"ဇင်,,,,နေရောကောင်းရဲ့လားဟင်"
"ကောင်းပါတယ်။ ဘာမှမဖြစ်ပါဘူး"
ဘာမှမဖြစ်ဘူးလို့ပြောနေတဲ့ဇင်က တကယ်တော့ အဆင်မပြေဘူးဆိုတာ ကျွန်မသိတယ်။
ဘာဖြစ်လို့လဲဆိုတော့ မနေ့မနက်ကကျွန်မတို့အတူတူပြန်အိပ်ပျော်သွားပြီး နိုးလာပြီးနောက် ပိုင်းကတည်းက ဇင်က တစ်ခုခုကိုတွေးနေသလိုဘဲ။
ပြီးတော့ ကျွန်မကိုလည်း အရင်လို စကားသိပ်မပြောတော့ဘဲ ရှောင်ဖယ်ရှောင်ဖယ်လုပ်နေ တယ်လေ။
တကယ်တော့ ကျွန်မလည်း ဇင့်ကိုစိတ်ထဲမှာ မေးစရာတွေအပြည့်ဖြစ်နေပေမယ့် ဒီလိုအခြေအနေဖြစ်နေတော့ မမေးသေးဘဲ နေနေခဲ့တာလေ။
အခုတော့ မေးလို့မဖြစ်တော့တဲ့အနေအထားရောက်နေပြီမဟုတ်လား။
ဘာလို့လဲဆိုတော့ မမေးဘဲနဲ့ ဒီအတိုင်းသာဆက်သွားနေရင် ရှေ့နှစ်တုန်းက ကြုံခဲ့သလို ကျွန်မတို့နှစ်ယောက်စလုံး အတွက် စိတ်မကောင်းစရာတွေဖြစ်လာတော့မှာလေ။
အဲ့တာကြောင့်မို့ ဒီနေ့တော့ ဇင်ဘာဖြစ်နေသလဲဆိုတာသိရအောင် ကျွန်မကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
"ဇင်,,,ငါနဲ့ ဇင်နဲ့က သူငယ်ချင်းတွေမဟုတ်ဘူးလား။သူငယ်ချင်းဆိုတာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ညစ်စရာတွေကြုံလာရင်တောင် ေ၀မျှပြီးခံစားကြရတယ်လေ။ဒါကြောင့် မို့လို့ ဇင်ဘာတွေတွေးပြီး ငါ့ကိုအခုလိုမျိုးစကားသိပ်မပြောတော့တာလဲဆိုတာ ဇင်ပြောပြပါလားဟင်။အဲ့လိုမျိုး ဇင်ပြောပြမှလည်း ငါတောင်းပန်သင့် တောင်းပန် ၊ ရှင်းပြသင့် ရှင်းပြလို့ရမှာလေ။"
"ငါ,,,ဟို"
"ဇင့်စိတ်ထဲမှာ ရှိတဲ့အတိုင်းသာပြောပါနော်...ငါ့ကိုဘာမှအားနာမနေပါနဲ့"
ဘယ်လောက်ဘဲ ရင်းနှီးတဲ့သူငယ်ချင်းဖြစ်ပါစေ နဂိုကတည်းကအနေအေးတဲ့သူမို့ ဘယ်သူကြောင့် ဘယ်လိုခံစားရပါစေမပြောပြဘဲ တစ်ယောက်ထဲခံစားနေတတ်တာက ဇင့်ရဲ့အကျင့်ဆိုတာ ကျွန်မသိထားတဲ့အတွက် အခုလိုမျိုး ကျွန်မပြောလိုက်ရတာပါ။
ဒီလိုမျိုး ပြောလိုက်မှဘဲ ဇင်ကတွေေ၀တဲ့စိတ်တွေမရှိတော့ဘဲ ကျွန်မမျက်လုံးတွေကို သေသေချာချာစိုက်ကြည့်ရင်း ပြောလာခဲ့တော့တယ်လေ။
"ငါ နင့်အပေါ် အမှားတစ်ခုခုများလုပ်ထားမိလား နွေး"
"ဟင်,,,အမှား?"
