောက် ကိုသက်လူက ဘလေဇာကုတ်အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကိုထုတ်၍ မခင်လေးအားပေးလိုက်သည်။
ရဲခေါင်မျက်နှာလွှဲလိုက်ချိန်တွင် တင်းနစ်ဘောလုံးက အောက်ကျသွားခဲ့သည်။ ဝင်လာသည်ကို မြင်နေရသော်လည်း သတိလက်လွတ်ဖြင့်ပြေးမလိုက်မိပေ။ "ဟာ" ခနဲ မချင့်မရဲအော်သံများ လျှံထွက်လာပြီး ရဲခေါင်စိတ်အိုက်လာရသည်။ ပထမပွဲစဉ်အပြီး၌ ရဲခေါင်မှာ နှစ်မှတ်ဖြင့်ကပ်ပြီး မိုက်ကယ်တင့်ဆွေကို ရှုံးနိမ့်သွားခဲ့သည်။ ပွဲကြည့်စင်ဆီမှ မကျေနပ်သံများလည်း ညံနေပြီ။
ပထမပွဲပြီး၍ နားချိန်ရသဖြင့် မိုက်ကယ်တင့်ဆွေက ရဲခေါင်အား လက်ဆွဲနှုတ်ဆက်ရန် ကမ်းပေးလာသဖြင့် ပြန်၍နှုတ်ဆက်လိုက်သည်။
"ဘယ့်နှယ်ဖြစ်ရသလဲ လက်ရွေးစင်ကြီးရဲ့... ကျုပ်ဖြင့် ခက်ခက်ခဲခဲ ကစားလိုက်ရမယ် မျှော်လင့်ထားတာကလား"
မိုက်ကယ်တင့်ဆွေက ရဲခေါင်အား လှောင်ပြုံးတစ်ခုနှင့် ခနဲ့လာသည်။
"Good Job! ခင်ဗျား လက်ရည်သိပ်ကောင်းပါတယ် ကိုတင့်ဆွေ"
ရဲခေါင်က ဘာမှမဖြစ်ဟန်နှင့် မိုက်ကယ်တင့်ဆွေအားချီးကျူးလိုက်သည်။
"ကျုပ် တတိယပွဲစဉ်အထိ ကစားချင်သေးတာမို့ ဒုတိယပွဲစဉ်မှာ ခင်ဗျား ဒီလိုချည်း ရှုံးသွားလို့မဖြစ်ဘူးနော် ဆရာကြီး"
ရဲခေါင် အံကြိတ်လိုက်မိသည်။ သည်လူဟာသိပ်ကို ရောင့်တက်တတ်သည့်လူပင်။ မရှုံးစဖူး အရှုံးထူးနေရသည့် ကိုယ့်ကိုကိုယ်လည်း ရဲခေါင်မကျေနပ်။ ကွင်းထဲမှထွက်လာခဲ့ကာ နားနေရာသို့ရောက်တော့ မခင်လေးက မျက်နှာမကောင်းစွာဖြင့် နှစ်သိမ့်သည်။
"စိတ်ဖိစီးနေသလား ကိုရဲခေါင်... နေရောကောင်းရဲ့လားရှင်"
"ကောင်းပါတယ် မခင်လေး"
ရဲခေါင်က အလိုက်သင့်ပြန်ဖြေ၍ ခုံပေါ်တွင်ချထားသော ရေဗူးကိုကောက်ယူကာ မော့သောက်လိုက်သည်။ ကိုသက်လူက နေရာတွင်ထိုင်လျက်ပင် ရဲခေါင်အား ခပ်ငေးငေးကြည့်နေသည်။
"သိပ်လည်း စိတ်ထဲမထားပါနဲ့ ကိုရဲခေါင် ဒုတိယပွဲမှာ ရှင့်လက်ရည်ပြန်ရမှာပါ"
"ဟုတ်ကဲ့"
