ဘယ်လိုတောင် ကြည်နူးစရာကောင်းလိုက်တဲ့အိပ်မက်ကလေးလည်း...
အိပ်မက်ထဲမှာ ကျွန်မကဇင့်လက်လေးကို ကိုင်ပြီး ကျောင်းပိတ်တဲ့ရက်အတောအတွင်း ဇင့်ကို ဘယ်လောက်ထိလွမ်းနေရကြောင်းကို ကျွန်မကပြောပြနေတာလေ။
ဇင်ကလည်း ကျွန်မပြောပြနေတာကို ပြုံးပြုံးလေးနားထောင်နေရင်း ကျွန်မလက်လေးကို ပြန် ဆုပ်ကိုင်ထားတယ်။
အား...ကြည်နူးစရာကောင်းလိုက်တာ။
အိပ်မက်ထဲကလို အပြင်မှာ တကယ်ဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။
ဒါပေမယ့် ကျွန်မအမြတ်တနိုး ကိုင်ထားတဲ့ ဇင့်လက်လေးတွေက အိပ်မက်ထဲမှာဆိုပေမယ့် အပြင်မှာလည်း တကယ်ကိုင်ထားရသလိုဘဲ ကျွန်မခံစားနေရတယ်။
ထူးဆန်းလိုက်တာ...အိပ်မက်ထဲမှာ ကျွန်မနာမည်ကိုခေါ်နေတဲ့ ဇင့်ရဲ့အသံကလည်း နားထဲမှာ ကိုယ့်ဘေးကနေ တကယ်ခေါ်နေသလိုဘဲ။
"နွေး..."
ဟော...ဇင့် ရဲ့ 'နွေး'ဆိုတဲ့ခေါ်သံက ဒီတစ်ကြိမ်မှာတော့ တကယ့်ကို ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသားကြီးကိုကြားနေရတယ်။
ဘာပါလိမ့်...ဒါ အိပ်မက်ရော ဟုတ်ရဲ့လား။
ကြည်နူးစရာကောင်းတဲ့ အိပ်မက်လေးကိုမပျောက်ပျက်သွားစေချင်ပေမယ့် ကျွန်မ မျက်လုံးတွေကို အားယူဖွင့်ရင်း အိပ်ပျော်ရာကနေ နိုးထစေခဲ့တော့....
"ဇင်,,,,"
ဗုဒ္ဓေါ ...ကျွန်မက အိပ်မက်ထဲမှာတင်မဟုတ် အပြင်မှာပါ ဇင့်ကိုမြင်နေရတာဘဲ။
"နွေး...ငါ့လက်ကိုလွှတ်ပေးဦးလေ...ငါပစ္စည်းတွေနေရာချရဦးမယ်"
"ဟင်...လက်ကိုလွှတ်ပေးရမယ်"
အိပ်ချင်မူးတူးဖြင့် ပြောလိုက်သည့် ကျွန်မရဲ့စကားအဆုံးမှာ ဇင်က ကျွန်မရင်ဘတ်ကို လက်ညိုးထိုးပြီး..
"နင် ငါ့လက်ကိုကိုင်ထားတာ...တော်တော်ကြာနေပြီ။အဲ့တာကြောင့်မို့ လွှတ်ပေးဦးလို့ပြောတာ"
အိုး...ခိုင်..မော့,,,,ကျွန်မက အိပ်မက်ထဲမှာဘဲ ဇင့်လက်ကိုကိုင်ထားတယ်ထင်တာ
တကယ့်လက်တွေ့မှာလည်း ဇင့်လက်တွေကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတာဘဲ။
ဘုရား..ဘုရား,...ကျွန်မဘယ်လိုလုပ်ရက်တွေကိုလုပ်မိလိုက်တာလဲ။ ဇင်တော့ ကျွန်မကို စိတ်ဆိုးသွားရင် ဒုက္ခပါဘဲ။
"ဇင်..ဇင်..ငါတောင်းပန်ပါတယ်။ စိတ်မဆိုးပါနဲ့နော်။ ငါ တမင်ရည်ရွယ်ပြီးအခုလိုလုပ်တာမဟုတ်ပါဘူး"
"အင်း...မဆိုးပါဘူး"
"ဟို,,,ဇင်က ဘယ်အချိန်ကတည်းက အဆောင်ရောက်နေတာလဲဟင်?"
