ချစ်သူဖြစ်ပြီးမကြာသေးခင်အချိန်မှာဘဲ ဝေးကွာခဲ့ရတယ့် နှစ်လတာ ကျောင်းပတ်ရက်ကြီးက နှစ်ကမ္ဘာလောက် ရှည်ကြာနေသလို သူ ခံစားနေရ၏။
ထိုသို့ ခံစားနေရင်းနဲ့မှ မိမိဆီကို ဒီလို အချိန်မျိုးမှာ ဖုန်းဆက်ခဲ့ဖူးသည့် နွေးရဲ့ အသံလေးကို ပြန်ကြားယောင်နေမိပြန်တော့ အလွမ်းဆိပ်က ပိုတိုးလာခဲ့ပြန်၏။
ညတိုင်း ဗီဒီယိုကောလ်ပြောပြီး စာတွေအပြန်အလှန်ပို့နေပေမယ့်လည်း နွေးကို မိမိရင်ခွင်ထဲမှာ ထားပြီး ဖက်ထားချင်စိတ်က ထိန်းမရ။
မနက်ခင်းတိုင်း နွေးဆီက မောနင်းကစ်ကို မရမကတောင်းတတ်ခဲ့တာကိုလည်း ပြန်သတိရနေ မိပြန်တော့ လေလှိုင်းထဲကနေဘဲ အနမ်းတွေခြွေနေရတာကို သူမတင်းတိမ်နိုင်ခဲ့။
ပိုတယ်လို့ များ မင်းတို့ထင်နေမလား...
ဟင့်အင်း...ဒါက ပိုတာမဟုတ်ပါဘူး။
တကယ်တော့ ကိုယ်ချစ်တဲ့သူကို မတွေ့ရခင်အချိန်ထိ ကိုယ်နဲ့သွေးမတော်သားမစပ်တဲ့ သူစိမ်းတစ်ယောက်ကို ကိုယ့်အသက်လောက် ချစ်မိခဲ့လိမ့်မယ်လို့ မင်းတို့တွေးဖူးမှာမဟုတ်ဘူး။
ငါကိုယ်တိုင်လည်း မတွေးခဲ့ဖူးဘူး။
ဒါပေမယ့် မင်းလူတစ်ယောက်ကို ချစ်မိသွားပြီဆိုရင်တော့ မင်းအရင်က မတွေးဖူးတဲ့ အတွေး တွေအကုန်လုံးက ခေါင်းထဲ အလိုလိုဝင်လာလိမ့်မယ်...
အဆင်ပြေရဲ့လား...နေကောင်းရဲ့လား
ဘာတွေများလုပ်နေမလဲ...
ဒီလိုအသေးအဖွဲ့လေးတွေကအစ ကိုယ်တွေးနေမိလိမ့်မယ်...
တကယ်ချစ်မိသွားတဲ့သူတိုင်းက ကိုယ် ကိုယ်တိုင်ထက် သူ့အတွက်ဘဲ စဉ်းစားပေးဖြစ်တော့ တယ်။
ဘာလို့လဲဆိုတော့ သူ့ရဲ့ပျော်ရွှင်မှုက ကိုယ့်ရဲ့ပျော်ရွှင်မှုဖြစ်နေတဲ့အတွက်,,
သူ့ရဲ့အပြုံးလေးတစ်ခုကအစ ကိုယ့်ဘ၀အတွက် ရှေ့ဆက်ရမယ့် ခွန်အားလေး တစ်ခုဖြစ်နေတဲ့ အတွက်,,
ညနက်တဲ့အထိ မနေတတ်တဲ့သူတစ်ယောက်ကတောင် ကိုယ်တကယ်ချစ်ရသူနဲ့ဆိုရင် ညလုံးပေါက် စကားတွေပြောချင်နေမိတာလေ...
