နိုးထခဲ့ရတဲ့ မနက်ခင်းပေါင်းများစွာမှာ ကိုယ့်ရင်ထဲမှာအချိန်အကြာကြီးစွဲလမ်းနေမိရတဲ့သူ တစ်နည်းအားဖြင့် ကိုယ်မြတ်နိုးရတဲ့သူရဲ့ မျက်နှာနုနုကို ငေးကြည့်ရင်း နိုးထရတာလောက် လှပလွန်းတဲ့ မနက်ခင်းဆိုတာမရှိနိုင်တော့ပါဘူး။
တစ်ညလုံး အခုန်မြန်နေတဲ့ နှလုံးသားတစ်စုံကြောင့် ဘယ်ဘက်ရင်အုံကိုဖိရင်း ဇင် သတိမထားမိအောင် နေနေရတဲ့အတွက် ကျွန်မမှာ ကောင်းကောင်းအိပ်မပျော်နိုင်။
ဒါပေမယ့် ကျွန်မရဲ့နတ်သမီးလေးကတော့ ကျွန်မတစ်ယောက်တည်း ယောက်ယက်ခတ်နေတဲ့ အဖြစ်ကိုမသိဘဲ တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်နေလိုက်တာ။
လူတစ်ယောက်အိပ်နေတဲ့အချိန် အဲ့လူမသိအောင် ဓါတ်ပုံခိုးရိုက်တာဟာ မကောင်းတဲ့အပြုအမူ တစ်ခုလို့ဆိုရပေမယ့် ဇင့်ရဲ့ချစ်စရာကောင်းလွန်းမှုက ကျွန်မရဲ့အကျင့်ကောင်းတွေကိုတောင် ဖျက်ဆီးပစ်နေပါတယ်။
ဇင်မနိုးအောင် ဖွဖွလေးလျှောက်ကာ ဖုန်းကိုသွားယူရင်း ဇင်အိပ်နေတဲ့ပုံလေးကို ကျွန်မဖုန်းထဲမှာသေချာမှတ်တမ်းတင်ထားလိုက်တယ်။
Galleryထဲကပုံတွေကိုတစ်ပုံချင်းပြန်ကြည့်မိတော့ အရင်ကတည်းက ဇင်မသိအောင် ကျွန်မ ခိုးရိုက်ထားမိတဲ့ ဇင့်ရဲ့ဓါတ်ပုံတွေကဘဲ ကျွန်မဖုန်းထဲမှာ အပြည့်နေရာယူထားပါတယ်။
အဲ့တာကြောင့်မို့လည်း အခုနောက်ပိုင်းကျွန်မဖုန်းကို ပြည့်က မတော်တဆယူကိုင်ရင်တောင် ကျွန်မမှာ ရင်တထိတ်ထိတ်ဖြစ်နေရတာပေါ့။
ဇင်အိပ်နေတဲ့ပုံကို မှတ်တမ်းတင်သိမ်းဆည်းထားပြီးပြီဆိုတော့ ဖုန်းကို ခေါင်းအုံးဘေးမှာ ပြန်ချလိုက်ပြီး ကျွန်မကုတင်ပေါ်မှာပြန်ထိုင်လိုက်တယ်။
အဲ့အချိန်မှာဘဲ ကျွန်မရဲ့ နတ်သမီးလေးလည်း အိပ်ရာကနေနိုးလာပါပြီ။
"နင်တောင် နိုးနေပြီဘဲ"
"အင်း...ဇင်..ကောင်းကောင်းအိပ်ပျော်တယ်မလား"
"အိပ်ရာပြောင်းရင် ငါကတော်တော်နဲ့အိပ်မပျော်တတ်ဘူး။ဒါပေမယ့် မနေ့ကတော့ ခေါင်းချလိုက်တာနဲ့ တန်းအိပ်ပျော်သွားရော"
"ဟုတ်လား?"
"အွမ်း...နင်ရော အိပ်ပျော်ရဲ့လား"
"ပျော်တာပေါ့...ငါလည်းတရေးမှမနိုးဘူး"
အမှန်ဆို ကျွန်မအဖြစ်က တစ်ရေးမှ ကောင်းကောင်းမအိပ်လိုက်ရတာပါ။
ဒါပေမယ့်လည်းကျွန်မရဲ့နတ်သမီးလေး စိတ်ချမ်းသာအောင် မနက်စောစော ကျွန်မကံတစ်ပါးချိုးဖျက်လိုက်ပြီပေါ့။
အဟီး...တိတိကျကျပြောရရင်တော့ ကံနှစ်ပါးကိုချိုးဖျက်လိုက်တာထင်တယ်။
ခုနက ဇင်မသိအောင် ဓာတ်ပုံခိုးရိုက်လိုက်မိတာပါပေါင်းရင်လေ။
"နင် ဘာတွေပြုံးနေတာလဲ"
"အော်..ဘာမှမဟုတ်ပါဘူး"
"ဒါနဲ့လေ..ငါ ရေချိုးလို့ရမလား"
"ရပါတယ် ဇင်ရဲ့..ဘာလို့မရရမှာလဲ...မေမေတောင်ပြောသွားတာဘဲ ကိုယ့်အိမ်ကိုယ်ရာလို သက်တောင့်သက်သာဘဲနေတဲ့"
"အွမ်း...အဲ့ဒါဆို ငါချိုးမယ်နော်...ဒါပေမယ့် ငါ့ကို တဘက်နဲ့ ရေလဲထဘီတစ်ထည်တော့ပေးသုံးနော်။ငါ အဲ့တာတွေမပါလာလို့"
"ရပါတယ်ရှင့်..."