"လေးနာရီခွဲလောက်ကတည်းကထင်တယ်"
"လေးနာရီခွဲ...အခုကငါးနာရီတောင်ထိုးနေပြီ။ဒါနဲ့လေ ဘယ်လိုဖြစ်ပြီး ငါ ဇင့်လက်ကို ကိုင်ထားမိတာလဲဟင်"
"ငါအဆောင်ရောက်ပြီး အခန်းထဲဝင်လာတော့ နွေးကစောင်မခြုံဘဲ ဒီအတိုင်းအိပ်နေတာလေ။ အဲ့တာနဲ့ ငါလည်း ပစ္စည်းတွေကို ကုတင်ပေါ်တင်ထားပြီး နွေးကိုစောင်ခြုံပေးနေတုန်း နွေးကနိုးလာပြီး 'ဇင် ရောက်ပြီလား.."လို့ မေးတယ်လေ။အဲ့တာ ငါက ရှင်းပြနေတုန်းရှိသေး ငါ့လက်ကို ရုတ်တရက်ကြီးကိုင်တော့တာဘဲ။"
"ဟုတ်လား,,,အမှန်တော့လေ အဲ့တုန်းက ငါမနိုးသေးဘူး။အခုမှနိုးတာ...။ဒါဆိုရင်လေ ငါက ဇင့်လက်ကိုကိုင်ထားတာ နာရီဝက်လောက်ရှိတော့မှာပေါ့နော်"
"အွမ်း...ဘာဖြစ်လို့ အဲ့တာမေးတာလဲ"
"အော်..ဘာမှမဖြစ်ပါဘူး။ငါ့ကြောင့် ဇင် ပစ္စည်းတွေ ဘာမှနေရာမချရသေးဘူးဆိုတော့ ငါကူလုပ်ပေးမယ်လေ"
"အင်း..."
*ငါက အိပ်မက်ထင်နေတာ။
တကယ်တော့ လက်တွေ့မှာ ဇင့်လက်ကလေးကို ကိုင်ထားရတာဘဲ။ ပြီးတော့ နာရီဝက်ကြီးတောင် ကိုင်ထားရတာ။
ဒါက ငါ့အတွက်တော့ တော်တော်ကိုကံကောင်းမှုတစ်ခုဘဲ...ပျော်လိုက်တာ
.
.
"ဇင် အနွေးထည်တွေအများကြီးယူလာတာဘဲ"
"ဟုတ်တယ်။ ငါက အရမ်းအေးတတ်လို့လေ။အဲ့တာကြောင့်မို့ အနွေးထည်တွေကြီးဘဲ စုထည့်လာတာ"
"အော်....ဆောင်းတွင်းဆိုတော့ ငါးနာရီခွဲသာပြောတယ်နေရောင်တောင်မရှိတော့ဘူး။ မိုးချုပ်တာမြန်တယ်နော်"
"အင်း...ဟုတ်တယ်။မသိရင် ခြောက်နာရီခွဲလို့တောင်ထင်ရတယ်"
"ဇင် ဗိုက်ဆာနေပြီလား?"