နာရီပေါင်းများစွာပြောပြီးတာတောင် ခဏလေးလိုမျိုး ခံစားနေရတာ
ပြောပြီးရင်လည်း သူ့စကားလေးတွေကို နားထဲပြန်ကြားပြီး ပြုံးနေမိတာ
ဘယ်လောက်ဘဲ တည်ငြိမ်တဲ့သူဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူရှေ့ရောက်ရင် အရာအားလုံးကိုမော့လျော့သွားပြီး သူတစ်ယောက်ထဲ ကိုယ့်ကမ္ဘာထဲမှာရှိနေသလိုမျိုး,,,
ကိုယ်ချစ်တဲ့သူနဲ့ အကြည့်ချင်းဆုံမိတိုင်း ကိုယ့်ရဲ့ မိနစ်တွေ စက္ကန့်တွေ အပြုံးတွေအားလုံးက ရပ်တန့်သွားပြီး သူ့ရဲ့မျက်ဝန်းတွေကိုဘဲ အသိစိတ်လွတ်သွားတဲ့ လူတစ်ယောက်လို ငေးကြည့်နေမိတာ,,,
ကိုယ့်နှလုံးခုန်သံတွေ မြန်ဆန်လာခဲ့ခြင်းရဲ့ အကြောင်းအရင်း,,,
ကိုယ့် နှုတ်ခမ်းထက်က အပြုံးတွေဖြစ်ပေါ်လာခဲ့တဲ့ အကြောင်းအရင်း,,,
ကိုယ့် ရဲ့ ပျော်ရွှင်ခြင်း ၊ ၀မ်းနည်းခြင်းတွေဖြစ်တည်လာခဲ့ရတဲ့ အကြောင်းအရင်း..
ကိုယ့် နေ့ရက်တွေတောက်ပလာခဲ့ခြင်းရဲ့ အကြောင်းအရင်း,,
ကိုယ် အသက်ရှင်နေထိုင်တဲ့ ဘ၀ရဲ့ အဓိပ္ပါယ်တွေ ပြည့်စုံလာခဲ့ခြင်းရဲ့ အကြောင်းအရင်း,,
ဒီအကြောင်းအရင်းတွေအကုန်လုံးရဲ့ အဓိက အဖြေကတော့ ကိုယ်ချစ်ရတဲ့သူကြောင့်ဘဲပေါ့။
ဒါတွေက မဖြစ်နိုင်ဘူးလို့ထင်ရပေမယ့် ကိုယ် တကယ်ချစ်ရတဲ့သူနဲ့ တွေ့ရတဲ့အချိန်မှာတော့ မင်းသတိမထားမိလိုက်ခင်မှာတင် မင်းနှလုံးသားထဲမှာအလိုလိုခံစားဖြစ်တည်လာမှာပါ..
အရင်ကတော့ ဒီလိုခံစားချက်တွေခံစားရလာလိမ့်မယ်လို့ အိပ်မက်ထဲတောင် ငါယောင်လို့ မတွေးဖူးခဲ့ဘူး။
ဒါပေမယ့်လည်း တစ်ချိန်က မတွေးဖူးခဲ့တဲ့ မဖြစ်နိုင်ဘူးထင်ခဲ့တဲ့ အရာတွေအားလုံးက လက်တွေ့ မှာ ငါကိုယ်တိုင်ကြုံတွေ့နေရပြီလေ...။
အတူတူရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကိုကြည့်ရင်း ခံစားချက်တွေနယ်ကျွံနေတဲ့ ၀င့်ဖူးသဇင် တစ်ယောက် ရုတ်တရက် ကြားလိုက်ရတဲ့ ringtone သံကြောင့် ဖုန်းရှိရာကို အမြန်လာပြီး ကိုင်လိုက်၏။
"ဟယ်လို...နွေးလေး"
"ဇင်ရေ...အခုဘာတွေလုပ်နေလဲဟင်"
"နွေးကို လွမ်းနေတာ"
"မနောက်ပါနဲ့...အတည်မေးနေတာကို"
"ဒီကလည်း အတည်ဖြေနေတာ....နွေးကို အရမ်းလွမ်းနေတာလို့"
"ဟွန့်....ဘာမှန်းမသိဘူး...သူများကိုဆို စကားလုံးတွေနဲ့ အရမ်းခြွေတာဘဲ,,,"
"ဘာလို့လဲ...နွေးကိုလွမ်းတာ နွေးမကြိုက်လို့လား"
"မကြိုက်စရာအကြောင်းရှိလို့လား...?"