တကယ်တမ်း မေးခွန်းမေးတာက ကျွန်မဆိုပေမယ့် အခုအချိန်မှာ မေးရမယ့်အစားဖြေရမယ့်သူက ကျွန်မကိုယ်တိုင်ဖြစ်နေပြန်တော့ ဇင့်ပြောလိုက်တဲ့စကားအောက်မှာ နားမလည်နိုင်ဖြစ်သွားတာတော့ အမှန်ပါဘဲ။
"ဘာအမှားကိုပြောတာလဲ ဇင်,,,ငါ သိပ်နားမလည်ဘူး"
"ဟိုလေ,,,ငါနယူးရီးယားညက spyတွေအများကြီးသောက်မိသွားတယ်မလား"
"အင်း..သောက်မိတယ်လေ။"
"အမှန်တော့လေ,,,ငါအဲ့ညက နွေးကို ကုတင်ပေါ်လာအိပ်ဖို့ ခေါ်တဲ့အထိမှတ်မိတယ်။အဲ့ နောက်ပိုင်းကကိစ္စတွေဘာမှမမှတ်မိတော့ဘူးဖြစ်နေလို့ပါ"
"အော်,,,ဇင်က အဲ့ကိစ္စတွေကိုမမှတ်မိတော့လို့ ငါ့ကိုအမှားတစ်ခုခုများလုပ်ခဲ့လားလို့တွေးရင်း အခုလိုမျိုး စကားမပြောဘဲနေနေတာလား?"
"ဟုတ်,,ဟုတ်တယ်။အရင်ကဆို ငါ့ဆီမှာစိတ်ညစ်စရာကိစ္စတစ်ခုခုရှိရင် အများကြီးသောက်ပြီး မေ့ဖျောက်ဖို့ ကြိုးစားခဲ့ဖူးတယ်။အဲ့လိုမျိုး ကြိုးစားခဲ့တာတွေများတော့ အခုဆိုရင် တမင် မကြိုးစားတော့တာတောင် သောက်တာများပြီးမူးသွားပြီဆိုရင်ကို စိတ်ညစ်စရာတွေအပြင် အဲ့နောက်ပိုင်းဖြစ်ခဲ့တဲ့ အရာတွေအားလုံးကိုပါ ငါမမှတ်မိတော့ဘူးဖြစ်သွားတယ်"
အပြစ်ရှိသူလို မ၀ံ့မရဲနဲ့ပြောနေတဲ့ ဇင်,,,
ကျွန်မကတော့ ဇင်ဘာကြောင့် ဒီလိုမျိုး အရက်သောက်ပြီးမေ့ပစ်ဖို့ကြိုးစားခဲ့ရတဲ့အထိ ဘယ်လိုစိတ်ညစ်မှုတွေကိုခံစားခဲ့ရလို့လဲ တွေးပြီးသိချင်မိတယ်။ပြီးတော့ ဇင့်ကို ကျွန်မ နှစ်သိမ့်ပေးချင်နေမိတယ်။
"နွေး,,,ငါမေးတာမဖြေတော့ဘူးလား။ဘာလို့လဲ ငါ နင့်အပေါ်ကို တကယ်ဘဲ အမှားတစ်ခုခုလုပ်မိလို့လား"
"မဟုတ်ပါဘူး ဇင်ရယ်,,,ဇင် ဘာအမှားမှမလုပ်ပါဘူး"
"ဟုတ်လား,,,တော်သေးတာပေါ့..."
"ဒါနဲ့ ဇင့်ကို တစ်ခုလောက်မေးလို့ရမလား?"
"မေးလေ,,နွေး"
"teddyဆိုတာကလေ လူလား,,,ဘယ်သူလဲဟင်"
"teddy? ဪ..အဲ့တာက ငါအကြိုက်ဆုံးအရုပ်လေးရဲ့နာမည်ပါ...နေပါဦး,,,အဲ့တာကို ငါ နွေးကိုမပြောပြဖူးပါဘူး...နွေးကဘယ်လိုလုပ်သိတာလဲ?"