"နဲနဲတော့ ဆာသလိုဘဲ။"
"ဟုတ်လား...အဲ့ဆို ခေါက်ဆွဲပြုတ်စားမလား။ ငါ့မှာ ခေါက်ဆွဲဘူးတွေပါတယ်"
"အဲ့ဒါဆို စားမယ်လေ"
"အိုခေ...ဒါဆို ဦးလေးဆီမှာ ရေနွေးတည်ထားတာရှိသေးလားမသိဘူး။သွားတောင်းလိုက်ဦးမယ်"
"အွန်..ငါပါလိုက်ပေးရဦးမလား နွေး"
"ရပါတယ် ဇင်က လုပ်စရာရှိတာဘဲလုပ်နော်။ ခေါက်ဆွဲပြုတ်ကိစ္စက ဟော့ဒီ့က နွေးနေခြည် တာဝန်သာထားလိုက်"
မျက်လုံးတစ်ဖက်မှိတ်ပြရင်း ပြောပြီးနောက် ကုတင်ခြေရင်းမှာထားထားသည့် အထုတ်ကြီးကြီးတစ်ခု ကိုဖြေပြီး ခေါက်ဆွဲဘူးနှစ်ဘူးယူကာ ထွက်သွားသည့် နွေးကို ကျွန်မ ဘာစကားမှတောင် ပြန်ဖြေခွင့်မရလိုက်ပါ။
နွေးထွက်သွားမှ ကျွန်မပြန်စဉ်းစားမိသည်။
နွေးအိပ်နေတုန်းက ပြောခဲ့တဲ့ 'လွမ်းနေတာ' ဆိုတဲ့စကား။
အဲ့စကားကိုကျွန်မ နွေးကို မပြောပြမိပါဘူးနော်။
အင်း..ကျွန်မစိတ်ထဲမှာတော့ မပြောပြလိုက်ဘူးထင်တာဘဲ။
မဟုတ်ရင် ကျွန်မနှုတ်ကလွတ်ခနဲထွက်သွားတဲ့ စကားတစ်ခွန်းကြောင့် နွေး နေရခက်သွားမှာစိုးလို့လေ။
ဒါပေမယ့်လည်း နွေးလို မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဝင်စားမှုကိုခံနေရတဲ့သူက ဘယ်သူဖြစ်မလဲကျွန်မသိချင်မိတယ်။
တကယ်တော့ ကျွန်မက သူများအကြောင်းကိုစပ်စုတတ်တဲ့မိန်းကလေးတစ်ယောက်တော့ မဟုတ်ပါဘူး။
သို့သော်ငြား အဲ့ထဲမှာ နွေးကတော့ ခြွင်းချက်ပေါ့လေ။
ဘာလို့လဲဆိုတော့ နွေးက ကျွန်မအရင်းနှီးဆုံးသူငယ်ချင်းမလား။
အဲ့တော့ တခြားလူတွေအကြောင်းစိတ်မ၀င်စားရင်တောင် နွေးအကြောင်းတော့ စိတ်ဝင်စားမိ ပါတယ်။
နွေးရဲ့ စိတ်နေသဘောထားနဲ့အမူအကျင့်တွေကို ကျွန်မသိထားရင် နွေးနဲ့ကျွန်မကြားက ဆက်ဆံရေးကလည်း ဒီ့ထက်ပိုပြီး ကောင်းမွန်လာမယ်လို့ထင်တယ်လေ။
အဲ့လိုပြောလို့ အခုအခြေအနေက မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး။
ကျွန်မက အမြဲတမ်း အေးတိအေးစက်ကြီးနေတတ်လွန်းလို့ နွေးကတောင် ကျွန်မကို ခံစားချက် မရှိတဲ့သူကျနေတာဘဲလို့ ပြောဖူးတယ်မလား။