နောက်ဖြစ်လာမယ့် အခြေအနေတွေကို ကြိုမမြင်သေးတော့ နွေးနေခြည်တစ်ယောက် အပြုံးပန်းတွေေ၀ဆာစွာဖြင့် ၀င့်ဖူးသဇင်အတွက် တဘက်တစ်ထည်နဲ့ ရေလဲထဘီတစ်ထည်ကို ထုတ်ပေးနေပါတယ်။
"ကဲ..ချိုးလို့ရပါပြီရှင်...ရေချိုးခန်းထဲမှာ သွားတိုက်တံအသစ်တစ်ချောင်းလည်းရှိတယ်နော်ဇင်"
"အင်း.."
၀င့်ဖူးသဇင်လည်း နွေးနေခြည်ပေးတဲ့ တဘက်တစ်ထည်နဲ့ ရေလဲတဘီကိုယူကာ ရေချိုးခန်းထဲသို့၀င်သွား၏။
နွေးနေခြည်ကတော့ သီချင်းလေးတညီးညီးဖြင့် စောင်တွေခေါက်ကာအိပ်ရာသိမ်းနေရင်း စိတ်ထဲမှာလည်း...
*ဇင်က တော်တော်ကိုချစ်ဖို့ကောင်းတာဘဲ...
အိပ်ရေး၀ထားလို့ ထလာတဲ့အချိန် ဖောင်းနေတဲ့ပါးလေးတွေနဲ့ ဘာဆေးမှမကူထားဘဲ နဂို ရဲနေတဲ့ နှုတ်ခမ်းလေးတွေနဲ့..
အသည်းယားလွန်းလို့ အဲ့ပါးဖောင်းဖောင်းလေးတွေကို ဆွဲညှစ်ပစ်ချင်စိတ်တောင်ပေါက်တယ်ကွာ
.
.
.
"ငါ ပြီးပြီ..."ဆိုတဲ့ စကားသံနဲ့အတူ ရေချိုးတိုင်းခေါင်းပါအတူလျှော်တတ်တဲ့ ၀င့်ဖူးသဇင်က ဆံပင်တွေကိုတဘက်နဲ့သုတ်ရင်း ထဘီရင်ခြားဖြင့် ရေချိုးခန်းထဲမှထွက်လာ၏။
၀င့်ဖူးသဇင် ရေချိုးခန်းထဲက မထွက်လာခင်အချိန်အထိ အေးအေးဆေးဆေးပင် ထိုင်ခုံပေါ် ခြေချိတ်ပြီးထိုင်နေတဲ့နွေးနေခြည်တစ်ယောက်လည်း အခုမှ ရင်အခုန်လွန်ပြီး ကဏာမငြိမ်ဖြစ်နေပါတော့တယ်။
ထဘီရင်ခြားထားတဲ့အတွက် ဖြူဖွေးပြီးကြည်လင်နေသည့် ၀င့်ဖူးသဇင်၏ လည်ပင်းနားတစ်၀ိုက်ရဲ့ မြင်ကွင်းက နွေးနေခြည်အတွက်တော့ မိနစ်ပိုင်းလောက်အကြည့်မခွာ နိုင်ဖြစ်ခဲ့ရ၏။
*ဇင်..ဇင်က တော်တော် ......တာဘဲ
ဟေး...တစ်မျိုးမတွေးနဲ့လေ....ငါပြောတာက ဇင့်ရဲ့ အသားအရေက အရမ်းကိုဖြူဥနေတာဘဲ အဲ့တာကိုပြောတာ။
မင်းတို့အတွေးတွေချော်နေမှာစိုးလို့ ငါ့မှာငေးနေရင်းနဲ့ ရှင်းပြရသေးတယ်။
ဟူးစ်...တော်တော်မလွယ်ပါလားနော်။
"နင့်ဆီမှာ dryerရှိလား"
"ဟမ်...ဆောရီး ဇင်ခုနက ဘာပြောလိုက်တာ..ငါ သေချာမကြားလိုက်လို့"
"dryerရှိလားလို့မေးတာ"
"ရှိ..ရှိတယ်။အော်..မေ့သွားတာ မရှိဘူး။ ဒါပေမယ့် အမေ့အခန်းထဲမှာတော့ တစ်ခုရှိတယ်။ငါ့ dryerက အဆောင်ကိုယူသွားလို့လေ။ ခဏစောင့်နော်။ငါ သွားယူပေးမယ်"
"အင်း"
လေအဟုန်လို လစ်ခနဲ အခန်းထဲကနေ ထွက်လာပြီး ရင်ဘတ်ကိုလက်နဲ့ဖိရင်း ကိုယ့်ကိုယ်ကို ပြန်သတိပေးမိတဲ့ နွေးနေခြည်။
*ငါ ဘယ်တုန်းက ဒီလောက်ထိ မိန်းကလေးတွေရဲ့ အလှအပကို အတွင်းကျကျ ခံစားမိတတ်သွားရတာလဲ?