"အယ်...အဲ့တာက ဇင်မူးနေတုန်းက teddy good night ဆိုပြီး ပြောခဲ့လို့လေ.."
"ဟုတ်လား...အဲ့တာအပြင် ငါအဲ့ညတုန်းက နွေးကိုမူးပြီး ဘာတွေပြောမိသေးလဲဟင်..."
"ဘာတွေပြောမိသေးလဲဆိုတော့....ငါ့မှာ ရည်းစားရှိတယ်ဆိုပြီးတော့လဲပြောသေးတယ်"
"ဟမ်,,,အဲ့တာလဲ ပြောလိုက်မိသေးတယ်ပေါ့?"
"အင်း...အဲ့တုန်းကဆို မရှိပါဘူးလို့ ငါဘယ်လောက်ရှင်းပြရှင်းပြ ဇင်မယုံဘူးလေ။"
"ဘယ်လို နွေးက ရည်းစားမရှိဘူး...ဟုတ်လို့လား?"
"ဟုတ်ပါတယ်..ဇင်ရဲ့..တကယ်ကိုမရှိတာ....ဒါနဲ့ ငါအရမ်းသိချင်လို့မေးပါရစေ၊ ငါ့မှာရည်းစားရှိတယ်လို့ ဇင့်ကိုဘယ်သူပြောလဲဟင်,,,"
"အဲ့တာက..ဟို,,,ဘယ်သူမှမပြောပါဘူး။ဒီအတိုင်းစိတ်ထဲမှာ ထင်လို့ပြောကြည့်တာ။"
"သေချာလို့လား"
"သေချာပါတယ်။တကယ် သေချာတယ်"
"ဒါဆို ငါ့ကို ဘာလို့ ရည်းစားရှိတယ်လို့ ဇင်က ထင်နေတာလဲ ပြောပါဦး"
"အယ်,,ဘာလို့ထင်တာလဲဆိုတော့,,,နွေးက လှလို့လေ..."
"လှလို့?"
"အင်း...လှလို့,,,နွေးက ချိုသာပြီးလှလည်းလှတဲ့ကောင်မလေးတစ်ယောက်ဆိုတော့ ရည်းစား တော့ ရှိမှာဘဲလို့ထင်မိသွားတာပါ"
ကိုယ့်ကို ချိုသာပြီးလှတဲ့မိန်းကလေးတစ်ယောက်လို့ ဇင်ကတွေးတဲ့အတွက် ကျေနပ်သွားရသလို တစ်ဖက်မှာလည်း ကိုယ့်မှာရည်းစားရှိတယ်ဆိုပြီး တစ်လွဲထင်နေတာ ကို ကျွန်မ မကျေနပ်ဖြစ်ရပြန်၏။
ကိုယ့်မှာတော့ ဇင့်အတွက် ရင်ထဲမှာ ပြည့်လျှံနေတဲ့ အချစ်တွေကို ဇင့်တစ်ယောက်ထဲကိုဘဲ အပိုင်ပေးထားခဲ့တာ။ဇင်ကတော့ အဲ့အချစ်တွေကိုမရိပ်မိတဲ့အပြင် ကိုယ့်မှာ ရည်းစားရှိတယ် ဆိုပြီးအသေအချာ ထင်နေတာဆိုတော့ ကျွန်မနဲနဲလေး မကျေမနပ်ဖြစ်မိတာက မဆန်းဘူး မဟုတ်လား။
"နွေး,,,ဘာလို့နှုတ်ခမ်းကြီးဆူနေတာလဲ..ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ဘူး"
"အယ့်..ဘာမှမဖြစ်ဘူးလို့ပြောတာကလည်း စိတ်ဆိုးနေတဲ့ပုံကြီးနဲ့"
"ဟုတ်တယ်...ဇင့်ကိုစိတ်ဆိုးတယ်..။ဟွန့်..ဘာရည်းစားမှမရှိတဲ့ အပျို နုနုထွဋ်ထွဋ်လေးကိုများ ရည်းစားရှိတယ်ဆိုပြီး ထင်နေတာမကျေနပ်ဘူး သိရဲ့လား"
"နွေးနှုတ်ခမ်းကလေ blackpink က jisooရဲ့ နှုတ်ခမ်းနဲ့တကယ်တူတယ်သိလား။အခုလိုမျိုး နှုတ်ခမ်းကိုထော်နေတော့ ပိုတောင်တူနေသေးတယ်.."