နွေး အဲ့လိုပြောပြီးနောက်တော့ ကျွန်မကိုယ်ကျွန်မ ပြန်သုံးသပ်မိတယ်။
ကျွန်မက တကယ်ဘဲ ခံစားချက်မရှိတဲ့သူလိုဖြစ်နေလားလို့လေ။
အမှန်တော့ ကျွန်မလည်း ခံစားချက်ရှိတဲ့သူတစ်ယောက်ပါ၊
ကိုယ့်ရဲ့ခံစားချက်အစစ်အမှန်ကို ဘာမှန်းသေချာမသိတာကလွဲရင်ပေါ့။
နောက်ပြီး လူတွေကို ကျွန်မရဲ့ခံစားချက်နဲ့ပတ်သက်ပြီး ဘာမှမသိစေချင်ဘူး။
ကျွန်မ လူတွေကိုကြောက်တယ်။အထူးသဖြင့် ကျွန်မရဲ့ ခံစားချက်အပေါ် အခွင့်ကောင်းယူပြီး ချုပ်ကိုင်လှည့်စားမယ့်လူတွေကိုပိုကြောက်တယ်။
အဲ့တာကြောင့်မို့ ကျွန်မက ၀မ်းနည်းရင်ဖြစ်ဖြစ် ပျော်ရင်ဖြစ်ဖြစ် ဘာတွေကိုဘယ်လိုခံစား နေရပါစေ ဘာမှမဖြစ်သလိုဘဲနေနေခဲ့တာလေ။
ဒီလိုပြန်သုံးသပ်ကြည့်တော့လည်း နွေး ကကျွန်မကို ခံစားချက်မရှိသူရယ်လို့ထင်တာဟာ မမှားဘူးလို့ ကျွန်မတွေးမိပါတယ်။
အဲ့ဒါကြောင့်မို့ အဆောင်ကိုလာတဲ့လမ်းတစ်လျှောက်မှာ ကျွန်မစဉ်းစားခဲ့တယ်။
နွေးက ကျွန်မကို ဂရုစိုက်ချစ်ခင်ပေးသလို ကျွန်မလည်း နွေးကို ဂရုစိုက်ပေးမယ်လို့လေ။
ကျွန်မက နွေးလို စကားလုံးလှလှတွေနဲ့ လူအများသဘောကျအောင် မပြောတတ်ပေမယ့် ကျွန်မဂရုစိုက်ပေးနိုင်သလောက်တော့ နွေးကိုပြန်ဂရုစိုက်ပေးချင်ပါတယ်။
အခုနောက်ဆုံးနှစ်သာပြီးသွားပြီဆိုရင် နွေးနဲ့ကျွန်မလည်းတော်ရုံနဲ့ပြန်တွေ့ဖြစ်မယ့်လူတွေ မဟုတ်တော့ဘူးလေ။
နွေးကလည်း သူ့အလုပ်နဲ့သူ ကျွန်မကလည်း ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်ပြီး တွေ့ဖို့ခဲယဉ်းသွား ကြမှာမလား။
ဒါကြောင့်မို့ ဒီတစ်နှစ်အတောအတွင်းမှာ ကျွန်မရဲ့အရင်းအနှီးဆုံးသူငယ်ချင်းကြီးဖြစ်တဲ့ နွေးနဲ့ ကောင်းမွန်တဲ့ အမှတ်တရတွေဘဲဖန်တီးသွားချင်တာက ကျွန်မရဲ့ ဆန္ဒတွေထဲက တစ်ခုဘဲလေ။
"ဇင်ရေ...ခေါက်ဆွဲပြုတ်ရပါပြီ"
"ဟမ်..အော်..ကျေးဇူးဘဲနော် နွေး"
