" စစ်မှန်သောစစ်သည်တော်များသည် ဒုက္ခဆင်းရဲအတိနှင့်ပြည့်နှက်နေသောဘဝကို ရင်ဆိုင်ရဲသလို၊ ရဲရဲနီသောသွေးများကိုလည်း ရှောင်လွှဲခြင်းမရှိ မျက်နှာမူရဲလှပေသည်။ "
ဓာတ်ပုံများကို သုတ်နေရင်း Shen XiFanသည် ကြမ်းပြင်ပေါ်တွင်ထိုင်လျက် ရယ်မောနေပြီး သူမကိုယ်သူမ ပြောဆိုနေသည်။သူမအရှေ့၌ ဘူးတစ်ဘူးကလည်း နေရာယူထားသည်။
သူမ၏ပထမဆုံးအချစ်ကိုဖော်ပြထားသည့် အမှတ်တရစာများ၊ မွေးနေ့လက်ဆောင်များ၊ဓာတ်ပုံစတေကာများ၊ကီးချိန်းများ၊သူ့အတွက်ခေါက်ထားခဲ့သည့်စက္ကူကြယ်များနှင့် စက္ကူကြိုးကြာလေးများ ပါဝင်သည်။ သူသာ သူမကို တစ်နေ့မလိုချင်တော့ဘူးဆိုလျှင် ၎င်းတို့အားလုံးကို မီးရှို့ဖျက်ဆီးလိုက်မည်ဟု အရင်ကပြောခဲ့ဖူးသည်။သို့သော် ထိုလူသည် မိမိကို ပြန်လှည့်ကြည့်လာမည်ဟုသာအမြဲတမ်းမျှော်လင့်ခဲ့မိသောကြောင့် သူမ မလုပ်နိုင်ခဲ့ပါ။
ချစ်ခြင်းကိုသက်သေတည်ရေးသားထားသည့် ထိုစာများသည် အဖြူအမည်း သရုပ်ဖော်ရေးသားထားသလိုလေးဖြစ်နေသည်။သက်သေတည်ကျိန်ဆိုခြင်းဆိုသည်ကား လှပသည်ဟုထင်ရသော်လည်း ထာဝရတည်မြဲမည်မဟုတ်။သို့သော်ငြား တစ်ကြိမ်နှင့် လုံလောက်လေပြီ။
နောက်ဆုံးတော့ သူမစိတ်ထဲမှာ အေးချမ်းသွားခဲ့လေပြီ။သူမ Yan Hengကိုရည်ညွှန်းပြီးတိုးဖွဖွလေးပြောသည်။ရှင်ကျွန်မကိုတစ်ကြိမ်လောက် နာကျင်အောင်လုပ်မိခဲ့ရင်တောင် အရင်အချိန်တွေတုန်းက စိတ်ချမ်းသာပျော်ရွှင်ခဲ့ရတာတွေက အရင်အတိုင်းရှိနေခဲ့တယ်လေ ကျွန်မ၏ငယ်ရွယ်ချိန်မှာ အကောင်းဆုံးလုပ်ခဲ့တာက ရှင့်ကိုချစ်မိခဲ့တာဘဲ ကျွန်မလုံးဝနောင်တရမှာမဟုတ်ပါဘူး ရှင်က ကျွန်မကို တစ်စုံတစ်ယောက်ကို ဘယ်လိုချစ်ရမလဲ သင်ပေးခဲ့သလို ဘယ်လိုကြီးပြင်းလာရမလဲဆိုတာကိုလည်း ကျွန်မသင်ယူခဲ့ရပါတယ်။
ကျွန်မ နောက်တစ်ယောက်ကိုချစ်မိသွားဖို့
သတ္တိရှိလာစေခဲ့တဲ့အတွက်ရှင့်ကို ကျေးဇူးတင်ပါရစေ။
မြစ်ကမ်းနံဘေးရှိ ကော်ဖီဆိုင်လေးထဲတွင် စတော်ဘယ်ရီနှင့်ချောကလက်တို့ကိုအပေါ်မှအလှဆင်ထားသည့် ရေခဲမုန့်များမှာ အရသာကောင်းလှသည်။Shen XiFan သက်ပြင်းဖွဖွချလိုက်သည်။လမ်းခွဲခဲ့တာဖြင့်နှစ်တော်တော်ကြာနေပြီ မျက်နှာချင်းဆိုင်က လူသည် မိမိ၏အကြိုက်ကိုမှတ်မိနေဆဲ။
လေထုက အနည်းငယ်အေးစက်နေသည်။ကိုယ့်ကိုယ်ကို အမြဲထိန်းသိမ်းနေ တတ်ပြီး ဂုဏ်သိက္ခာရှိသည့်သူက ယခုအခါ နည်းနည်းလေးအထိန်းအကွပ်မဲ့နေသလိုလို။
" Shen XiFan မင်းတကယ်ဘဲ နိုင်ငံခြားကို ပညာတော်သင်သွားတော့မှာလား? "
သူမ ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။
" ဟုတ်တယ် ကျွန်မသွားတော့မှာ ဘာဖြစ်လို့လဲ? "
Yan Heng၏နှုတ်ခမ်းများမှာ ဖွင့်ဟလာပြီးလေကို ခပ်ညှင်းညှင်းရှူထုတ်လိုက်သည်။
" မင်းကိုယ့်ကိုမုန်းနေတုန်းဘဲလား? ကိုယ့်ကိုဘဲအပြစ်တင်ပါ မင်းကိုယ့်ကိုအခွင့်အရေးလေးတစ်ခုလောက်ပေးဖို့ကိုယ်ပြောပါရစေ ဘယ်လောက်ကြာကြာကိုယ်စောင့်ပါ့မယ် "
" ကျွန်မတောင်းပန်ပါတယ် "
သူမ ခပ်ခပ်ထန်ထန်ပြန်ပြောလိုက်သည်။
" ရှင်နဲ့ကျွန်မက မဖြစ်နိုင်တော့ဘူး "
နောက်ဆုံးတော့ သူမနှလုံးသားထဲက စကားတစ်ခွန်းကို ပြောနိုင်ခဲ့လေပြီ။
ချက်ချင်းပင် သူ၏မျက်နှာအမူအရာသည် ပျက်ယွင်းသွားလေသည်။Shen XiFan ခေါင်းကိုမော့လိုက်ပြီး ထပ်မံ၍ တိတိကျကျ ပြောလိုက်သည်။
" စိတ်မကောင်းပါဘူး "