"အဲ့ဆို နွေးရော ငါ့ကိုလွမ်းလား"
"လွမ်းဘူး"
"တကယ်ပြောတာလား"
"ဟုတ်ဘူး...လွမ်းတယ်..ဟီးဟီး...စတာနော် စိတ်မဆိုးနဲ့"
"အွမ်း,,,မဆိုးပါဘူး"
"မဆိုးဘူးသာပြောတယ် အသံက တစ်မျိုးဖြစ်သွားသလိုဘဲ"
"မဖြစ်ပါဘူး...နွေးထင်လို့ပါ"
"ဇင်,,,"
"ပြောလေ နွေး"
"လွမ်းတယ်"
"..."
"သေချာမကြားရဘူးလား...အဲ့ဆို ပြန်ပြောပြမယ်နော်......ဇင့်ရဲ့ချစ်သူ အနွေးလေးကလေ ဇင့်ကို အရမ်း အရမ်း အရမ်း ကို လွမ်းနေတာပါရှင်"
နွေးနေခြည်ရဲ့အပြောကြောင့် ၀င့်ဖူးသဇင်ဟာ နှုတ်ခမ်းက နားရွက်တက်ချိတ်တော့မလိုပင် ဖြစ်နေ၏။
"ဇင်,,,ဘာမှလည်း ပြန်မပြောဘူးရော်"
"ပြန်ပြောဖို့အတွက် အားတောင်မရှိတော့သလိုဖြစ်နေလို့"
"ဇင်ကတော့ ပိုပြီ"
"နောက်ဆို ဒီ့ထက်ပိုပြီး ပိုလာရုံဘဲ ရှိတော့တယ်..."
"ကြောက်တယ်..."
"ဘာလို့ကြောက်တာလဲ,,,မကိုက်စားပါဘူး"
"မကိုက်စားပေမယ့် ဇင်က အပြောလေးတွေနဲ့ ငါ့ရဲ့နှလုံးသားကို တိုက်စားနေတာလေ"
"ဟာ...နွေးက ပြောတတ်တယ်ကွာ...တကယ်ဘဲ ဘယ်သူက ခြွေပြီး ဘယ်သူက ကြွေနေရလဲ တောင် မသိတော့ဘူး"
"ဟဲဟဲ,,,ဇင့်ချစ်သူဘဲဟာ ဒီလောက်တော့ ရှိမှာပေါ့"
"ဟုတ်ပါပြီ ကျွန်မရဲ့ချစ်သူလေးရယ်,,,"
"အခု ဇင့်အသံလေးကြားလိုက်ရတော့ နဲနဲ အလွမ်းပြေသွားပြီ,,,ညကျမှ ထပ်ပြောမယ်နော်"
"အွမ်း...ညကျရင် ငါ ဗီဒီယို ကောလ် ခေါ်လိုက်မယ်နော်"
"ဟုတ်ကဲ့ပါရှင့်"
ချစ်ရသူလေးနဲ့ဖုန်းပြောပြီး ၀င့်ဖူးသဇင် ရေချိုးဖို့ အ၀တ်အစားလဲနေတုန်း အောက်ထပ်မှ အမေဖြစ်သူရဲ့ခေါ်သံကိုကြားလိုက်တဲ့အတွက် အ၀တ်အစားပြန်ဝတ်ပြီး အမေရှိရာကို လာခဲ့၏။
"မေမေ သမီးကိုခေါ်တာလား"
"ဟုတ်တယ် သမီး...ခုနက သမီးအဘွားဖုန်းဆက်လို့လေ"
"အဘွားကလား...အဘွားက ဘာဖြစ်လို့လဲ မေမေ"
"ဘာမှတော့မဖြစ်ပါဘူး...ဒီကို အလည်လာမလို့တဲ့၊ပြီးတော့ သမီးကိုလည်း လွမ်းလို့ တွေ့ချင်လို့တဲ့လေ...မနက်ဖြန်မနက်လောက်ဒီကို ရောက်မယ် ထင်တယ်"
"အော်...ဟုတ်ကဲ့ မေမေ..သမီး ညနေကျရင် ဖွားဖွားကို ဖုန်းဆက်လိုက်ဦးမယ်"
"အင်း ,,,,ဆက်လိုက် သမီး"
"အဲ့ဒါဆို သမီး ရေချိုးလိုက်ဦးမယ်နော် မေမေ"
"အေးအေး..သမီး"
ထိုအချိန်မှဘဲ ၀င့်ဖူးသဇင် အိမ်အပေါ်ထပ်သို့ ပြန်တက်လာပြီး ရေချိုးမယ့် အစီအစဉ်ကို တစ်ဖန်ပြန်စရတော့ ၏။
.