"ရပါတယ်ရှင့်..ပူသေးတယ်နော် ဇင်..ဖြည်းဖြည်းမှုတ်သောက်ဦး"
"အင်းပါ။ အယ်..မေ့နေလိုက်တာ.. ငါ နွေးကို လက်ဆောင်ပေးစရာရှိတယ်လို့ပြောထားတာလေ။ နွေးမှတ်မိသေးလား"
"မှတ်မိတာပေါ့..ဇင်ရဲ့။အရမ်းကို မှတ်မိတယ်"
တကယ်ပါ။ အဲ့နေ့ ဇင် ကျွန်မကို ဖုန်းခေါ်လာတုန်းက ပြောခဲ့တဲ့စကားတွေထဲက တစ်ခွန်း။
-နွေးက ငါ့ရဲ့ပထမဦးဆုံးသူငယ်ချင်းဆိုတော့ နွေးအတွက် အမှတ်တရအနေနဲ့ ငါပေးချင်လို့ပါ။
အဲ့စကားက ကျွန်မကို ဇင်နဲ့ ဖုန်းပြောပြီးအတော်ကြာတဲ့အထိ စိတ်လှုပ်ရှားစေခဲ့တာလေ။
အိပ်ခါနီးတိုင်း ဇင်က ငါ့အတွက် ဘာလက်ဆောင်များပေးမလို့လဲဆိုပြီး လက်ဆောင်ကို စိတ်ကူးထဲကနေ မှန်းကြည့်ရတာလည်းအခါခါပါ။
အခုတော့ ကျွန်မစိတ်ကူးထဲမှာ အမျိုးမျိုးမှန်းဆနေခဲ့ရတဲ့ ဇင့်ရဲ့လက်ဆောင်လေးကို မြင်တွေ့ရတော့မယ်။
"ဟိုလေ..ငါပေးတဲ့လက်ဆောင်ကို နင်ကြိုက်လား မကြိုက်လားတော့မသိပေမယ့် ငါ့အတွေးထဲမှာပေါ်လာတာက ဒါဘဲရှိလို့"
ဇင်က သူမရဲ့ ကျောပိုးအိတ်ထဲက လက်ဆောင်ထုတ်လို အထုတ်တစ်ခုကို ထုတ်လိုက်ရင်း ထိုသို့ပြောတော့....
"ရပါတယ်..ဇင်ရယ်။ ငါ အရင်ကတည်းကပြောပြီးသားမလား။ ငါ့အတွက် ဆိုပြီး ဇင်ပေးတာနဲ့ကို ကျေနပ်ပြီးသားပါလို့။ ဒါနဲ့ ဇင်ပေးတဲ့ လက်ဆောင်ကို အခု ဖောက်ကြည့်လို့ရတယ်မလား"
"အင်း...နွေး သိချင်ရင်တော့ ဖောက်ကြည့်လေ"
ဇင်က ဖောက်ကြည့်ဆိုတာနဲ့ ကျွန်မကလည်းတုံ့ဆိုင်းမနေပါဘူး။
လက်ထဲမှာကိုင်ထားတဲ့ လက်ဆောင်ထုတ်လေးကိုသေချာဖောက်လိုက်ပြီး အထဲထဲမှာ ထည့်ထားတဲ့ အိတ်လေးထဲက ပစ္စည်းကိုထုတ်ကြည့်လိုက်တော့...သပ်သပ်ရပ်ရပ်နဲ့ လှလှပပထိုးထားတဲ့ ပန်းဆီရောင်မာဖလာ လေးတစ်ခု
"နွေး,,,ကြိုက်ရဲ့လား"
ကျွန်မ ဇင့်ရဲ့အမေးကို စကားနဲ့တောင် ပြန်မဖြေနိုင်ဘဲ ခေါင်းကိုသာ တညိမ့်ညိမ့်လုပ်ရင်း သဘောကျကြောင်းပြန်ဖြေလိုက်၏။
"ကျေးဇူးတင်ပါတယ် ,,,,ဇင်။ ဒီမာဖလာက ဇင်ကိုယ်တိုင်ထိုးထားတဲ့မာဖလာမလား"