သူမ၏နှလုံးသားထဲမှ အားအင်ချိနဲ့သလိုဖြစ်နေခြင်းကို ကျိန်ဆဲလိုက်ပြီး သူမ စကားများများမပြောတော့ပါ။ထို့ကြောင့် သူမ ရင်မဆိုင်ချင်ခဲ့တာလည်းဖြစ်သည်။တိတိကျကျပြောရမည်ဆိုလျှင် ' တောင်းပန်ပါတယ် ' ဟူသည့်စကားလုံးများကို မပြောချင်ရသည့်အကြောင်းအရင်းမှာ အမှန်တကယ်နာကျင်ရသောကြောင့်ဖြစ်သည်။အခြားလူတစ်ယောက်ကို ဆွဲမထည့်ချင်သည့်အခါမျိုးတွင် ဤစကားလုံးများက သူလည်းနာကျင်ရသလို ကိုယ်လည်းနာကျင်ရလေသည်။
မျက်လွှာချထားလျက် သူမဆက်ရှင်းပြသည်။
" တကယ်တော့ ကျွန်မရှင့်ကိုမမုန်းပါဘူး ကျွန်မလေရှင့်ကိုပိုမုန်းမိလား ပိုချစ်မိလားဆိုတာကို ကျွန်မကိုယ်ကျွန်မမေးလေ့ရှိတယ် အဲ့လိုမျိုးဖြစ်ခဲ့တာ နှစ်တော်တော်လေးကြာခဲ့ပါပြီ နောက်ဆုံးတော့ အချစ်လည်းမရှိသလို အမုန်းလည်းမရှိခဲ့ပါဘူး Yan Heng ကျွန်မကရှင်နဲ့အလှမ်းဝေးနေခဲ့တာကို ရှင်သိရဲ့လား ရှင့်ရဲ့ခြေလှမ်းတွေကိုအမြဲအမှီလိုက်နေခဲ့ရတယ် ရှင့်အရှေ့မှာဆို ကျွန်မကအရမ်းနိမ့်ကျနေသလိုခံစားခဲ့ရတာ အခုတော့ ရှင့်ကိုကျွန်မမြင်ရတဲ့အခါ အေးချမ်းသွားတယ် ပြီးတော့ ... "
" ဆက်ပြောဖို့မလိုတော့ပါဘူး "
သူက ကြားဖြတ်ပြောလိုက်သည်။
" တောင်းပန်စကားပြောရမဲ့သူက ကိုယ်ပါ အားလုံးက ကိုယ့်ရဲ့အမှားတွေချည်းဘဲ အခုအချိန်ထိလည်း မင်းကိုကိုယ့်ဆီပြန်လာပါလို့ပြောဖို့အရည်အချင်းမရှိမှန်းကိုယ်သိပါတယ် ကိုယ့်ရဲ့ခံစားချက်တွေကိုလည်းနားလည်သွားပါပြီ လွန်ခဲ့တဲ့သုံးနှစ် အမေရိကန်မှာတုန်းကလည်း ကိုယ်ဒါနဲ့ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်းနောင်တရမိခဲ့ဖူးတယ် ဒါကြောင့်လည်းကိုယ့်ကိုယ်ကို တစ်ကြိမ်
လောက်အရဲစွန့်ချင်ခဲ့မိတာ နောက်ဆုံးတော့ ကိုယ်က မင်းရဲ့နှလုံးသားထဲမှာ ကိုယ့်ကိုယ်ကို အရမ်းမျှော်လင့်ထားမိသလိုဖြစ်သွားခဲ့တာဘဲ "
Shen XiFan ခါးသက်စွာပြုံးသည်။
" အတိတ်ကို ထပ်ပြီးမပြောကြရအောင် "
သူ ခပ်ဖျော့ဖျော့ ပြုံးနေသော်လည်း ဘယ်နေရာမှ စရမှန်းမသိခဲ့ချေ။
" ကောင်းပြီ ကိုယ်မပြောတော့ပါဘူး "
သူက ငွေရှင်းရန်ထလာခဲ့သည်။ပြန်လှည့်လာသည့်အခါ Shen XiFanရှိမနေတော့။စားပွဲပေါ်၌ စာရွက်ပိုင်းလေးတစ်ခုသာ ရှိနေခဲ့သည်။
"ညကိုလွန်မှ ပန်းတွေဖူးပွင့်ကြသလို
ကျွန်မလည်း အဝေးကြီးကိုသွားတော့မယ်
ခွဲခွာရခြင်းအနေနဲ့ junxinမီးအိမ်လေးကိုပို့လိုက်တယ်
လက်ရှိအခြေအနေအရ အခုချိန်ကစပြီးမေ့လိုက်တာက ပိုကောင်းပါတယ် "
(my note: junxinက ဘာလည်းဆိုတာကိုရှာကြည့်လိုက်တော့ junxinတံဆိပ် လျှပ်စစ်ပစ္စည်းဖြစ်နေပါတယ် ဒါကြောင့် ကိုယ်လည်း သင့်တော်သလို ဘာသာပြန်လိုက်ပါတယ်နော်)
တုန်ရီနေသည့် မျက်လုံးထောင့်စွန်းများ၊ ပေါ့ပျက်ပျက်သဘောထားမိလေသဖြင့် သူ၏နှလုံးသားနုနု အောက်ခြေမှ နာကျင်မှုများနှင့်မိမိကိုယ်ကို သိမ်ငယ်မှုတို့နှင့်အတူ သူသည် သူမကိုဆုံးရှုံးလိုက်လေပြီ။ ထို့နောက် အနောက်သို့လှည့်ကြည့်လေသည့်အခါ သူမ၏နေရာလေးလစ်လပ်နေသည်ကို ရင်ဆိုင်နိုင်ရန်မစွမ်းသာလှ။
အကောင်းမွန်ဆုံး အဆုံးသတ်ခြင်းဖြစ်လေသည်။သို့သော် သူမပျော်ရွှင်နေရသည်ကိုသာ သူအလိုရှိသည်။သူကအဝေးကြီးကိုရောက်နှင့်ပြီးနေပြီ သူမက အရင်နေရာလေးမှာဘဲ ထာဝရစောင့်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။သူ ဒါတွေကို ကောင်းကောင်းကြီးနားလည်သည်။သူမကိုချစ်မြတ်နိုးခွင့်မရှိတော့သည့်အတွက် သူနောင်တရသည်။ပျော်ရွှင်မှုတွေကတော့ လက်ဖျားများဆီမှ စီးဆင်းသွားခဲ့လေပြီ။
