"ဟေး....ဂွတ်မောနင်း...အသည်းလေးတို့"
"ဘာ မောနင်းလဲ...ငပြည့်မ..ငါ့ကို ဘာကားတွေကူးပေးလိုက်မှန်းမသိဘူး"
"ဟယ်တော့,,,ငါက နင့်ကိုကူးပေးလိုက်တဲ့ကားကို အစတောင် ကြည့်ရသေးတာမဟုတ်ဘူး။ ဇာတ်ကားက ဘာကားမှန်းတောင် သိတာမဟုတ် တဲ့ဟာကို။ ပြောစမ်းပါဦး ..ငါက ဘာကားကူးပေးလိုက်လို့လဲ"
"မပြောဘူး..နင့်ဘာသာနင်ကြည့်"
"ဟာ..အခုချိန်မှ ငါက ဘယ်လိုကြည့်ချိန်ရတော့မှာလဲ? အိုခေလေ..နင်မပြောလည်း အချောလေးကိုမေးမှာပေါ့။ အချောလေး...မနေ့က ငါကူးပေးလိုက်တဲ့ဇာတ်ကားက မကောင်းဘူးလား..ဘယ်လိုကြီးဖြစ်နေလို့လဲ"
"ကောင်းပါတယ်။ ဘယ်လိုမှမဖြစ်ပါဘူး"
"ဟုတ်လား..အဲ့ဒါဆို ငါ့ကို အကျဥ်းချုံးလောက်ပြောပြနော်"
"အင်း..နင်က မကြည့်ရသေးတော့ ဇတ်ကားနာမည်အရင်ပြောပြမယ်နော်...Citrus တဲ့ ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်နှစ်ယောက်ကတော့ ကောင်မလေးနှစ်ယောက်...#$%^&*&&&"
၀င့်ဖူးသဇင်လည်း အချိန်အနဲငယ်ကြာအောင် ပြည့်ကို အကြမ်းဖျင်းနားလည်အောင်ရှင်းပြပေးလိုက်တော့..
"ဒါဆို..ငါကူးပေးလိုက်တဲ့ ကားက မိန်းကလေးနှစ်ယောက်ကြိုက်တဲ့ကားပေါ့"
"အင်း..ဟုတ်တယ်"
"အိုးမိုင်ဂေါ့..ဆောရီးပါ....ငါတကယ်ကိုမသိဘူး"
"ရပါတယ်..ဘာမှမဖြစ်ပါဘူး။ဒီအတိုင်းဇာတ်ကားဘဲကို"
"တစ်ခုလောက်မေးမယ်နော်...အချောလေးကရော အဲ့လိုမျိုး မိန်းကလေးနှစ်ယောက်ကြိုက်တာ ကို ဘယ်လိုမြင်လဲဟင်"
၀င့်ဖူးသဇင်ဖြေမယ့်စကားကို မေးတဲ့ပြည့်သိင်္ဂီထက် ပိုပြီး သိချင်စိတ်တွေပြင်းပြပြီး ခလုတ်တောင်တိုက်မလိုဖြစ်နေသူကတော့ နွေးနေခြည်ပင်။
"ဘယ်လိုမှတော့မမြင်ပါဘူး...ဘာဖြစ်လို့လဲ"
"အယ့်...ဟိုလေ...ငါပြောချင်တာကကွာ အချောလေးဆိုရင်ရော အချောလေးကို ကောင်မလေးတစ်ယောက်က ကြိုက်တယ်လို့ပြောလာခဲ့သည်ရှိသော် အချောလေး ဘယ်လိုတုံ့ပြန်မှာလဲ? ငြင်းမှာလား...ဒါမှမဟုတ် မိန်းကလေးချင်းကြိုက်တယ်ဆိုပြီး အဲ့ပြောတဲ့သူကို စိတ်ဆိုးမှာလား"
"အဲ့တာတော့ ငါလည်းမသိဘူး။"
"မသိလို့တော့ မရဘူးလေ အချောလေးရဲ့...ဘ၀မှာကြုံတွေ့လာရမယ့် အခြေအနေတွေက အမျိုးမျိုးရှိတာဆိုတော့ အချောလေးဘက်က အဲ့လိုအခြေအနေတွေကိုပါ ကြိုတွေးသင့်ရင် တွေးရမယ်လေ မဟုတ်ဘူးလား"