"ဟုတ်တယ်။ငါကိုယ်တိုင် နွေးအတွက်ထိုးထားတာ။ ဒါနဲ့ နွေးက ဒီမာဖလာကို ငါကိုယ်တိုင် ထိုးထားမှန်း ဘယ်လိုလုပ်သိတာလဲ"
"အော်...မာဖလာက ဒီလောက်တောင်သပ်ရပ်ပြီးလှပနေမှတော့ ခပ်ချောချောကောင်မလေး တစ်ယောက်ကထိုးထားပေးတာဖြစ်မှာဘဲလို့ ထင်လို့လေ"
"နွေးကတော့လေ...စကားအပြောအဆိုတော်တော်ကိုကောင်းတယ်"
"ဟို,,,,ငါ တစ်ခုလောက်မေးလို့ရမလား ဇင်"
"အင်း..မေးလေ"
"ပစ္စည်းတစ်ခုကိုလက်ဆောင်ပေးရင် အဓိပ္ပာယ်အမျိုးမျိုးနဲ့ပေးကြတယ်မလား။အဲ့တာကြောင့် လေ ဒီမာဖလာမှာရော ပေးရတဲ့ အဓိပ္ပာယ်တွေဘာတွေရှိလားဟင်"
"အဲ့လိုတော့ မရှိပါဘူး။ ငါက နွေးနဲ့ သူငယ်ချင်းတွေဖြစ်ရတဲ့ အမှတ်တရအနေနဲ့ဆိုပြီးတော့ဘဲ ဒီမာဖလာလေးကို ပေးတာပါ။ဘာဖြစ်လို့လဲဟင်"
"ဘာရယ်လို့တော့မဟုတ်ပါဘူး..ဇင်ရဲ့။ ဟိုလေ..ငါက ဒီအတိုင်းသိချင်လို့ မေးလိုက်တာပါ"
"တကယ်လို့ နွေးသိချင်တယ်ဆိုရင် လူတစ်ယောက်နဲ့ တစ်ယောက်မာဖလာပေးရတဲ့ အဓိပ္ပာယ်ကို ငါသိသလောက်ပြောပြမယ်လေ"
"အင်း...ပြောပြလေဇင်,,,ဘယ်လိုအဓိပ္ပာယ်လဲ"
"လူတွေကတစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းမတူတော့ ပစ္စည်းတစ်ခုနဲ့ပတ်သက်ပြီး ပေးတဲ့ ခံယူချက်ချင်းတော့ သိပ်တူမှာမဟုတ်ဘူးနော်..နွေး....ဒါကလည်း ငါသိတာတွေထဲက ပြောရမှာဆိုတော့လေ"
"ဟုတ်ကဲ့ပါရှင့်"
"အွန်...ငါသိတဲ့ မာဖလာပေးရတဲ့ အဓိပ္ပာယ်က,,, ဘယ်လောက်ဘဲ ချမ်းအေးပါစေ မင်းအပေါ်ထားတဲ့ငါ့ရဲ့မေတ္တာတွေနဲ့ မင်းနွေးထွေးပါစေ။ ဘယ်လောက်ဘဲ အဆင်မပြေမှုတွေ နဲ့ကြုံပါစေ မင်းအပေါ်မှာ ဘယ်တော့မှပျက်သုဉ်းသွားမှာမဟုတ်တဲ့ ငါ့ရဲ့အချစ်တွေနဲ့ မင်းအမြဲတမ်းအဆင်ပြေပါစေ။ ငါကိုယ်တိုင်ထိုးပေးထားတဲ့ မာဖလာလေးရဲ့ ချည်မျှင်စသေး သေးလေးတစ်ခုချင်းစီမှာတောင် မင်းအပေါ်ထားတဲ့ ငါ့ရဲ့အချစ်တွေကိုထည့်ပြီးထိုးထားတဲ့ အတွက် ဘာအခက်အခဲတွေရှိပါစေ ဒီမာဖလာလေးက မင်းကို ငါ့ရဲ့ခိုင်မြဲတဲ့အချစ်တွေနဲ့ကာကွယ်ပေးထားမှာပါတဲ့"