မေ့လိုက်ခြင်းကသာ ပိုကောင်းတဲ့အရာဖြစ်လာသည့်နောက်ဝယ် အရင်းနှီးဆုံး သူစိမ်းတွေဖြစ်ခဲ့ကြလေပြီ။
အရင်ကလည်း သူမကိုချစ်ခဲ့သည်။အခုလည်းသူမကိုချစ်နေသည့်အတွက် သူဘယ်တော့မှနောင်တရမည်မဟုတ်ပါ။သိပ်ကောင်းတဲ့အခိုက်အတန့်မှာသူဒါကိုသိခွင့်ရလိုက်ပြီဘဲ။ကိုယ့်ကိုယ့်ကိုအရမ်းချစ်ကြတဲ့လူတွေရှိသလို သူ့အတွက် သူမ၏တန်ဖိုးအရှိဆုံးအချိန်တွေဖြစ်ခဲ့သည့်ငယ်ရွယ်နုပျိုမှုတို့ကို မြှုပ်နှံပေးဆပ်ခဲ့သည့်သူမလိုလူမျိုးလည်းရှိပေသည်။
သူ၏နှလုံးသားထဲဝယ် ယခုအချိန်ကစ၍ အရိပ်လေးတစ်ခုဖြစ်တည်လာခဲ့လေပြီ။ဤအရိပ်လေးကို တိတ်တိတ်လေးလွမ်းနေရုံသာတတ်နိုင်တော့သည်။မှောင်မိုက်လွန်းသည့်ည ဖြစ်ခဲ့လျှင်လည်း အထီးကျန်အဖော်မဲ့ခြင်းတော့မရှိနိုင်ဘူးပေါ့လေ။
မေလ၊နွေဦးကာလဝယ်
Shen XiFan သာယာနေသည့်နေရောင်အောက်တွင် ပျော်ရွှင်စွာ လမ်းလျှောက်လာခဲ့သည်။
သူမ၏နှုတ်ခမ်းထောင့်စွန်းလေးများမှာမြင့်တက်သွားလေပြီး 'နှုတ်ဆက်ပါတယ်(goodbye)'ဟူသည့်စကားလုံးများကိုတိတ်တိတ်လေးတွေးနေခဲ့သည်။ လေညှင်းလေးခံရင်း နေရောင်ကိုခံစားနေရခြင်းက အလွန်ကောင်းမွန်လှသည်။စိတ်ဓာတ်ကျအားငယ်ခြင်းတွေလျော့ပါးသွားလေပြီး မွန်းကျပ်မှု၏နောက်ဆုံးလက်ကျန်လေးက အငွေ့ပြန်သွားခဲ့လေပြီ။အရိပ်စိုးစဥ်မျှကိုသာ ချန်ရစ်ခဲ့လေပြီးနောက် သူမ၏နှလုံးသားအောက်ခြေဆီမှာ မြှုပ်နှံထားခဲ့လိုက်လေသည်။
ဤသို့နေ့ရက်မျိုးကို ' Ban Xia ' ဟုခေါ်သင့်သည်။နွေကာလအလယ် အနည်းငယ်ပူလောင်အိုက်စပ်မှုတို့ကို ရပ်တန့်ထားသလိုပင်။
အလွန်ရင်းရင်းနှီးနှီး ကြားဖူးနေကျနာမည်လေးပေါ့။
He SuYe သာသိသွားလျှင် သူမကိုပြောပေလိမ့်မည်။
" Ben Xia(နဂါးစိမ်းအပင်နွယ်ဝင် အဆိပ်ဖြေဆေးဖက်ဝင်သစ်ဥသစ်ဖု) ဆိုတာက တရုတ်တိုင်းရင်းဆေးတစ်မျိုးလေ သူ့ကို pinellia(နဂါစိမ်းပင်)****မျိုး ခွဲလို့ရတယ်
ထင်ရှူး pinellia၊ pinellia ဆနွင်းနဲ့Zhuli pinelliaပေါ့ ချွဲခြောက်၊ချွဲအစို၊မအီမသာဖြစ်တာနဲ့အော့အန်ခြင်းကို သက်သာစေပြီး အကြောအဆစ်အမြစ်ဖောရောင်တာကို ပျောက်ကင်းစေတယ်
အဲ့ဒီထဲကမှ Banxia Baizhu Tianma ဆေးရည်နဲ့ Banxia Houpu ဆေးရည်ပေါ့ "
လုပ်ငန်းခွင်ကြောင့်အရင်းခံ၍ ဖြစ်ပေါ်လာသည့်ရောဂါဝေဒနာများကို အဖြေရှာကုသပေးသည့်ဆရာဝန်!!( Occupational Disease Doctor)၊
Shen XiFan အသံထွက်သည့်အထိ ရယ်မိလေသည်။ ဒါနဲ့ သူက ဘယ်မှာတုန်း?
သူမ သူ့ကို မမြင်တာ အတော်ကြာလေပြီ။
သူမ နွေဝတ်အထည်အချို့ဝယ်ချင်ပြီး ထို့နောက်သူမထွက်မသွားခင် သမီးတစ်ယောက်၏နောက်ဆုံး ဝတ္တရားသိတတ်မှုအနေနှင့် သူမ၏မိဘများအတွက်လည်း တစ်ချို့တစ်လေ ဝယ်ခဲ့သည်။
အမျိုးသားအဝတ်တန်းဘက်တွင် ဖေဖေShenအတွက် ရှပ်တစ်ထည်ရွေးရင်း မေမေShen ကစကားလုံးများကိုရေရွတ်နေသည်။
" သမီးအဖေက ချည်သားအထည်လေးတွေဝတ်ရတာ ကြိုက်တယ် ဒါပေမယ့် သမီးအဝတ်လျှော်စက်နဲ့အမြဲတမ်းလျှော်ပါများလာရင် အထည်တွေအနှေးနဲ့အမြန် ရွဲသွားရောလေ "
သူမက အပြာရင့်ရောင်တစ်ထည်ကို ထပ်ရွေးနေသည်။
" သမီးအဖေက အရောင်ဖျော့ဖျော့တွေဝတ်ရတာ မကြိုက်ပြန်ဘူး ခပ်မှောင်မှောင်လေးတွေဘဲဝတ်တတ်တယ် "
Shen XiFan တိတ်တ်ိတ်လေးပြုံးနေပြီး
သူမအဖေအတွက် အနီရောင်ဆိုဒ်ကြီး ရှပ်တစ်ထည်ဝယ်ရန် အားကစားအဝတ်အစားကောင်တာဘက်သို့သွားရန် တွေးမိသည်။သူမအဖေကို နုပျိုသွားစေချင်သည်လေ။