"အံမယ်..ကျောက်ခေတ်ကလူက blackpinkအဖွဲ့ကိုသိတယ်ပေါ့"
"ဘယ်သူလဲ ကျောက်ခေတ်ကလူဆိုတာ"
"ဘယ်သူရှိရမှာလဲ....ဇင့်ကိုပြောတာပေါ့...အေးတိအေးစက်နဲ့ ကျောက်တုံးလူလို ကျောက်ခေတ်ကလူလေ"
"ဒါဆို ကျောက်ခေတ်ကလူက ၀ိုင်တွေသောက်တယ်ပေါ့..ဟုတ်လား နွေး"
"စကားကို ကပ်သီးကပ်ဖဲ့မပြောနဲ့လေ...အရက်သမားလေးရဲ့"
"ဟာ,,,ဒီတစ်ခါတော့ ကျောက်ခေတ်ကလူမဟုတ်တော့ဘူး,,,အရက်သမားတဲ့လား"
"ဟုတ်တယ်..ဟုတ်တယ်..."
"ဟားဟား,,,နွေးစိတ်ဆိုးတာကလည်း လူကိုမရယ် ရယ်ချင်အောင်လာစနေတာပါလား"
"ရယ်ချင်အောင် စတာမဟုတ်ပါဘူးနော်...မခံချင်အောင် စိတ်တိုအောင်စတာ"
"အဲ့ဒါဆိုရင်တော့ ဘယ်လိုလုပ်ရမလဲ...နွေးမခံချင်အောင်စတာဆိုပေမယ့် ငါက ရယ်ဘဲရယ်ချင်နေတယ်ရော်"
"မပြောတော့ဘူး...အဲ့မှာရယ်ဘဲရယ်နေလိုက်တော့"
ဇင်ကတော့ ကျွန်မပြောတဲ့စကားကိုအခုကျမှတကယ်နားထောင်နေသလားအောက်မေ့ရတယ်။
အားရပါးရရယ်နေလိုက်တာများ ကလေးတစ်ယောက်လိုဘဲ ချစ်ဖို့သိပ်ကောင်းလွန်းတယ်။
အပြင်ပန်းမှာ စိတ်ဆိုးဟန်ဆောင်နေဆဲ ကျွန်မကတော့ ဇင်ရယ်နေတာလေးကို လက်ပိုက်ကြည့်ရင်း စိတ်ထဲမှာ ပန်းတွေပွင့်နေပါတယ်။
"အဲ့လောက်ကြီးမကြည့်နဲ့လေ...ရယ်နေတဲ့လူကိုအနေခက်အောင်"
"ဇင်တစ်ခါမှ အခုလိုမျိုး မရယ်ဖူးလို့လေ,,,အဲ့ဒါကြောင့်မို့ပါ"
"စိတ်ဆိုးပြေသွားပြီလား"
"အကုန်လုံးတော့မပြေသေးပါဘူးနော်...တစ်၀က်လောက်တော့ကျန်သေးတယ်"
"ဟွန်း,,,တစ်၀က်ကြီးဘဲ ကျန်တော့တာပေါ့"
ဘာလဲ,,,ဇင်က ကျွန်မကို စိတ်ဆိုးပြေစေချင်တယ်ထင်တာ။
အခုပြောတဲ့ပုံက ကျွန်မနဲနဲလေးစိတ်ဆိုးပြေသွားတာကိုတောင် မပြေစေချင်တဲ့ပုံပါလား။
"အဲ့လိုမျိုးပြောပုံထောက်တော့ ဇင်က ငါ့ကို ထပ်ပြီးစိတ်ဆိုးစေချင်သေးတယ်ပေါ့..ဟုတ်လား?"