*အမှန်တကယ်မှာတော့ ဇင်ပြောသလို အပြောအဆို တော်တော်ကောင်းတယ်ဆိုတဲ့လူက ကျွန်မမဟုတ်ပါဘူး။ ဇင်ကိုယ်တိုင်ပါဘဲ
ဘာလို့လဲဆိုတော့ မာဖလာပေးတဲ့ အဓိပ္ပာယ်နဲ့ ပတ်သတ်ပြီး ဇင့်ရဲ့ ဟန်ဆောင်ခြင်းမရှိ ဖြူစင်စွာပြောလိုက်သည့် ထိုစကားလုံးတိုင်းမှာ ကျွန်မနှလုံးသားတစ်ခုလုံးဟာ ပျော်ဆင်းသွား ပြီမိုလို့ပါ။
-ငါ့ရဲ့မေတ္တာတွေနဲ့ မင်းနွေးထွေးပါစေ
-ငါ့ရဲ့ အချစ်တွေနဲ့ မင်းအမြဲတမ်းအဆင်ပြေပါစေ
-ငါ့ရဲ့ ခိုင်မြဲတဲ့အချစ်တွေနဲ့ မင်းကို ကာကွယ်ပေးထားမှာပါ
ဇင့်နှုတ်က ထွက်လိုက်တဲ့ ထိုသို့သောစကားလုံးတွေဟာ ဇင့်ဘက်က ပုံမှန်ပြောလိုက်တဲ့စကားလုံးတွေ ဆိုပေမယ့်...ကျွန်မရင်ဘတ်ထဲမှာတော့ ဘယ်ကနေ ဘယ်လိုပေါက်ဖွားလာမှန်းမသိတဲ့ ထောင်ပေါင်းများစွာသောလိပ်ပြာတွေပျံသန်းသွားသလို ခံစားလိုက်ရပါတယ်။
ဒီ ခံစားချက်တွေရဲ့အဆုံးမှာတော့ ကျွန်မလက်ထဲမှာရှိနေတဲ့ နူးညံ့သည့်မာဖလာလေးကို လည်ပင်းထက် ဂရုတစိုက်ပတ်လိုက်ပြီး
"နောက်တစ်ခေါက်ထပ်ပြီးကျေးဇူးတင်ပါတယ် ဇင်,,,,ငါ ဇင်ပေးတဲ့လက်ဆောင်လေးကို တကယ် သဘောကျတယ်။ ပြီးတော့ ဇင်ကိုယ်တိုင်ထိုးပေးထားတဲ့ ဒီမာဖလာလေးကို ငါသေတဲ့အထိ တန်ဖိုးထားသွားပါ့မယ်"
"အွန်း,,,,နင် အဲ့လောက်ထိ သဘောကျတယ်ဆိုတော့ ငါလည်းပျော်တယ် နွေး"
လည်ပင်းမှာပတ်ထားသည့် မာဖလာလေးကို အမြတ်တနိုးကိုင်ရင်း အားပါးတရပြုံးနေသည့် ကောင်မလေးတစ်ယောက်။
ကိုယ်အချိန်ပေးပြီး ထိုးခဲ့ရတဲ့ မာဖလာလေးကို အရမ်းသဘောကျပြီး တန်ဖိုးထားပါ့မယ်လို့ပြောလာသည့်သူငယ်ချင်းကြောင့် ကျေနပ်မှုဖြင့် ပြုံးနေသည့် နောက်ထပ်ကောင်မလေးတစ်ယောက်။
ထိုကောင်မလေးနှစ်ယောက်ရဲ့ကြား၌တွင်တော့ ချမ်းအေးတဲ့ရာသီမှာ အငွေ့တထောင်းထောင်းဖြင့် စားချင်စဖွယ်ကောင်းနေသည့် ခေါက်ဆွဲပြုတ်ဘူး လေးနှစ်ဘူး ဟာ မိနစ်ပိုင်းလောက် စားသူမဲ့ နေတဲ့အတွက် မျက်နှာငယ်နေရပါတယ်။
🦋💗🦋💗🦋