ရုတ်တရက် သူမအဖြူရောင်ရှပ်တစ်ထည်ကို တွေ့လိုက်သည်။ဒီဇိုင်းကရိုးရှင်းသော်လည်း စျေးနှုန်းက မြင့်သည်။Li Jie၏လက်ထပ်ပွဲမှာ SuYe ဘယ်လိုဝတ်ခဲ့တာပါလိမ့်? ထိုနေ့က သူသည် ဖြူစွပ်နေသည့်အဖြူရောင်ရှပ်အကျီနှင့် အနောက်တိုင်းဝတ်စုံကိုသာဝတ်ဆင်ထားခဲ့သည်။အဘယ်ကြောင့်ဆိုသော် Qiu Tianသည် သူ့အား သတို့သား၏အရှိန်အဝါကို ဖုံးကွယ်သွားမည်ဆိုသောကြောင့်သတိပေးခဲ့၍ဖြစ်သည်။သို့သော် သူမ၏အမြင်တွင် လူများအားလုံးက သူ့လောက် အမြင်ဖမ်းစားနိုင်စွမ်းမရှိလှပေ။ထို့အပြင် ဤကဲ့သို့ စိတ်ကိုတားဆီးချုပ်လှောင်ထားရသည့်ကိစ္စက သူမကို အရူးတစ်ယောက်ကဲ့သို့ ဖြစ်စေသည်။
သူမ၏ဆဲလ်ဖုန်းကိုကြည့်ရန်ထုတ်လိုက်သည်။ဘာမျှ ပို့ထားခြင်းမရှိသလို ခေါ်ဆိုထားခြင်းလည်းမရှိပေ။သူမ သက်ပြင်းဖွဖွချမိသော်လည်း
ဘာပြောရမှန်းဘာလုပ်ရမှန်းလည်း မသိချေ။
သူမကို အကြောင်းအရင်းတိတိကျကျပြောခြင်းမရှိဘဲ တောင်ပေါ်ဒေသဘက်သွားမည်ဟုသာပြောခဲ့လေသည်။သူမစိတ်ထဲတွင် နည်းနည်းအဆင်မပြေသလိုခံစားနေရပြီး နှလုံးသားလေးက ထိန်းချုပ်မရဖြစ်နေသည်။
အိမ်ပြန်ရောက်သည့်အခါ အန်တီတို့မိသားစုကသူမကိုလာတွေ့ခဲ့သည်။သို့သော် တူလေးတော့မပါလာခဲ့ပါ။ဝမ်းကွဲမောင်နှမလေးက ညည်းရှာသည်။
" ဒီနေ့ ညစာစားပြီးတော့ ငါ့အစာအိမ်ထဲမှာ နေရခက်ပြီးအန်ချင်လာတယ် ငါသူ့ကို မလာခိုင်းတော့ဘူး အရေးပေါ်ဌာနကိုတကယ်သွားရတော့မှာဘဲ "
မေမေShen က လုံးဝနားလည်မှုရှိသည်။
" အန်တယ်ဆိုတာက ကိစ္စသေးတယ်လည်းမဟုတ်သလို ကြီးတော့လည်းမကြီးပါဘူး တိုင်းရင်းဆေးဆရာဝန်နဲ့ပြကြည့်ပါလား "
ထို့နောက် သူမက တစ်ခုခု သတိရသွားပုံပေါ်ပြီး
" ကျွန်မ အိမ်မှာအဲ့လိုတိုင်းရင်းဆေးတွေအများကြီးရှိတယ် FanFanကိုရှာခိုင်းကြည့်လိုက်ဦးမယ် "
Shen XiFanစိတ်ထဲထူးဆန်းနေသည်။
" ငါက ဘယ်တုန်းကများ တိုင်းရင်းဆေးတွေအများကြီးသိသွားရတာလဲ ဒါပေမဲ့ အဲ့ဒါတွေက အိပ်မပျော်လို့သောက်တာနဲ့ အဖျားပျောက်တဲ့ဆေးတွေလေ ။
မေမေShen က ဖြေရှင်းသည်။
" ဟေး အဲ့ဒီစာအုပ်ထဲမှာဆေးညွှန်းတွေအပုံလိုက်ရှိတော့ ကိစ္စမရှိပါဘူးကွယ် အမေ လွန်ခဲ့တဲ့တစ်ရက်နည်းနည်းလောက်က ယူကြည့်မိလိုက်ပြီး သမီးစာအုပ်ကို ငှားမယ်လို့ပြောလိုက်သေးတယ် အမေနောက်ပိုင်း ဆေးညွှန်းတွေအများကြီးလှန်လှောဖတ်ကြည့်လိုက်တော့မှ နံရံကပ်စင်ပေါ်မှာပစ်ထားတဲ့သမီးစာအုပ်ဖြစ်လောက်မယ်လို့ တွေးမိတာ "
Shen XiFan မယုံကြည်နိုင်လောက်အောင် မျက်လုံးများပြူးကျယ်သွားခဲ့ပြီး
" ခဏလေး သမီးရှာကြည့်လိုက်ဦးမယ် "
ဆေးညွှန်းတစ်ပုံတစ်ပင်ကြီး ပါဝင်သည့် ထိုတိုင်းရင်းဆေးစာအုပ်ကြီးသည် မှီငြမ်းကိုးကားစာအုပ်အထပ်လိုက်ပေါ်တွင် သတိမမူဘဲထည့်မိထားလေသဖြင့် သူမသာ သတိမထားမိခဲ့လျှင် ပျောက်သွားပေလိမ့်မည်။
သူမ တစ်ရွက်ပြီးတစ်ရွက် ကြည့်ရှုလိုက်သည့်အခါ ၎င်းတို့အပေါ်တွင် ဂရုတစိုက်မှတ်သားထားလေသည်။' အအေးမိ၊အဖျားဝင်၊ချောင်းဆိုး၊အစာအိမ်အောင့်ခြင်း၊အော့အန်ခြင်း၊သွေးပါ၊ခေါင်းကိုက် 'စသဖြင့်။အောက်ခြေထောင့်နားလေးတွင်ရှိနေသည့် သမားတော်၏လက်မှတ်မှာ He SuYeဖြစ်သည်။
ဆေးညွှန်းများသာရှိပြီး အခြားမှတ်စုများ မပါပေ။သူမသည် တစ်လုံးတစ်လေမျှတောင်ချန်ထားခဲ့ခြင်းမရှိဘဲ စာမျက်နှာများအားလုံးကို ဖတ်ကြည့်ခဲ့လေသည်။သူမ ဧည့်ခန်းထဲသို့ အမောတကောပြေးဝင်လာခဲ့ပြီး မေမေShenကိုမေးလိုက်သည်။