"ဒါပေါ့,,,နွေးပြောတာလုံး၀ကိုမှန်တယ်,,,ဖြစ်နိုင်ရင် အချိန်တိုင်းစိတ်ဆိုးနေရင် ပိုတောင်ကောင်း သေးတယ်"
"ဇင်စုတ်..အကျင့်ကိုမကောင်းဘူး...လူကိုများ အားနေစိတ်ဆိုးခိုင်းနေရတယ်လို့"
"ဟုတ်တယ်လေ...နွေးစိတ်ဆိုးနေတဲ့ပုံက နှုတ်ခမ်းတထော်ထော်နဲ့ ဘဲပေါက်လေးကျနေတာဘဲ အူယားစရာကောင်းလို့,,,ဆွဲကိုက်ချင်စရာလေး"
မင်းတို့ ကြားလိုက်လား....တဟုန်းဟုန်းနဲ့လောင်နေတဲ့မီးကို အားပြင်းတဲ့ရေနဲ့ လောင်းပက်လိုက်သလိုဘဲ ရှဲခနဲအသံမြည်ပြီး မီးငြိမ်းသွားတဲ့အသံကိုလေ...
အင်း...မင်းတို့မကြားရင်တောင် ဇင်ပြောလိုက်တဲ့စကားက ငါ့ရင်ထဲမှာတော့ အဲ့လိုဖြစ်သွားတယ်...
"ဇင်ကလည်း ဘာတွေပြောနေမှန်းမသိဘူး...တော်ပြီ အိပ်တော့"
"ညနေခြောက်နာရီဘဲရှိသေးတယ်လေ,,,အိပ်တော့မလို့လား"
"ညနေခြောက်နာရီကိုမအိပ်ရဘူးလို့ ဘယ်သူအမိန့်ထုတ်လို့လဲ..."
"မဟုတ်ဘူးလေ....ငါပြောတာက နွေး ညနေစာတောင်မစားတော့ဘဲနဲ့ အိပ်တော့မလို့လားမေးတာပါ"
"မစားတော့ဘူး..ဗိုက်ပြည့်နေပြီ အိပ်တော့မယ်"
စောင်ကိုအမြန်ခေါင်းမြီးခြုံရင်း အိပ်ဟန်ဆောင်လိုက်ပေမယ့် အလိုက်မသိတဲ့ ဇင်ကတော့ ကျွန်မကုတင်နားကိုလာပြီး ထမင်းတရားချနေပါတယ်။
"ကျောင်းကပြန်ရောက်ကတည်းက ဘာမှလည်းမစားရသေးဘဲနဲ့ ဘာကို ဗိုက်ပြည့်နေပြီလဲ...လာလိမ်မနေနဲ့...အခုထ...ထမင်းစားမယ်။လူဆိုတာ ထမင်းမစားရင် အားမရှိဘူး။အားမရှိရင်ကျန်းမာရေးထိခိုက်လိမ့်မယ်။ နွေး...ငါပြောနေတာ နားထောင်နေရဲ့လား"
ဇင်ပြောနေတာကို ကျွန်မဘာမှပြန်မပြောဘဲ ငြိမ်နေလိုက်တော့ ဇင်လည်း လက်လျော့သွားလား မသိ။ ဘာမှဆက်မပြောတော့ဘူးလေ။
ဒါပေမယ့် အဲ့အချိန်မှာဘဲ ဇင်လက်လျော့သွားပြီလို့ ထင်ခဲ့တဲ့ ကျွန်မရဲ့အထင်က တက်တက်စင် အောင်လွဲသွားတယ်ဆိုတာ သိလိုက်ရတယ်။
ဘာကြောင့်လဲဆိုရင်ဖြင့် အသံတိတ်သွားတဲ့ ဇင့်ရဲ့လက်တွေက အိပ်နေတဲ့ ကျွန်မရဲ့ အကျီအောက်ကနေလျှိုပြီး ဗိုက်သားပေါ် ရုတ်တရက်လာထိလာလို့လေ။
ကျွန်မကတော့ ရေခဲတုံးလို အေးစက်နေတဲ့လက်ရဲ့အထိတွေ့ကြောင့် လန့်ပြီးစောင်ကိုဖယ်ထုတ် လိုက်မိသွားတယ်။
"ဇင်...ဘာလုပ်တာလဲ..အိပ်မလို့ပါဆို"
"ပြောတာ ပြန်မဖြေလို့လေ...ထ ထမင်းစားမယ်"
"ထမင်းမရှိဘူး။ မတည်ရသေးဘူး။ပြီးတော့ ဟင်းလည်းမရှိဘူး,,,အဲ့တာကြောင့်မို့ မစားတော့ဘူး"
ဘူးတစ်လုံးဆောင်ရင်း စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နေတဲ့ ကျွန်မ။
ဇင်ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ ကျွန်မအသားကို ထိကိုင်နိုင်ရတာလဲ?