ရဲခေါင် ရေဗူးကို ခုံမှာပြန်ထားလိုက်ရင်း မခင်လေးလက်ထဲမှ လက်ကိုင်ပုဝါကိုမြင်တော့ မျက်နှာတည်သွားမိသည်။ ဘာကြောင့်မှန်းမသိ ရင်ထဲ၌လည်း တင်းကျပ်လျက်အနေဆိုးရသည့်အဖြစ်။ မခင်လေးကို နှုတ်ဆက်ပြီး အသင်းသားများရှိရာသို့ သွားရောက်၍ တစ်ယောက်တစ်ပေါက် နှစ်သိမ့်နေကြသည်ကို ခံယူနေရသေးတော့သည်။
ဒုတိယပွဲမစခင် ၅ မိနစ်လောက်အလိုတွင် ရဲခေါင်တစ်ယောက်တည်း ကွင်းထောင့်၌ရပ်၍ လေကောင်းလေသန့်ရှုပြီး ရင်ထဲမှတင်းကျပ်နေမှုကို ဖြေဖျောက်ရန်ကြိုးစားနေမိသည်။ ထိုအခိုက်တွင် နောက်ပါးဆီမှ ခြေသံတစ်ခုကြားရ၏။ ရဲခေါင်လှည့်မကြည့်ခင်မှာပဲ အော်ဒီကလုံး ရေမွှေးရနံ့သင်းသင်းက နှာဖျားဆီသို့ ပျံ့လွင့်လာသည်။
"ကိုသက်လူ"
ရဲခေါင်၏ နောက်ပါးတွင်ရပ်နေသော ကိုသက်လူက ခေါင်းညိတ်ပြသည်။
"အနှောက်အယှက်များ ဖြစ်သွားသလား ကိုရဲခေါင်"
"မဖြစ်ပါဘူး ခင်ဗျ"
ကိုသက်လူက ရဲခေါင်၏ဘေးတွင်ယှဥ်၍ရပ်ကာ လက်ပိုက်လျက် တင်းနစ်ကွင်းကိုငေးသည်။ ဘေးတိုက်မြင်နေရသည့် မျက်တောင်ဖျားတို့က မလှုပ်မယှက်။ နှာတံထင်းထင်းနှင့် နှုတ်ခမ်းပါးတို့က ပိရိသေသပ်စွာ။
"မခင်လေးကို သဘောကျသလား ကိုရဲခေါင်"
"ခင်ဗျာ"
ကိုသက်လူထံမှ မထင်မှတ်ထားသည့်အမေးစကားကြောင့် ရဲခေါင်နှုတ်ဆွံ့သွားရသည်။ ကိုသက်လူက လက်ပိုက်ပြီးရပ်နေရာမှာ ပြောင်း၍ ခါးထောက်လိုက်ပြီး...
"ကျွန်တော်နဲ့ မခင်လေးက သဘောရိုးတွေပါပဲ ကိုရဲခေါင်... မခင်လေးက ကျွန်တော့်အတွက်တော့ မွေးချင်းတစ်ယောက်လိုပါပဲ"
"ဟို... ကျုပ်က..."
"ခင်ဗျားကစားနေကျအတိုင်းပဲ ကစားပါလား ကိုရဲခေါင်... လုပ်နိုင်ရဲ့ မဟုတ်လား"
ရဲ့ခေါင်အံ့သြစွာဖြင့် လှည့်ကြည့်မိတော့ ကိုသက်လူက ပြုံးလိုက်သည်။ အပြုံးဟုပင်မဆိုသာ။
ပြုံးသည်ဆိုရုံမျှသာဖြစ်၏။ သို့သော် ထူးဆန်းစွာဖြင့် ရဲခေါင်ရင်ထဲ၌ တစ်လှပ်လှပ်ဖြစ်လာပြီး တင်းကျပ်နေမှုတို့ပြေလျော့သွားကာ အသက်ရှု၍ရသွားခဲ့ပြီ။
"ရွှီ!!"