" ဒီစာအုပ်က ဘယ်အချိန်တုန်းက ပြန်ရောက်နေတာလဲ "
မေမေShen ကခေါင်းကိုမမော့ဘဲသူမ၏ဆေးညွှန်းကို ယူလိုက်သည်။
" လွန်ခဲ့တဲ့ငါးရက်လောက်က အဲ့နေ့တုန်းက သမီးအဘွားအိမ်ကိုသွားနေတဲ့အချိန်ဖြစ်မယ် အမေလည်းပြောဖို့မေ့သွားခဲ့တာ နောက်တော့ ပြောဖို့ကိုသတိမရတော့ဘူး အမေကအိုနေပါပြီ အယ် ဒါဘဲဖြစ်မယ် ပန်တိုသန်းနစ်အက်စစ် အော့အန်ခြင်းကိုကုသပေးတာ "
Shen XiFanသွားကြည့်ပြီး ဖတ်လိုက်သည်။
" ရုတ်တရက်အော့အန်ခြင်းက အဖျားနဲ့ချမ်းစိမ့်စိမ့်ဖြစ်တာတို့တွဲပါလာတတ်တယ် ခေါင်းကိုက်တာနဲ့ ခန္တာကိုယ်အတွင်း Huoxiang Zhengqi ပြိုကွဲခြင်းတို့ဖြစ်လာတဲ့အခါ အချည်တွေပြန်အန်တယ်
anorexia-Baohe ဆေးတောင့်တွေက လေချဥ်ပြန်တက်စေတယ်၊ အက်စစ်ဓာတ်တွေ အန်မိတာတို့မျိုချမိတာတို့ဖြစ်တဲ့အခါ ရင်ထဲနေလို့ကောင်းအောင် Sini Sanhe Houpo ဆေးရည် သောက်ပေးပါ "
မေမေShen တိတ်တခိုးပြုံးသည်။
" ဒီကောင်လေးကဆရာဝန်မဟုတ်လား
အဲ့လိုလုံးဝမထင်ရဘူးနော် သမီးကလူချောလေးနဲ့ ဘယ်လိုသိနေတာဘဲ ပြောပါဦး သမီးနဲ့သူနဲ့ကဘယ်လိုဆက်ဆံရေးမျိုးလဲလို့ "
သူမ စကားတစ်ကြောင်းတောင်မပြောနိုင်တော့။
" မဟုတ်ပါဘူး ဒီလိုပဲ မိတ်ဆွေတွေပါ "
Shen XiFan၏နှလုံးခုန်သံများမှာအလွန် ပြင်းထန်နေပြီးထိန်းချုပ်နိုင်စွမ်းကင်းမဲ့လာသည့်အထိပင်။သူမကိုယ်သူမ မမေးဘဲမနေနိုင်တော့ပါ။သူက အဆုံးထိတိုင်လုပ်ပေးခဲ့လေသဖြင့်သူမသည်လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ရပေမည်။တိတ်ဆိတ်မှုက ပိုပြီးနေရာယူလာခဲ့လေသည်။
သူမ၏အတွေးထဲသို့ စိတ်ကူးလေးတစ်ခုက လျှပ်စစ်မီးပွားလေးတစ်စကဲ့သို့ ဖြတ်ခနဲဝင်ရောက်လာခဲ့သည်။ဤကဲ့သို့သိရှိသွားခြင်းက ကြောက်ရွံခြင်း၊စိတ်လှုပ်ရှားခြင်းနှင့်အတူ သူမကိုတုန်ရီလာစေခဲ့သည်။
Fang Zi ကိုကြည့်လိုက်သည့်အခါ
" ကျွန်မ အရင်ဆုံးဆေးရဖို့ ဒီနားပတ်ဝန်းကျင်ကဆေးခန်းကို သွားကြည့်လိုက်ရမလား
နောက်ကျရင် ပိတ်သွားလိမ့်မယ် "
Shen XiFan သည် စိတ်လှုပ်ရှားနေပြီး ဖြက်ခနဲ ထရပ်သည်။
" ကျွန်မသွားမယ် ကျွန်မသွားလိုက်မယ် ကျွန်မ ဒီနေရာကိုသိတော့ ကျွန်မဘဲသွားလိုက်တော့မယ် "
အကြံအစည်အောင်မြင်သွားစေရန် ဖေဖေShenကလည်းထွက်လာပြီးလိမ်ပေးနေသလိုပင် ။
" FanFanကိုသွားခိုင်းလိုက်ပါ အခုလောလောဆယ်အိမ်မှာလုပ်စရာမှမရှိတာ သူလည်းဝိတ်ကျတာပေါ့ "
လမ်းမအလယ်တွင်တစ်ယောက်က ဘယ်ဘက်တွင်ရှိပြီး တစ်ယောက်ကညာဘက်ခြမ်းတွင်ရှိကာ ဘေးချင်းကပ်အိမ်ပြန်လမ်းလျှောက်ခဲ့သည့်အကြိမ်ရေ ဘယ်လောက်များရှိခဲ့ပါပြီလဲ
သူမ ဘယ်သောအခါမှ He SuYe၏နောက်ကျောကိုလှည့်မကြည့်ခဲ့ဖူးပါ။အရင်က သူမသည် တကယ့်ကို ထုံထိုင်းလွန်းတာလည်းဖြစ်နိုင်သလို ပိုပြီးအတိအကျပြောရမည်ဆိုလျှင် ကန်းနေခြင်းသာဖြစ်နိုင်လောက်သည်။
မသိခဲ့သည့်အခိုက်အတန့်မှာ He SuYeက သူမ၏ဘဝထဲသို့ လျှောက်လှမ်းလာခဲ့လေပြီ ။သူမအတွက် သူက အရာအားလုံးကိုပြောပြလို့ရသည့် သူငယ်ချင်းဖြစ်သလို နှလုံးသားလှပြီးစေတနာကောင်းသည့်ဆရာဝန်တစ်ဦးလည်းဖြစ်ပေသည်။သူမ၏ဘဝမှာ သူ့လိုလူတစ်ယောက်နှင့်တွေ့ဆုံခွင့်ရခြင်းသည် ကျေးဇူးတင်စရာဖြစ်သော်လည်း သူတို့နှစ်ယောက်၏ဆက်ဆံရေးအကြောင်းကိုတော့ ဘယ်သောအခါမျှ မစဥ်းစားခဲ့မိချေ။
ဒါမဟုတ် သူ့အပေါ်သူမရဲ့ ခံစားချက်တွေက---