တကယ်ဘဲ ဘာမှမခံစားရဘူးလား...ကျွန်မကို တကယ်ဘဲ သူငယ်ချင်းလို သဘောထားတာလား။
ဟုတ်တယ်လေ...ကျွန်မမှာတော့ ဇင်အိပ်နေတဲ့အချိန်မှာ ဇင့်ပါးလေးကိုကိုင်ကြည့်ချင်တာတောင် မ၀ံ့မရဲတွေဖြစ်ပြီးလက်တွေတုန်နေတာလေ။
အခု ဇင့်အလှည့်ကျ ဘာမှမဖြစ်နေဘူးဆိုတော့ ကျွန်မတော်တော်သတ္တိနည်းရာ ကျနေသလားလို့လေ။
"နွေး,,,ဘာတွေစဥ်းစားနေတာလဲ...ငါပြောနေတာရောကြားရဲ့လား"
"ဟမ်..ဘာပြောလိုက်တာလဲ?"
"ငါ့မှာ နွေးနဲ့ ငါနဲ့အတွက် ထမင်းရောဟင်းရော အလုံအလောက်ရှိတယ်လို့ပြောတာလေ"
"အော်...အင်း"
"အင်းလုပ်မနေနဲ့...ထ ထမင်းစားမယ်"
"ခဏလေးနေဦး ဇင်...ငါ ဒီအတိုင်းတော့မစားနိုင်ဘူး"
"ဒီအတိုင်းမစားရင် နွေးက ဘယ်လိုစားမလို့လဲ"
"ခုနက ဇင်လုပ်လိုက်လို့ ငါလန့်သွားတာ...အဲ့တာ ငါမကျေနပ်ဘူး။ တကယ်လို့ ငါ့ကို ဇင် ထမင်းစားစေချင်ရင် ငါလည်းအခု ဇင့်ကိုအဲ့လိုပြန်လုပ်မယ်....ရလား"
ဘာတွေလဲ...ကျွန်မဘာတွေပြောလိုက်မိတာလဲ...အာရား...ဇင်ကတော့ ကျွန်မကို တော်တော် ကလေးဆန်တယ်လို့ တွေးနေတော့မှာဘဲ။
ဘာဘဲဖြစ်ဖြစ်ပါ...ဇင့်အကြောင်း ကျွန်မသိသလောက်တော့ ဇင်က သူ့အသားကိုသူများထိကိုင် တာကြိုက်တဲ့လူမဟုတ်ဘူး...အဲ့တာကြောင့် ကျွန်မအခုလိုပြောလည်း ဇင်လက်ခံမှာမဟုတ်လောက်ပါဘူး။
"ရတယ်လေ...."