"အင်း...နင်ပြောတာလည်းမှန်ပါတယ်။ဒါပေမယ့် ငါက ရည်းစားလည်းတစ်ခါမှမထားဘူးတော့ အဲ့ကိစ္စတွေကိုတစ်ခါမှမတွေးကြည့်ဖူးဘူး။ပြီးတော့ အခုချိန်မှာချစ်သူတွေဘာတွေလည်း ငါမထားချင်သေးဘူးလေ။အဲ့တာကြောင့်မို့ အခုချိန်မှာဖွင့်ပြောရင်တော့နဲနဲစိတ်ကသိကအောက်ဖြစ်လောက်မယ်ထင်တယ်။ "
"အော်...အဲ့လိုလား"
၀င့်ဖူးသဇင်ဖြေလိုက်တဲ့စကားကြောင့် မှိုင်ကျသွားတဲ့ နွေးနေခြည်မျက်နှာကို ပြည့်သိင်္ဂီသတိထားမိလိုက်၏။
"ဟဲဟဲ..အချောလေးကို ငါက တစ်ခုပြီးတစ်ခုမေးလိုက်ဦးမယ်။ဟိုလေ...တကယ်လို့ အချောလေးကိုတစ်ယောက်ယောက်ကလာဖွင့်ပြောတယ်ဆိုပါတော့။အဲ့ဖွင့်ပြောတဲ့သူက အချောလေးစိတ်ထဲမှာလည်း သဘောကျနေမိတဲ့သူဆိုရင်ရော..."
"သဘောကျနေမိတဲ့သူ...."
"အင်းလေ..အချောလေးမှာလည်း..စိတ်၀င်စားနေတဲ့သူတွေဘာတွေတော့ရှိတယ်မလား"
"အဲ့လိုမျိုးကြီးတော့...ငါ့မှာမရှိသေးဘူးလို့တော့ထင်တာဘဲ
"မ..မရှိသေးဘူးလို့ထင်တယ်"
"အင်း...ငါက နှလုံးသားရေးရာတွေကိုသိပ်လည်းနားမလည်ပါဘူး။ ဒါနဲ့ ပြည့် မေးစရာရှိသေးလားဟင်? ငါ အခန်းထဲသွားတော့မလို့"
"ဟမ်...အော်..မေးစရာမရှိတော့ပါဘူး...ညနေကျောင်းဆင်းမှတွေ့မယ်နော်"
"အင်း...နွေး...ငါသွားပြီနော်"
အရင်လို လန်းလန်းဆန်းဆန်းမရှိဘဲ သူပြောနေတာကိုတောင် ဘာမှပြန်မဖြေတဲ့ နွေးနေခြည်ကြောင့် ၀င့်ဖူးသဇင်လည်း အနဲငယ်တော့ အံ့ဩသလိုလိုရှိသွား၏။
*နွေးက ရုတ်တရက်ကြီး..ဘာဖြစ်သွားတာလဲ?
"ဟို...နေခြည်က ညက ငါကူးပေးတဲ့ကားကြည့်ပြီး အိပ်ရေးပျက်သွားလားမသိဘူး။ သူက အဲ့လိုဘဲ ဖုန်းကို ကြာကြာအာရုံစိုက်ပြီးကြည့်ရင် မလန်းတော့ဘူး"
"အော်....အင်း"
*ပြည့်ပြောတာ ဟုတ်မှာပါ...မနေ့ညက သူတို့နှစ်ယောက်လုံး ဇာတ်ကားပြီးတဲ့အထိ တစ်ထိုင် တည်းကြည့်လိုက်တာဆိုတော့ ခေါင်းနောက်နေမှာပေါ့။
၀င့်ဖူးသဇင်က ပြည့်သိင်္ဂီတို့ကို နှုတ်ဆက်ပြီး အခန်းထဲကို အေးအေးဆေးဆေး ၀င်သွားပြီးတဲ့နောက်မှာတော့ ရပ်နေရာကနေ စိတ်ပျက်လက်ပျက်နဲ့ ဆောင့်ကြောင့်ထိုင်ချလိုက် တဲ့နွေးနေခြည်။
"ဟဲ့..နေခြည်...နင်ဘာလုပ်တာလဲ? ထပါ..ငါတို့ အတန်းနောက်ကျနေမယ်"
"ပြည့်...ငါ့အတွက် မျှော်လင့်ချက်မရှိတော့ဘူးထင်တယ်"
အစမရှိ အဆုံးမရှိနဲ့ နွေးနေခြည်ပြောလိုက်တယ်ဆိုပေမယ့် ပြည့်သိင်္ဂီကတော့ နွေးနေခြည်ပြောတဲ့ စကားရဲ့အဓိပ္ပာယ်ကိုနားလည်တဲ့အတွက်...