သူနှင့်အနေနီးတာကြောင့််လည်းဖြစ်ပေမည်။သူမက အမြဲတမ်းပေါ့ပေါ့တန်တန်သဘောထားတတ်လွန်းတာဘဲ။
သူမ Pinellia ကိုမြင်သည့်အခါ စိတ်ရှုပ်သွားရသည်။အရင်ကတွေ့ဖူးသည့်ပုံစံနှင့်မတူဘဲ အညိုရောင်အလုံးလေးဖြစ်သည်။၎င်းပုံစံက အရွက်လည်းမဟုတ်သလို အရိုးတံလည်းမဟုတ်ဘဲ လုံးလုံးဝန်းဝန်းလေးဖြစ်နေသည်။
နောက်ဆုံးတော့ ဆေးပေးသည့်သူက သူမ၏မယုံကြည့်သည့်မျက်လုံးများကိုမြင်သည့်အခါ ရှင်းပြရလေသည်။
" ဒါက Fa Pinelliaလေ သစ်ဥသစ်ဖုတွေနဲ့လုပ်ထားတာပါ "
He SuYeသည်လည်း ပုံပန်းသွင်ပြင်နှင့်ကောက်နုတ်ဖော်ပြ၍မရကြောင်း သူမကို အရင်ကပြောခဲ့ဖူးသည်။တရုတ်တိုင်းရင်းဆေးများသည်သိသာပေါ်လွင်ခြင်းမရှိသော်လည်း အကျိုးသက်ရောက်မှုကောင်းကောင်းရှိတတ်သည်။သို့သော်လည်း ဒီလိုနာမည်ကောင်းလေးမျိုးက သူမဆီမှာ ရှိနှင့်ပြီးသားဖြစ်နေလေပြီ။
Pinellia ဆိုသည့်အရာက ဤကဲ့သို့ဖြစ်နိုင်လောက်သည်။လျှပ်စစ်ပန်ကာလေမှုတ်ထားခြင်းက ပူအိုက်ခြင်းကိုမခံစားရသလို အနှေးနဲ့အမြန်ပိုအေးလာပေသည်။စျေးမှာရှိသည့်စားစရာများ၊အသီးအနှံများနှင့်ဟင်းသီးဟင်းရွက်များကလည်း ရာသီအလိုက်တဖြည်းဖြည်းပြောင်းလဲနေရင်း နွေးထွေးပြီး သက်ဝင်လှုပ်ရှားလှပေသည်။Xin၊Wenတိုင်းရင်းဆေးလိုမျိုး Pinellia ကိုလည်းအနက်ဖွင့်ဆိုထားလေသည်။
ဆေးများကိုကျွမ်းကျင်စွာထုတ်ပိုးနေသည်ကို ကြည့်ရင်း သူမ၏နှုတ်ခမ်းများကွေးသွားပြီးတိတ်တိတ်လေးပြုံးလိုက်သည်။
He SuYeရေ ရှင့်ကိုဖော်ညွှန်းနိုင်ဖို့ ဘာတွေကိုများ သုံးနှုန်းရမလဲနော် ?
နောက်ဆုံးတော့ သူမ မတတ်နိုင်ဘဲ He Suyeအိမ်၏လှေကားအောက်ဆီသို့ သွားခဲ့မိလေသည်။သူဒီမှာမရှိတာ သူမ သိသော်လည်း လှေကားအောက်တွင်တစ်ယောက်တည်းရပ်နေမိဆဲ။ ခဏလောက်ကြောင်တောင်တောင်ဖြစ်သွားခဲ့လေသည်။
အရင်ကဆိုလျှင် သူ့အိမ်ပြတင်ပေါက်ဘောင်အောက်ခံမှ လိမ္မော်ရောင်အလင်းဓာတ်က မှောင်မိုက်နေသည့်ညအချိန်ကိုဖြတ်ကျော်ရင်း ခပ်နွေးနွေးလေးဖြစ်နေသည်။သူမ လာသည့်အချိန်တိုင်း၎င်းကိုမြင်ခဲ့ရလေသည်။နှလုံးသားထဲကသာ ခံစားသိနေမည်ဆိုလျှင် စောင့်နေခြင်းဟုအထင်မှားမိနေဦးမည်သာ။
သူက သူမကိုစောင့်နေခဲ့သည့်အချိန်မှာအတော် လေးကြာလွန်းလှပြီးဖြစ်ကြောင်းနားလည်သွားခဲ့သည့်အခါ...
သို့သော်ငြားယခုအခါဝယ် အမှောင်ထုထဲ၌ သူမ၏အသွေးအသားထဲတွင် လွမ်းဆွတ်ခြင်းဟူသည့်ခံစားချက်သည်သာ စီးဆင်းနေလေသည်။ဒါက နာကျင်ရသည်ဟုမခံစားရသလို ထိုသို့တွေးတတ်သည့်လူများကိုလည်းမမြင်ဖူးခြင်းဖြစ်သည်။သို့သော် ယခုကဲ့သို့ ရုတ်တရက်ကြီးအံ့သြရခြင်းနှင့်အတူ လွမ်းဆွတ်မိခြင်းမျိုးကို တစ်ခါမှ မဖြစ်ခဲ့ဖူးသောကြောင့်လည်းဖြစ်သည်။
ခမ်းနားသည့်ပထမတန်းစားဆုတံဆိပ်က သူမ၏ဦးခေါင်းကို ထိမှန်သွားသကဲ့သို့ မူးဝေနေသဖြင့် ညဘက်တွင် စိတ်လှုပ်ရှားလွန်း၍ အိပ်မပျော်နိုင်တော့ ။ညသန်းခေါင်တွင် ထလာခဲ့ပြီး ဆုတံဆိပ်ကြီးကိုလက်လွှတ်မခံခဲ့ရကြောင်း အတည်ပြုရလေတော့သည်။
Shen XiFanရူးကြောင်ကြောင်အပြုံးလေးနှင့်တရုတ်တိုင်းရင်းဆေးတစ်အိတ်ကိုသယ်လာရင်း သူမ၏နှလုံးသားထဲကစိတ်ပူပန်သောကများက မိမိကိုယ်ကိုယ့်ကိုယုံကြည်စိတ်ချနေသည့်ခံစားချက်များကို လွှမ်းမိုးလာခဲ့လေသည်။
He SuYeသည် အမြဲတမ်းသဘောကောင်းကြင်နာတတ်သဖြင့် သူမ၏နှလုံးသားထဲတွင် သူကအတိုင်းအတာဘယ်လောက်ထိရှိနေနှင့်ပြီလဲ?