"ဟမ်...ရတယ်? ဟုတ်လား"
"အင်း...ငါကနွေးကို လန့်အောင်လုပ်မိသွားတာမလား...အဲ့တာကြောင့်မို့ အဲ့လိုမျိုး နွေးပြန်လုပ်မယ်ဆိုလည်း ငါငြင်းစရာအကြောင်းမရှိပါဘူး။"
အီးစ်....ဒီတစ်ခါလည်း လွဲပြန်ပြီလား...။
ဗုဒ္ဓေါ ...အခု ဇင်က သူ့အကျီစကိုပါ အပေါ်ကိုနဲနဲဆွဲတင်ပေးနေသလားလို့...
ဘုရား..ဘုရား အဆီပိုမရှိဘဲ ချပ်ရပ်ပြီးဖြူ၀င်းနေတဲ့ အဲ့ဗိုက်သားလေးတွေက...
အား...မြင်မိတာနဲ့ကို တော်တော်ရူးလောက်ချင်စရာဘဲ...
ခက်တာက ကျွန်မ တစ်စက္ကန့်လေးတောင်မကိုင်ရဲဘူးဖြစ်နေတယ်။
အခုတောင် ကျွန်မနှလုံးသားက တဒုတ်ဒုတ်နဲ့ ထိန်းမရဆီးမရ လှုပ်ရှားနေတာ ဇင့်ခန္ဓာကိုယ်ကို သာသွားထိမိလိုက်လို့ကတော့ သေချာတယ် အဲ့နေရာမှာတင် ကျွန်မအသက်ထွက်ပြီဘဲ။
"နွေး,,,,နင်ဒီအတိုင်းဘဲကြည့်နေတော့မှာလား...ငါထမင်းစားချင်နေပြီနော်"
"ဟင်,,အဟမ်း..ဟိုလေ..ငါ,,ငါ မလုပ်တော့ဘူး,,,ကျေနပ်သွားပြီ"
"ဟုတ်လို့လား"
"ဟုတ်တာပေါ့....တကယ်ကိုဟုတ်တယ်"
"အင်း,,,နောက်မှတော့ တစ်မျိုးမပြောနဲ့နော် နွေး"
"မ..မပြောပါဘူး။ဒါပေမယ့် အဲ့အစား ငါ့ကို ထမင်းဘဲခွံ့ကျွေးတော့"
"နွေးလည်းနော် ခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ အမျိုးမျိုးတတ်နိုင်တယ်"
"ဘာလဲ...ဇင်ကမကျွေးချင်ဘူးလား"
"ကဲ,,,ကျွေးပါမယ်...အခုတော့ ထမင်းစားဖို့ပြင်ရအောင် ငါအရမ်းဗိုက်ဆာနေပြီ"
"အိုခေ"
ဟီးဟီး,,,ဒီနေ့ဟာဆိုရင်ဖြင့် ကျွန်မအတွက် မဟာကံကောင်းတဲ့နေ့ရက်ကြီးတစ်ရက်ပါဘဲ။
ဘာလို့လည်းဆိုတော့ ဇင်က ကျွန်မကို အူယားလိုက်တာ ချစ်ဖို့ကောင်းတယ်လို့ ပြောတာလည်းခံရတယ်။
ပြီးတော့ ဇင့်ရဲ့ဗိုက်သားဖြူဖြူလေးကိုလည်းမြင်ရတယ်။
နောက်ပြီး ဇင်က ကျွန်မပြောသမျှကိုလည်းနားထောင်ပြီးအကုန်လိုက်လျောပေးတယ်ဆိုတော့ ဒါက ကျွန်မအတွက် မဟာကံကောင်းခြင်းဘဲမဟုတ်လား။
ကဲ,,,, အခုတော့ ဇင်ခွံကျွေးတဲ့ထမင်းကိုစားရင်း ပီတိဘ၀င်ဂွမ်းဆီထိသလို ပြုံးပျော်နေသည့် ကျွန်မရဲ့ မျက်နှာလှလှလေးကို အပန်းမကြီးရင်မင်းတို့ မြင်ယောင်ကြည့်သွားကြပါဦးနော်
(ပုံ - ခရက်ပ်ရဲ့အခွင့်ထူးခံလူတန်းစားလေး နွေးနေခြည်မှ ငါးရှဥ့်အပြုံးဖြင့်ပြောသွား၏)