.
ဒီနေ့တော့ မနက်ခင်းအစောကြီးထဲက ၀င့်ဖူးသဇင်နိုးနေခဲ့သည်။
နိုးရတဲ့အကြောင်းအရင်းကလည်း မိမိရဲ့အချစ်တော် ဘွားဘွားလာမည်ဆိုသောကြောင့်ပင်။
မှန်းထားတဲ့အချိန်အတိုင်းပင် အဘွားက သူတို့အိမ်ကို မနက် ၈နာရီလောက်မှာ ရောက်လာ ခဲ့သည်။
အိမ်ကိုရောက်တာနဲ့ အဘွားဖြစ်သူက သူ့ရဲ့မြေးမလေးကို အရင်နှုတ်ဆက်ပွေ့ဆက်တော့၏။
"အမလေး,,,အဘွားမြေးလေးက တစ်နေ့တစ်ခြား ပိုပိုလှလာသလိုဘဲ"
"ဟီးဟီး....အဘွားလည်း အခုချိန်ထိ နုပျိုနေတုန်းပါဘဲ"
"အဘွားမြေးအချွဲလေးကတော့ ပြောတတ်လိုက်တာ...."
"အဘွား ဗိုက်ဆာနေပြီမလား...မနက်စာအရင်စားလိုက်နော်"
"ဟုတ်ပါပြီ"
အဘွားစားဖို့ မနက်စာက အဆင်သင့် ပြင်ထားတာမိုလို့ ရောက်တာနဲ့ ချက်ချင်းတန်းစားလိုက်ရုံ ပင်။
အဘွားနဲ့ ၀င့်ဖူးသဇင်တို့မိသားစုလည်း မနက်စာစားရင်း အတော်ကြာအောင်စကားပြောဖြစ်ကြ ၏။
စားလို့သောက်လို့ပြီးတော့ မိဘတွေနဲ့ အဖွားက အလုပ်ကိစ္စတွေအကြောင်း ပြောနေကြတဲ့ အတွက် ၀င့်ဖူးသဇင်က ကိုယ့်အခန်းထဲကိုပြန်လာပြီး စာအုပ်ဖတ်နေလိုက်တယ်။
စာအုပ်ထဲဘယ်လောက်တောင် ဈာန်ဝင်သွားလဲမသိဘူး...အဘွားက သူ့ရဲ့အနောက်မှာ ရောက်လာတာကိုတောင် ၀င့်ဖူးသဇင် မသိခဲ့လိုက်။
"မြေးလေး"
"အဘွား"
"ငါ့မြေးလေးက စာအုပ်တွေဖတ်နေတာဘဲ,,,ပြပါဦး ဘာစာအုပ်တွေလဲ...အံမယ် အချစ်ဝတ္ထုပါလား....."
"ဟို,,,ဒီစာအုပ်က ဖတ်လို့ကောင်းတယ်ဆိုလို့ ၀ယ်လာတာပါ အဖွားရဲ့"
"အင်း,,,ဒါနဲ့ မြေးလေးမှာ ချစ်သူတွေဘာတွေရှိနေပြီလား"
"ဟို...အဲ့,,,အဲ့တာက"
"အဖွားက မြေးလေးကို မဆူပါဘူး,,,,မြေးလေး အမှန်အတိုင်းပွင့်ပွင့်လင်းလင်းဖြေလို့ရပါတယ်"
"ဟုတ်,,ရှိပါတယ် အဘွား"
"အခုချိန်ထိ မြေးလေးက အဘွားအပေါ်မှာ ဘာတစ်ခုမှမလိမ်တဲ့အတွက် အဘွားက မြေးလေးကို အချစ်ပိုနေရတာ...ကဲ ပြောပါဦး...မြေးလေးချစ်သူက ဘယ်သူများလဲ"
"သမီးသာ အမှန်အတိုင်းပြောရင် အဘွားစိတ်ဆိုးသွားမယ်ထင်တယ်"
"မဆိုးပါဘူး...မြေးရယ်,,,မြေးကို အဘွား အမြဲတမ်းနားလည်ပေးပါတယ်..."