သူမ မချုပ်တည်းနိုင်တော့သဖြင့် သူ့ဆီသို့ မက်ဆေ့ခ်တစ်စောင်ပို့လိုက်လေသည်။သူဘယ်အချိန်လောက်ပြန်လာမလဲဟုသာမေးလိုက်သည်။သို့သော်ပြန်စာကိုအချိန်အကြာကြီးမစောင့်တော့ဘဲ သူမ၏ဖုန်းသံကို vibrateမုဒ်သို့ပြောင်းပြီး မရည်ရွယ်ဘဲ အိပ်ပျော်သွားခဲ့တော့သည်။
မနက်တွင် နိုးလာသည့်အခါ သူမ၏ဆဲလ်ဖုန်းမှာ ဗလာသက်သက်ဖြစ်နေသလို သူမ၏နှလုံးသားလေးသည်လည်းဗလာနတ္ထိ ဖြစ်နေလေသည်။
ချက်ချင်းပင် သူမ၏နှလုံးသားလေးကိုဆုံးရှုံးလိုက်ရသလိုမျိုး ခံစားရလေသည်။
သူမ၏ဦးခေါင်းကိုလက်မောင်းများထဲ၌ သိုဝှက်ထားလိုက်ပြီး သက်ပြင်းအရှည်ကြီးချလိုက်ကာ ရှည်လျားပြီး မရေမရာသည့်အတွေးများက ဖွင့်ကျလာခဲ့လေသဖြင့်သူမအတွက် ထိန်းချုပ်ထားရန်ခက်ခဲလွန်းလှပေသည်။
အမွေးနံသာပူဇော်ရန် သူမ ဘုရားကျောင်းသို့ သွားခဲ့သည်။မေမေShenကြောင့် ဖြစ်သော်လည်းဆန္ဒပြုဆုတောင်းခဲ့လေသည်။ထွက်မသွားခင် အေးအေးချမ်းချမ်းရှိရန် ဆုတောင်းခဲ့သည်။
ဘုရားကျောင်းဝန်းထဲ၌ လှည့်လည်သွားလာရင်း ဘုရားကျောင်း၏လှပသည့်အဆောက်အအုံဒီဇိုင်းများကိုခံစားကြည့်ရှုသည် ၊သပ္ပါယ်လှသည့်ရုပ်ထုများကို ဝတ်ပြုဆုတောင်းသည်၊နံရံတံတိုင်းများမှာ အရောင်တူဆေးခြယ်ထားသည်ကိုသတိထားမိသည်။ ကံကြမ္မာအပြောင်းအလဲကိုဖြတ်သန်းလာခဲ့ပြီးလေသည့် ရှေးခေတ်တေးသွားသံစဥ်သည် စိတ်နှလုံးသားထဲသို့ ဖြတ်သန်းဝင်ရောက်လာခွင့်ပြုထားလိုက်သည်။ဘာသာတရား၏အငွေ့အသက်များကို ရှူသွင်းလိုက်သည့်အခါ သူမ၏ခြေလှမ်းများကတောင်ပေါ့ပါးလာခဲ့လေသည်။
အမွှေးတိုင်အရှည်ကြီးကို ကိုင်ဆောင်ထားသည် ဆံဖြူအဖိုးအိုသည် သူ၏ကလေး အန္တရာယ်ကင်းစေရန် ဆုတောင်းပြုနေသည်။သက်လယ်ပိုင်းအမျိုးသမီးတစ်ဦးသည် အလွန်အကျွံအရိုအသေပေးဝတ်ပြုနေပြီးထို့အပြင် သူမ၏ကလေးသည်ကျောင်းတွင်တိုးတက်အောင်မြင်ရန်နှင့် သူမ၏ ခင်ပွန်း ကျန်းမာရေးကောင်းမွန်ရန်ဆုတောင်းနေသည်။
He SuYeအတွက်သာဆိုပါက
သူမသည် သူ့ကိုဘေးကင်းကင်းနှင့်အတတ်နိုင်ဆုံးမြန်မြန်ပြန်လာပါစေဟုသာ တောင်းဆုပြုလေမည်။
နောက်ဆုံးမှာတော့ သူမ မနေနိုင်ဘဲ သူ့ကိုဖုန်းခေါ်ခဲ့မိလေသည်။
ထိုအချိန်တွင် Shen XiFanသည် ဘုရားကျောင်း၏နောက်တွင်ရှိသည့်တောအုပ်ထဲသို့ရောက်နေသည်။သစ်ပင်များများစားစားမရှိသော်လည်း ဝါးပင်များကပေါများလှသည်။သစ်ပင်များကစိုပြည်သန်စွမ်းပြီး စိမ်းလန်းနေသည်။လေပြည်လေညှင်းများတိုက်ခတ်လာသည့်အခါ သဲများကလွင့်ပါလာလေသည်။သက်ကြီးပိုင်းလူကြီးများသည် တရားအားထုတ်နေကြသဖြင့် သူမ၏အသံသည်အလွန့်အလွန့််မှတိုးညှင်းလှသော်လည်း အသံထဲမှလာသည့်ပျော်ရွှင်မှုကိုတော့ဖုံးဖိမထားနိုင်ပေ။
He SuYeရှိနေသည့် ထိုနေရာသည်လည်း အသက်ဝင်စည်ကားပုံရလေသည်။လေပြင်းတိုက်သံများနှင့် ပျားပန်းခမ်မျှလှုပ်ရှားသွားလာနေသည့်လူသံများကိုသူမ ကြားနေရသည်။သူမ မသိချင်ဘဲမနေနိုင်လေတော့သည့်အခါ
" He SuYe အရမ်းဆူညံနေတာဘဲ အဲ့မှာဘာတွေဖြစ်နေတာလဲ "
တစ်ဖက်မှကြည်လင်ပြတ်သားသည့်အသံထွက်လာခဲ့လေသည်။
" ကိုယ်လက်မအားသေးလို့ ဖုန်းက ကိုယ့်လက်ထဲမှာမရှိလို့ပါ အခုကိုယ့်လက်နှစ်ဖက်လုံးကအပ်ကိုင်ထားရတယ်၊အခုလူနာကအဆစ်ရောင်ရောဂါကိုခံစားနေရတာနှစ်တော်တော်ကြာနေပြီ သိပ်မကြာခင်ကဘဲ လေကသိပ်သည်းစိုထိုင်းပြီးလေပြင်းတွေတိုက်လာတာ မိုးသည်းတော့မယ်ထင်တာဘဲ "
Shen XiFan ရှက်ကိုးရှက်ကန်းဖြစ်နေသည်။
" ကျွန်မရှင့်ကိုနောက်ယှက်မိသွားတာလား ဒါဆို ကျွန်မဖုန်းချလိုက်ရမလား "
" ကိစ္စမရှိပါဘူး အခုမင်းဘယ်ရောက်နေတာလဲ "