"ဘာလို့မျှော်လင့်ချက်မရှိရမှာလဲ နေခြည်ရယ်။နင် အားတင်းထားစမ်းပါ"
"ဇင်က သူ့ရဲ့ နှလုံးသားထဲကို ဘယ်သူ့ကိုမှ၀င်ခွင့်မပေးဘဲပိတ်ထားတဲ့ပုံဟ။ ဇင်ကိုယ်တိုင် ပိတ်ထားတဲ့တံခါးတစ်ချပ်ကို ဘယ်လိုနည်းနဲ့ ငါက ဖွင့်ရမှာလဲ ပြည့်ရယ်"
"နင် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ထားစမ်းပါ နေခြည်....အဲ့လောက်ထိ မပျော့ညံ့စမ်းပါနဲ့။ နင့်မှာအခွင့်အရေးတွေအများကြီးရှိပါသေးတယ်"
"ဘာအခွင့်အရေးလဲ ပြည့်။ ဇင် မသိအောင် တစ်သက်လုံးတစ်ဖက်သက်ချစ်နေရမယ့် အခွင့်အရေးလား?"
"အဲ့ဒါဆိုလည်း နင်ဖွင့်ပြောလိုက်လေ....နင် ချစ်ရင် အဲ့လောက်တော့ သတ္တိရှိရမှာပေါ့"
"ချစ်တယ်ဆိုတဲ့စကားက အဲ့လောက်ထိ လွယ်လွယ်ပြောထွက်လို့ရတဲ့စကားမဟုတ်ဘူး ပြည့်ရ။ ငါသတ္တိရှိတယ်ဆိုရင်တောင် ခုနက ဇင်ပြောသွားတာ နင် မကြားဘူးလား။ ဇင်ကိုယ်တိုင် ပြောသွားတဲ့အဲ့စကားတွေကို ငါက သိရဲ့သားနဲ့ ဘယ်လိုစိတ်နဲ့ ငါဖွင့်ပြောရမှာလဲ?"
"နင်က ဖွင့်လည်းမပြောချင်ဘူး..တစ်ဖက်သက်လည်းဆက်ချစ်မနေချင်တော့ဘူးဆိုတဲ့ သဘောလားနေခြည်။ "
"မဟုတ်ဘူး...ငါပြောချင်တာက..."