"ဟိုလေ,,,သမီးချစ်သူက သမီးနဲ့တစ်ကျောင်းတည်းပါ ပြီးတော့ အဆောင်မှာလည်း သမီးနဲ့ တစ်ခန်းတည်းပါ အဘွား"
"ဟုတ်လား..အဆောင်တစ်ခန်းတည်းဆိုတော့ သမီးတို့အဆောင်က မိန်းကလေး သီးသန့် မဟုတ်ဘူးလား"
"ဟုတ်,,ဟုတ်ပါတယ်"
"ဒါဆို သမီးရဲ့ချစ်သူက မိန်းကလေးလား မြေး"
"ဟုတ်"
"အော်,,,"
"အဘွား မြေးကို စိတ်ပျက်သွားလားဟင်"
"မပျက်ပါဘူး...အခုလိုမျိုး မြေးအမှန်အတိုင်းဝန်ခံတာကိုဘဲ အဖွားကျေနပ်ပါတယ်,,,အမှန်အတိုင်းပြောရရင် မြေးကိုလည်း အဘွားက သူစိမ်းယောက်ျားလေးတွေလက်ထဲမအပ်ချင်ပါဘူး,,,,"
"ရှင်,,,"
"မြေးရဲ့ ချစ်သူကရော မြေးလေးကို တကယ်ချစ်လား"
"ချစ်တာပေါ့ အဖွားရဲ့....သမီးက နွေးကို အေးတိအေးစက်နဲ့ဆက်ဆံခဲ့တုန်းကတောင် သမီးအပေါ် အမြဲတမ်း မေတ္တာမပျက်ခဲ့တာ...နွေးကြောင့်နဲ့ဘဲ သမီးရဲ့ နာကျည်းမှုတွေ ၊ အေးစက်မှုတွေပျောက်သွားတာ,,,နွေးက သမီးကို အချစ်ဆိုတာဘာလဲသိအောင် လုပ်နိုင်ခဲ့ တဲ့လူတစ်ယောက်ပါအဘွား...နွေးက နာမည်နဲ့လိုက်အောင် နွေးထွေးပြီး ရင်းနှီး ပျူငှာတတ် တဲ့စိတ်လည်းရှိတယ် ၊ အကောင်းမြင်စိတ်လည်း ရှိတယ် ၊ သမီးကိုလည်း နားလည်ပေးပြီး ဂရုစိုက်တယ်၊ ပြီးတော့ သမီးကိုလည်း အရမ်းချစ်တယ်"
မြေးမလေးရဲ့ တောက်ပနေတဲ့မျက်ဝန်းအစုံနှင့် ထက်သန်နေတဲ့ စကားသံတို့ကိုကြားရုံနဲ့ အဘွားဖြစ်သူ တစ်ယောက်တစ်စုံတစ်ခုကို ကောင်းကောင်းနားလည်လိုက်၏။
"အဲ့ကလေးမက မြေးကို အရမ်းချစ်သလို မြေးကလည်း အဲ့ကလေးမကို သိပ်ချစ်တာဘဲ မလား"
"ဟုတ်,,သမီး နွေးကို တကယ်ချစ်တာပါအဘွား"
"အွမ်း,,,ဒါနဲ့ အဲ့ကလေးမနာမည်က??"
"နွေးနေခြည် ပါ အဘွား"
"နာမည်လေးက လှသားဘဲ"
"လူလည်း အရမ်းလှတယ်,,,အဘွားတွေ့ရင် ချစ်သွားမှာ"
"ဟုတ်လား,,,အဲ့တာဆို တစ်ရက်ရက်ကျရင် အဘွားနဲ့တွေ့ရအောင် "
"ရှင်,,,အဲ့ဆို အဘွားက နွေးနဲ့ သမီးချစ်နေတာကို မကန့်ကွက်ဘူးလို့ပြောချင်တာလားဟင်"
"တွေ့ကြည့်ပြီးမှ ကန့်ကွက်သင့် မကန့်ကွက်သင့် ထပ်စဉ်းစားရမှာပေါ့ မြေးရဲ့....ဒါပေမယ့် အဘွားကန့်ကွက်ရင်တောင် မြေးက ရှေ့ဆက်တိုးမှာဘဲ မလား"
"အယ်,,အဲ့တာက...."