" Huatai ဘုရားကျောင်းမှာလေ အနောက်မှာဝါးရုံတောကြီးရှိတယ် ပြီးတော့လေထုကလည်းကောင်းတယ် အမေက မသွားခင်အေးအေးချမ်းချမ်းနဲ့အဆင်ပြေပြေရှိအောင် သွားဆုတောင်းကြမယ်ပြောလို့ပါ ဒါနဲ့ ရှင်ဘယ်တော့ပြန်လာမှာလဲ? "
" နောက်သုံးရက်လောက်ကြာဦးမယ် မင်း (safety symbol)ကိုစုံစမ်းပြီးပြီလား (safety symbol)က ဒီဘက်မှာဆို အလင်းပြန်တဲ့အခါ အရမ်းအသုံးဝင်တယ် "
(my note:safety symbol ကလေ ရှာကြည့်လိုက်တော့ လမ်းသွားတဲ့အခါသတိပြုရတဲ့ အမှတ်အသားဆိုင်းဘုတ်တွေဘဲထွက်လာတယ် ကိုယ်နားမလည်လို့ သူတို့ပြောတာကို သင့်တော်သလိုဘာသာပြန်ထားတယ် ဘာလဲဆိုတာသိချင်ရင်တော့ သူတို့ပြန်တွေ့တဲ့အခါသွားကြမလားဆိုတာကို နောက်တစ်ပိုင်းမှာမျှော်ရပါမယ်ရှင်)
" ကျွန်မ အဲ့ဒါကြီးကို လုံးဝမသိဘူး တကယ်ကြီးကိုမသိတာ "
" လောစရာမလိုဘူး ကိုယ်ပြန်လာတဲ့အထိစောင့်ပေးလေ အတူတူသွားကြမလား "
သူမ၏နှလုံးသားလေးသည် တဒုတ်ဒုတ်အခုန်မြန်နေရှာသည်။
" အိုခေ ကောင်းပြီလေ ကျွန်မမနေ့ညက မက်ဆေ့ချ်တစ်စောင်ပို့ထားသေးတယ် ရှင်ဘာလို့စာမပြန်တာလဲ "
He SuYe အံသြသွားလေသည်။
" ကိုယ်ဘယ်အချိန်ပို့ထားမှန်းမသိလိုက်ဘူး ဒီဘက်ကလိုင်းဆွဲအားမကောင်းဘူးလေ ဟိုရွေ့ဒီရွေ့လုပ်နေရတာ "
Shen XiFan ရယ်လေသည်။
" ရှင်မြန်မြန်ပြန်လာနော် ကျွန်မရှင့်ကိုစောင့်နေမယ် "
ထိုစကားများက အရမ်းကိုဒွိဟဖြစ်စေမှန်း နောက်ကျမှ သဘောပေါက်သွားသဖြင့် အမြန်လေးထပ်ပြောရလေသည်။
"ကျွန်မဆိုလိုတာက....ကျွန်မပြောချင်တာကလေရှင်(safety symbol)အတွက် ပြန်လာမှာကိုစောင့်နေမယ်လို့ "
He SuYeသည် တဟားဟားရယ်လျက်
" ကိုယ်သိပါပြီ " ဟုပြန်ပြောလိုက်သည်။
ဖုန်းချလိုက်ပြီးနောက် သူမသည် ဝါးပင်ကိုမှီလျက် ပြုံးမိသည်။ရင့်ရော်နေသောဝါးရွက်များမှာခဏခဏကြွေကျနေပြီး ဘုန်းကြီးကျောင်းမှ ခေါင်းလောင်းသံများသည် ကျယ်လောင်စွာမြည်နေ၏။သူမသည် လက်အုပ်ချီလိုက်ပြီး ငြိမ်သက်စွာဖြင့်လေးလေးနက်နက် ဆုတောင်းခဲ့သည်။
အပြန်လမ်းတွင် Ling Yishenဆီမှ ဖုန်းလက်ခံရရှိခဲ့ပြီး သူမနှင့်တွေ့ရန် ပြောလာသည်။
Ling Yishenသည် စိတ်အားထက်သန်မှုအပြည့်နှင့် သူမကိုပြုံးပြ၍ ပြောသည်။
" ငါအလုပ်ထွက်လိုက်ပြီ "
သူမ၏လည်ချောင်းထဲတွင် လက်ဖက်ရည်များသီးသွားပြီး ချောင်းအဆက်မပြတ်ဆိုးလေသည်။
Shen XiFanမျက်လုံးများပြူးသွားပြီး လုံးဝမယုံကြည်နိုင်ခဲ့ပေ။
" အကိုက အလုပ်ထွက်တယ် ဟာသလုပ်နေတာဘဲ အကိုက ကျွန်မခြေရာကိုလိုက်နင်းနေတာလား "
Ling Yishenသည် မျက်ခုံးများကို ပင့်ကာ
" ဒီသတင်းက ရှော့ခ်ရဖို့မလုံလောက်သေးဘူးဆိုရင် ငါနောက်တစ်ခုပြောပြမယ်လေ "
Shen XiFanသည် ခေါင်းငြိမ့်ပြလိုက်ပြီး
" ဒီတစ်ခါတော့ ကျွန်မလက်ဖက်ရည်မသောက်တော့ဘူး "
" ငါအလုပ်ထွက်ရတဲ့အကြောင်းက ပြည်ပကိုပညာတော်သင်သွားမလို့ဘဲ ဒါပေမဲ့အဓိကအကြောင်းအရင်းကတော့ ငါမင်းကိုနည်းနည်းလေးမှ စိတ်မဝင်စားဘူးလို့ထင်တယ် စိတ်မကောင်းပါဘူးနော် "
Shen XiFanထိုနေရာတွင်အေးခဲသွားလေသည်။
ထို့နောက် စကားလုံးများကို ကယောက်ကတမ်းပြောချလိုက်သည်။
" ညီမလည်းအဲ့အချက်ကို ငြင်းပါရစေ "
သူက မျက်လုံးများကိုကျဥ်းမြောင်းလိုက်ပြီးပြုံးနေသည်။
" ဒါပေါ့ ငါတို့က တရားမျှတပြီးလွတ်လပ်စွာရွေးချယ်နိုင်တယ်လေ ဒါပေမဲ့ ငါက ကံမကောင်းချင်တော့ JohnsonGraduateSchoolOf Managementမှာ Business Administration ကိုမင်းနဲ့ကျောင်းအတူတက်ခဲ့ရတာဘဲ "
သူမက ရယ်လေသည်။
" ဘယ်လိုဘဲဖြစ်ဖြစ် ကြိုဆိုပါတယ်ရှင် ဒါပေမဲ့လည်း စိတ်မကောင်းပါဘူးနော် "
ဘာကြောင့်လဲဆိုတော့ သူမက အခြားသူတစ်ယောက်ကိုသဘောကျနေပြီလေ။
24.9.2021
Friday.
Have The Happy Weekend 💗