ဒုတိယပွဲစဉ် စတင်ရန် ခရာမှုတ်သံကြားတော့ ကိုသက်လူက ရဲခေါင်၏ဘေးမှခွါကာ ထွက်သွားရန်ပြင်သည်။
"ကိုသက်လူ"
ရဲခေါင်၏ ခေါ်သံကြောင့် ကိုသက်လူက ခြေလှမ်းတို့ ရပ်တန့်ကာ လှည့်ကြည့်လာသည်။
"အပန်းမကြီးဘူး ဆိုရင်ဖြင့် တတိယပွဲစဉ်အထိ ကြည့်သွားစေချင်တာပဲ"
ကိုသက်လူက ခေါင်းညိတ်ပြ၏။
ရဲခေါင် လေကို တစ်ဝကြီး အဆုပ်ထဲရောက်သည်အထိရှုရှိုက်လိုက်တော့ အော်ဒီကလုံးရနံံ့သင်းသင်းလေးကို ရသည်။ ပါရီမြို့မှထုတ်လုပ်သော ရေမွှေးများ ကောင်းချက်ကတော့ စိတ်ကိုချက်ချင်းပင် လန်းဆန်းသွားရသည်အထိ။
အော်ဒီကလုံးရေမွှေးရနံ့ကြောင့်ပဲလား... ကိုသက်လူနှင့် မခင်လေးတို့ မည်သို့မှမသက်ဆိုင်ကြသောကြောင့်ပဲလား... ရဲခေါင်အဖြေမရှာတတ်သော်လည်း မိုက်ကယ်တင့်ဆွေတစ်ယောက် ခမျာတော့ ရဲခေါင်၏ တင်းနစ်ရိုက်ချက်ပြင်းပြင်းများအောက်တွင် မရှုမလှပြေးလွှားနေရတော့သည်။
ပွဲကြည့်စင်ဆီမှလည်း ကျောင်းသားကျောင်းသူတို့၏ တခဲနက်ဩဘာသံများညံနေကြတော့၏။
အော်ဒီကလုံး ရေမွှေးရနံ့ကသင်းသည်။
ကိုသက်လူနှင့် မခင်လေးတို့ မသက်ဆိုင်ကြ။
ကိုသက်လူက ပြုံး၏။
အဆုံးသတ်တွင်တော့ မိုက်ကယ်တင့်ဆွေအား သုံးပွဲ နှစ်ပွဲဖြင့် ရဲခေါင် အနိုင်ပြန်ရလိုက်လေတော့သည်။
.............................................................................
ညစာစားပြီးချိန်၌ ရဲခေါင်၏ အခန်းထဲတွင် လူစုနေကြသည်။ ကိုအောင်မြင့်သည်လည်း အဆောင်မှကျွေးသော ညစာအားကပ်စား၍ အိမ်မပြန်နိုင်သေးဘဲ တကောင်းဆောင်၌ သောင်တင်၍နေ၏။
ကျောင်းသားတို့ထုံးစံအတိုင်း လူစုံသည်နှင့် ပေါက်ပန်းလေးဆယ် ထွေရာလေးပါးပြောဆို၍ တစ်နေ့တာ ဂျပိုးထိုးခဲ့ကြသည်များကို စမြုံ့ပြန်ကြလေသည်။ အထူးသဖြင့် ကိုလှတင်နှင့် မသန်းကြည်တို့ ချိန်းတွေ့ကြသည်များအား မစားရအညှော်ခံ ဝိုင်း၍စပ်စုနေကြသည်။ ကိုလှတင်က ရဲခေါင်၏ စာကြည့်စားပွဲပေါ်တွင် ဘုရင်ထိုင်ထိုင်လျက် အာပေါင်အာရင်းသန်သန်ဖြင့် ဖောက်သည်ချနေ၏။
"ဒီတစ်ခါတော့ လွှတ်ကိုနေရာကျလာတာဗျို့... အခါတိုင်းတော့ မသန်းကြည်က မိန်းကလေးအဖော်တစ်ယောက် အမြဲပါတာကလား... ဒီကနေ့တော့ဖြင့် တစ်ယောက်တည်း လိုက်လာတာပဲ"
"ဒီလိုဆို ခင်ဗျားဖိုးကော်ဖြစ်ခဲ့တာပေါ့"
"ကော်ပါပြီကောဗျာ... ကိုကိုတင်ရယ်...သန်းတော့ ဒီနေ့သိပ်ပျော်တာပဲတဲ့"
"ဟာ... သန်းပျော်ရင်တော့ တော်တော်ယားမှာပဲဗျ"
"ဒီလိုဆိုလည်း ဘီးစိတ်နဲ့သာ တိုက်ချဗျာ... ရွှေတိဂုံစောင်းတန်းမှာ ရောင်းသားပဲ"
"နေကြပါဦး ကာလနာတွေရဲ့... အပျက်ပြောဖို့ကအရင်ပါကလား"
ကိုလှတင်က အလှောင်ခံရသဖြင့် ကျောင်းသားများကို ယဥ်ကျေးစွာဟန့်တား၏။
"ဆိုစမ်းပါဦးဗျာ ကော်ခဲ့တဲ့ အကြောင်းလေးတွေ"
"ဒီလိုကော်နိုင်ဖို့ကလည်း တော်ရုံမရဘူး ဆရာ... ချွဲတတ်ရသေးတာဗျား"
"ခင်ဗျားက ချွဲတတ်သေးသလားဗျ"
ကျောင်းသားတစ်ယောက်၏ အမေးကို ကိုလှတင်က မဖြေရသေးခင်မှာပဲ ကိုဘမြင့်ကဝင်၍...