"တော်တော့ နေခြည်.... နင်ပြောချင်တာက ဘယ်လိုဘဲဖြစ်ဖြစ် နင်အခုဆိုလိုတဲ့ အဓိပ္ပာယ်က ငါပြောသလိုဘဲထွက်တယ်မလား။ အေး...အဲ့ဒါဆိုရင် ငါနင့်ကိုအကြံတစ်ခုပေးမယ် နေခြည်။ နင် ၀င့်ဖူးသဇင်ကို ဆက်မချစ်နဲ့တော့။ အဲ့ဒါက နင့်အတွက်အကောင်းဆုံးဘဲ"
သူမစကားကြောင့် ငိုင်တွေသွားသည့် နွေးနေခြည်ကို ထိုနေရာမှာတင်ထားခဲ့ပြီး အတန်းထဲသို့ ပြည့်သိင်္ဂီ၀င်လာခဲ့သည်။
သူမ၀င်လာပြီး ခဏလောက်နေရင် လိုက်၀င်လာလိမ့်မယ်လို့ ပြည့်သိင်္ဂီထင်ထားခဲ့ပေမယ့် တကယ်တမ်းမှာတော့ နွေးနေခြည်က အတန်းနှစ်ချိန်ပြီးမှသာ အခန်းထဲသို့၀င်လာခဲ့သည်။
၀င်လာကတည်းက သူ့ကိုဘာစကားမှမပြောဘဲ ငြိမ်နေတဲ့အတွက် နွေးနေခြည်ကို ပြည့်သိင်္ဂီ လှမ်းကြည့်လိုက်တဲ့အခါမှာတော့ နွေးနေခြည်တစ်နေရာရာမှာ သွားငိုထားတယ်ဆိုတာကို ပြည့်သိင်္ဂီသိလိုက်၏။
သူငယ်ချင်းတစ်ယောက်ကို တစ်ဖက်သက် ကြိတ်ချစ်နေသည့် နွေးနေခြည်။
သူမရဲ့ နှလုံးသားတံခါးကို ဘယ်သူ့ကိုမှ၀င်ခွင့်မပေးသေးဘဲ ချိတ်ပိတ်ထားသည့် ၀င့်ဖူးသဇင်။
၀င့်ဖူးသဇင်အတွက်ဆို ဂရုစိုက်မှုတွေနဲ့ အချစ်တွေပိုနေရသည့် နွေးနေခြည်။
ထို ဂရုစိုက်မှုတွေကို သူငယ်ချင်းတွေကြားရှိတတ်သည့် သာမန် ဂရုစိုက်မှုတစ်ခုဟုသာ ထင်နေသည့် ၀င့်ဖူးသဇင်။
ပထမဦးဆုံးအကြိမ် ၀င့်ဖူးသဇင်ကြောင့် အချစ်ဆိုတာကို သိရှိခံစားခဲ့ရတဲ့ နွေးနေခြည်။
အချစ်ဆိုတာကို အယုံအကြည်မရှိဘဲ ခံစားချက်တွေကို သို၀ှက်ထားတတ်သည့် ၀င့်ဖူးသဇင်။
သူတို့နှစ်ယောက်ကြားက ဇာတ်လမ်းတစ်ခုကတော့ ဘာတွေဘယ်လိုဆက်ဖြစ်ပြီး ဘယ်လောက်ခံစားနေကြရဦးမလဲ?
ပြည့်သိင်္ဂီမတွေးတတ်တော့ပါ။
ဒီ့ထက်ပိုပြီးဆက်တွေးရင်လည်း ရည်းစားနှစ်ယောက်နဲ့တင် စိတ်ရှုပ်နေသည့် ပြည့်သိင်္ဂီရဲ့ ဦးနှောက်က ကြောင်သွားတော့မယ်ဆိုတာ အသေအချာပါဘဲ။
.
.