"လူနှစ်ယောက်က အရမ်းချစ်နေကြပြီဆိုရင် ဘယ်လိုအကာအရံတွေဘဲ ရှိရှိ ဖြတ်ကျော်ဖို့ ၀န်မလေးဘူးမြေး....အဲ့လိုဘဲ မြေးနဲ့ မြေးချစ်သူလည်း တကယ်ချစ်ပြီး ဘ၀ကိုအတူဆောက် တည်ဖို့ ရည်ရွယ်ထားတယ်ဆို အဘွားတို့ဘယ်လောက်တားတား ဂရုစိုက်မှာမဟုတ်ဘူး လေ"
"အဘွား,,,"
"ဘယ်သူ့ကိုမှမပြောပြဖူးတဲ့ အဘွားရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းကို မြေးကို ပြောပြမယ်...မြေး နားထောင်ချင်လား"
"ဟုတ် နားထောင်ချင်ပါတယ် အဘွား"
"မြေးတို့အရွယ်လောက်တုန်းက အဘွားမှာ သိပ်ချစ်ရတဲ့လူတစ်ယောက်ရှိခဲ့ဖူးတယ်...သူနဲ့ အဘွားက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ခဲ့ကြတယ်...အနာဂတ်ကို အတူဖြတ်သန်း ဖို့လည်း စိတ်ကူးယဉ်ခဲ့ကြဖူးတယ်...ဒါပေမယ့် အဲ့စိတ်ကူးယဉ် အိပ်မက်လေးကို အဘွားတို့ လက်တွေ့မှာ အကောင်အထည်မဖေါ်နိုင်ခဲ့ဘူး,,,, အဘွားသတ္တိနည်းခဲ့တယ်...မိဘတွေ သဘောမတူဘူးဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ သူ့ကို အဘွား အဝေးကို မောင်းထုတ်ခဲ့ တယ်။ဒီလိုလုပ်လိုက်လို့ အရာအားလုံးအဆင်ပြေသွားမယ်ထင်ပေမယ့် ထပ်တူကျခဲ့တဲ့ နှလုံးသားနှစ်ခုကတော့ ဘယ်လိုမှ အဆင်မပြေခဲ့ဘူး။ဒီလောက်ဆို အဘွား ဆိုလိုချင်တာ မြေးနားလည်တယ်မလား"
"ဟုတ်,,မြေးနားလည်ပါပြီ အဘွား"
"ကဲ,,,အဘွားလည်း ခရီးပန်းလာလို့ ခဏနားလိုက်ဦးမယ်..မြေးလည်း စာအုပ်ဆက်ဖတ်လိုက် ဦးနော်"
"ဟုတ်ကဲ့ အဘွား"
ချိုသာတဲ့ အပြုံးတို့နဲ့ အဘွားဟာ ၀င့်ဖူးသဇင်ရဲ့ အခန်းထဲကနေ ထွက်သွားပါတယ်။
အမြဲတမ်း နားလည်ပေးခဲ့တဲ့ အဘွား...အမြဲတမ်း သူမဘက်ကရပ်တည်ခဲ့ပေးတဲ့ အဘွားဟာ ဒီတစ်ခေါက်လည်း သူမဘက်မှာ ရှိနေပေးတဲ့အတွက် ၀င့်ဖူးသဇင် ၀မ်းသာမျက်ရည်ကျမိ၏။
ဒီအကြောင်းတွေကို နွေးသာ သိရင်ရော ဘယ်လိုများဖြစ်သွားမလဲ...
စိုးရိမ်ပြီး,,,ပူပန်နေမှာလား....သူ့လိုဘဲ ရင်ခုန်စိတ်လှုပ်ရှားနေမှာလား...
ဝင့်ဖူးသဇင်တွေးရင်း ပါးထက်က မျက်ရည်စတွေကို တစ်ရှူးဖြင့် သုတ်လိုက်၏။
ထို့နောက် ကုတင်ဘေးက စားပွဲပေါ်မှာတင်ထားတဲ့ ဖုန်းကို လက်လှမ်းယူလိုက်ရင်း ချစ်ရသူဆီသို့ ဖုန်းခေါ်လိုက်တော့၏။