"ကိုလှတင်တို့ ချွဲတတ်ပါပြီကောဗျာ... မနက်က စားဖိုဆောင်မှာကျုပ် တွေ့လိုက်သားပဲ... ကိုလှတင်တစ်ယောက် ကုန်းကုန်း ကုန်းကုန်းနဲ့"
"ဘာတွေလုပ်နေသတုန်းဗျ"
"ရုံးပတီသီးတွေ အစည်းလိုက် ကောက်ဝါးနေပါရော့လား"
"ဟားဟားဟား"
ကိုဘမြင့်ကနောက်သဖြင့် ဝါးခနဲ ဝိုင်းရယ်ကြပြန်သည်။ ကိုအောင်မြင့်က ရဲခေါင်၏ခုတင်ခြေရင်းတွင် လှဲအိပ်နေရာမှထကာ...
"ကဲ စကားလည်းပြောလို့ကောင်းပါရဲ့ ကျုပ်ပြန်ဦးမယ်ဗျာ... အိမ်ကဖာသားကြီးနဲ့က ဒီရက်ပိုင်း သိပ်အကြောတည့်လှတယ် မဟုတ်ဘူး"
"ပြန်တော့မလို့လား ကိုအောင်မြင့်... နေသွားပါဦးလားဗျ တစ်လကိုးသီတင်းလောက်"
"မနေပါရစေနဲ့ဗျာ ခင်ဗျားနှမ ကျုပ်အိမ်သူက လွမ်းနေပါ့မယ်... ကျေးဇူးကြီးပါရဲ့"
ကိုအောင်မြင့်က ပြန်လည်၍ ရယ်မောနောက်ပြောင်ကာ လွယ်အိတ်ကိုကောက်လွယ်ပြီးကာမှ သတိရဟန်ဖြင့် အိတ်ထဲမှစက္ကူနှင့်ပတ်ထားသော တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။
"မေ့တတ်ရန်ကောဗျာ... ပြန်ခါနီးမှ သတိရလို့ဖြင့်တော်သေးသပေါ့... ရော့... ကိုရဲခေါင်... ခင်ဗျားအတွက် ကြိတ်မှန်ရွက်"
"ဟင်"
ရဲခေါင်မှာ မလုံမလဲနှင့် နေရာမှထ၍ ကိုအောင်မြင့်လက်ထဲမှ ကြိတ်မှန်ရွက်ထုပ်ကို လှမ်းယူကာ တောင်ထားရမလို မြောက်ထားရမလိုဖြစ်နေတော့သည်။
"အလိုလေး... ဦးအောင်ဇေယျရဲ့...ဖြစ်ရလေခြင်း... ဒီဝေဒနာ ခံစားနေရတာ တော်တော်မှ ကြာနေပြီလား"
ကိုလှတင်က ရုတ်တရက် စားပွဲခုံပေါ်မှ ဝုန်းခနဲခုန်ဆင်းကာ အပူသည်ရုပ်နှင့် ရဲခေါင်၏ ဝမ်းဗိုက်ကိုလာပွတ်သဖြင့် လူကတွန့်သွားကာ ရုန်းကန်မိသည်။ ကျန်သည့်လူများကလည်း ဘာများဖြစ်ပါလိမ့်ဟု ဝိုင်းမေးကြတော့၏။
"ကိုရဲခေါင် ဘာများဖြစ်သလဲဗျ ကိုလှတင်"
"ဘာဖြစ်ရမလဲဗျာ... ကြိတ်မှန်ရွက်တွေမှာမှတော့ ထန်းလျှက်နဲ့ သုံးခွက်တစ်ခွက်တင် ကြိုသောက်ဖို့ပဲ ရှိတော့မှာပေါ့... ကိုရဲခေါင်မှာ မီးယပ်ရောဂါ ရှိနေတာပဲဖြစ်ရမယ်... ဟုတ်ကဲ့လား ဦးအောင်ဇေယျ"
"အာ... ဒီလူကတော့ဗျာ... သွားကြတော့... သွားကြတော့...ခင်ဗျားတို့ ခဏနေရင် အခန်းစစ် ရွမ်း အင်စပက်ရှင် ဝင်တော့မှာပဲ"