ဒီနေ့ နဲ့ဆို ကျွန်မ ဇင့်နဲ့ အကြည့်ချင်းမဆုံဘဲ ရှောင်နေမိခဲ့တာ သုံးရက်မြောက်တဲ့နေ့။
ဘာကြောင့် ကျွန်မ အဲ့လို ရှောင်နေခဲ့ရလဲလို့မေးလာရင်တော့ သောကြာနေ့တုန်းက ပြည့်ပြော ခဲ့တဲ့ စကားကြောင့်ပါ။
"နင် အချောလေးကို ဆက်မချစ်နဲ့တော့" ဆိုတဲ့စကား...။
ဒီစကားက ဇင့်အပေါ်မှာခံစားချက်တွေရှိနေတဲ့ ကျွန်မအတွက်တော့ ရင်ကိုစူးနစ်သွားစေတဲ့ စကားပင်။
ကျွန်မကြိုးစားကြည့်ခဲ့တယ်။ ဇင့်ကို ဆက်မချစ်တော့ဖို့။
ဒါပေမယ့် ဒါက သဲထဲရေသွန်လိုက်သလိုဘဲ ကျွန်မအတွက်တော့ ဘာမှမပြောင်းလဲတဲ့အပြင် ဇင့်ကို ချစ်တဲ့အချစ်တွေကသာ ပိုပိုလို့တိုးလာခဲ့တယ်။
နောက်ဆုတ်ဖို့ကြိုးစားကာမှ ရှေ့ကိုတစ်လှမ်းတိုးမိတဲ့ ကျွန်မ။
ဇင့်ကို ရှောင်နေတယ်လို့ပြောပေမယ့် ဇင် အိပ်ပျော်သွားတဲ့အချိန် ဇင့်မျက်နှာကိုခိုးငေးပြီး ငိုခဲ့ရတဲ့ ကျွန်မ။
ကျွန်မတစ်ယောက်တည်း ဇင့်အပေါ်မှာတစ်ဖက်သက် ခံစားချက်တွေဖြစ်ပေါ်ပြီး
ဇင့်ဘက်ကတော့ ကျွန်မကို သူငယ်ချင်းတစ်ယောက်လို အဖြူစင်ဆုံး ခင်မင်နေတဲ့အခါ
နောက်ဆုံးမှာတော့ အရောင်တွေပြောင်းနေတဲ့ ကျွန်မခံစားချက်တွေကိုဘဲ မုန်းတီးလာမိတော့တယ်။
ငါဟာ နင့်ရဲ့ ချစ်သူမဖြစ်နိုင်တော့ပေမဲ့
ငါဟာ နင့်အတွက်တော့ အကောင်းဆုံးသူငယ်ချင်း
နင်ခံစားရတိုင်း အနားမှာအမြဲ ငါလေရှိခွင့်ရရင် ကျေနပ်တယ်
နင်လေ ငါ့ကို အမြဲလို မေးနေကျစကား
ငါ့မှာ ချစ်ရမယ့်သူ ချစ်သူမရှိဘူးလားတဲ့
ရင်ကိုဖွင့်ပြလိုက်ချင်တယ်
နင်တစ်ယောက်တည်းဘဲ ဘယ်လောက်ထိ ချစ်တယ်ဆိုတာကို
မင်းသိသွားရင်လည်း
ဒီတစ်သက်ထားရှိကြမယ့် အခင်မင်ပျက်မလားဆိုး
တကယ်ပါ ကိုယ့် သူငယ်ချင်းကိုပြန်ချစ်နေမိတော့လည်း
ဖွင့်ပြောရန်အတွက်တော့ သိပ်သိပ်ခက်နေတယ်
တော်ကြာနေ နင်က ငါ့အားမုန်းတီးသွားမှာလည်း
အတွေးလေးနဲ့တင် ကြောက်လန့်မိပါတယ်
ဇင်နဲ့ မျက်လုံးချင်းမဆုံမိအောင် အခန်းထဲမှာ မနေဘဲ အပြင်ဘက်က ဒန်းမှာထိုင်ရင်း ရေဒီယိုနားထောင်နေတာတောင် ရေဒီယိုက လာနေတဲ့သူငယ်ချင်းကလည်း Crush is my friendဆိုတဲ့ သီချင်းတဲ့လား?
သီချင်းတစ်ပုဒ်လုံးက ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုက်နေမှတော့ မနဲတင်းထားရတဲ့ ကျွန်မနှလုံးသားကလည်း ဘယ်လိုလုပ်ခံနိုင်တော့မှာလဲ?
မျက်ရည်တွေက တားမရ ဆီးမရစွာ ပါးပြင်ပေါ် စီးကျလာပြီလေ။
*အော်...လောကကြီးကလည်းနော်
ရင်ထဲမှာကျိတ်ပြီး ဘယ်သူမှမသိအောင် ခံစားနေရပါတယ်ဆိုကာမှ အဆွေးသီချင်းတွေလာဖွင့် ပြနေသလိုဘဲ။
အခုကျွန်မအဖြစ်က အနာကြောင့် နာနေပါတယ်ဆိုကာမှ ဆားသိပ်ထည့်လိုက်လို့ ပိုဆိုးတော့မလိုဖြစ်နေပြီလေ။
🥀✨🥀✨🥀