ရဲခေါင် အခန်းတွင်းရှိလူများကို အတင်းတွန်းထိုးမောင်းထုတ်တော့မှ တဝါးဝါးတဟားဟားရယ်လျက် ထွက်ခွါသွားကြတော့၏။
ရဲခေါင်တစ်ယောက်တည်း ကြိတ်မှန်ရွက်ထုပ်ကြီးကိုင်၍ ကျန်ခဲ့ကာ ထိုင်ရမလို ထရမလို လွှင့်ပဲပစ်ရတော့မလို တစ်ဖက်ခန်းသို သွားပဲပေးရတော့မလိုနှင့် ယောင်ချာချာဖြစ်လို့နေတော့သည်။
မိနစ်အနည်းငယ်ကြာမှ စိတ်ပိုင်းဖြတ်လျက် ရေချိုးခန်းဆီသို့သွားကာ ကြိတ်မှန်ရွက်များကို ရေစင်အောင်ဆေးလိုက်သည်။ ထို့နောက် ဒန်ဖလားထဲသို့ထည့်ယူလာခဲ့ကာ ဘေးအခန်းမှ တံခါးကိုခေါက်လိုက်တော့၏။
"ဒေါက် ဒေါက် ဒေါက်!"
ခြေသံကြားရ၍ အခန်းတံခါးပွင့်သွားပြီး ကိုသက်လူကပေါ်လာသည်။
"ဒီမယ်"
ရဲခေါင်က ဒန်ဖလားခွက်ကို ကိုသက်လူရှေ့သို့ ထိုးပေးလိုက်တော့ ရဲခေါင်အား ကြောင်၍ကြည့်လာသည်။ ထို့နောက် ဒန်ဖလားထဲမှ ကြိတ်မှန်ရွက်များကို ငုံ့ကြည့်ကာ...
"မစားတော့ဘူး ခင်ဗျ"
"ဟမ်"
ရဲခေါင် စိတ်ညစ်သွားရသည်။
"ခက်တာပဲ... ခင်ဗျားကို စားခိုင်းနေတာ မဟုတ်ဘူးဗျ... ဒီဟာတွေက ကြိတ်မှန်ရွက်တွေ... ခင်ဗျားရဲ့ လက်က အမာရွတ်ပေါ်ကို ပွတ်ပေးရင် အမာရွတ်ပျောက်တယ်"
"သြော်"
ကိုသက်လူပုံက ယောင်နနနှင့်မို့ သည်တိုင်းပေးထားခဲ့ရအောင်ကလည်း ရဲခေါင်မှာ စိတ်ကမဖြာင့်ပြန်။ တယ်ခက်သည့် လူပင်။
"ကျစ်! ဒီမယ်... ဒီလိုမျိုး"
ရဲခေါင်က ကိုသက်လူကိုင်ထားသော ဒန်ဖလားထဲမှာ ကြိတ်မှန်ရွက်တချို့ကိုယူ၍ လက်ချောင်းများဖြင့် ညှစ်ချေလိုက်သည်။ ထို့နောက် ကိုသက်လူ၏ လက်ဖမိုးကို ဆွဲယူလိုက်ပြီး အမာရွတ်လေးများပေါ်သို့ ဖွဖွပွတ်ပေးမိ၏။
အမှန်ဆို ရဲခေါင်က ထိုသို့သောအလုပ်တွေ မည်သူတစ်ဦးတစ်ယောက်အပေါ်ကိုမျှ မလုပ်ပေးတတ်ပါချေ။ ကိုသက်လူနှင့်ကျမှ မပတ်သက်ချင်လည်း ပတ်သက်နေရတော့သည်။ တစ်ဆောင်တည်းသားချင်း အခန်းကလည်း ကပ်လျက်မို့ အမြင်မတော်ပေဘူး မဟုတ်ပါလား။ ဖြူသွယ်သော လက်ချောင်းများကို ဆုပ်ကိုင်ထားရင်းမှ ရဲခေါင်တွေးမိသည်။
ခင်ဗျားတော့လား... ခင်ဗျား မခင်လေးနဲ့ ကင်းကင်းနေတာ ကောင်းတယ်။
...........................................................................
<3 DiDi Zaw
(05/07/2023)