မဟုတ်ဘူး။ မိန်းကလေးတွေရဲ့ အလှအပကိုငါ ခံစားမိတာလို့ပြောရမှာမဟုတ်ဘူး။
မိန်းကလေးတွေအားလုံးထဲကမှ ဇင်တစ်ယောက်တည်းရဲ့ အလှအပကိုဘဲ ငါခံစားမိတာ။
ပြီးတော့ အခုအချိန်မှာ ဇင့်ရဲ့ အကြည့်လေးကအစ သာမာန်အပြုအမူတွေအားလုံးက ငါ့ရဲ့ ဖြူစင်နေတဲ့ စိတ်တွေကို တဖြည်းဖြည်းအရောင်ပြောင်းအောင်လုပ်နေသလိုဘဲ။
မကောင်းဘူး။ ဒီလိုသာ အချိန်အကြာကြီးဖြစ်နေမယ်ဆိုရင် ငါ့ရဲ့ နှလုံးကျန်းမာရေးအတွက် ပိုလို့တောင်မကောင်းဘူး။
ပြီးတော့ ဇင်ကလဲ ငါ့ကိုရွံစရာကောင်းတဲ့ သူတစ်ယောက်လို ထင်သွားလိမ့်မယ်။
အဲ့တာကြောင့်မို့ ငါ့စိတ်ကိုငါ အတတ်နိုင်ဆုံးထိန်းချုပ်ရမယ်။
ဟုတ်ပြီ။ အဲ့တာကြောင့်မို့ အခုချိန်ကစလို့ ဇင်နဲ့ နီးနီးကပ်ကပ်မနေမိအောင် ငါကြိုးစားပြီးသတိထားနေတော့မယ်လို့ ငါဆုံးဖြတ်လိုက်ပြီ။
မေမေ့အခန်းထဲက dryerကိုယူပြီး ကိုယ့်အခန်းထဲ ပြန်၀င်လာတော့ ဇင်က ထဘီရင်ခြားနဲ့မဟုတ်တော့ပေ။ ကြည့်ရတာ ကျွန်မမရှိတဲ့အချိန် အ၀တ်အစားလဲလိုက်တယ်ထင်ပါရဲ့။
"ဇင်..ဒီမှာ dryer"
"အင်းကျေးဇူးဘဲနော်..."
"ရပါတယ်..အဲ့ဒါဆို ငါလည်း သွားတိုက်မျက်နှာသစ်ရင်း ရေပါချိုးလိုက်တော့မယ်နော်"
"အွမ်း"
နွေးနေခြည်တစ်ယောက်ကတော့ သူ့ဆုံးဖြတ်ချက်အတိုင်း ၀င့်ဖူးသဇင်နဲ့ တစ်မီတာအကွာကနေ နေရင်းပြောကာ ရေချိုးခန်းထဲသို့၀င်သွားပါတော့သည်။
.
.
"နင် lip glossသုံးတယ်မလား"
"ငါကတော့ သိပ်မသုံးပေမယ့် ဇင် ဆိုးချင်လို့လား"
"အင်း...ငါက အဲ့တာဆိုးနေကျဆိုတော့ မဆိုးရရင်နှုတ်ခမ်းတွေခြောက်နေသလို ခံစားရလို့"
"ဟုတ်ပါပြီရှင်..ကဲ..ဒီမှာ lip glossပါရှင့်..ဇင်ကြိုက်တဲ့ စတော်ဘယ်ရီအနံ့လေးနဲ့ပါ"
"...ငါက အဲ့လိုအနံ့ကြိုက်တာ နင်ဘယ်လိုသိလဲ"
"အယ့်..အဲ့တာကတော့ ငါနဲ့ဇင်က တစ်ခန်းတည်းအတူနေရတာမလား။အဲ့တာကြောင့်မို့ သိတာပါ"
"အော်..."
"ဒါနဲ့..ဇင့်ဆံပင်တွေခြောက်သွားပြီလား"
"အင်း..dryerနဲ့ဆိုတော့ မြန်မြန်ခြောက်သွားတယ်"
"ဇင့်ဆံပင်တွေက နဂိုကတည်းက ဒီလိုအရောင်ဘဲလားဟင်"
"ဟုတ်တယ်။ဒါနဲ့ နင် ငါ့ကိုဆံပင်ဖြီးပေးမလား"
"ဟမ်..ဇင့်..ဆံ..ဆံပင်ကိုဖြီးပေးရမယ်?"
"ငါက ငါ့ကိုဆံပင်ဖြီးပေးရင် သဘောကျလို့မေးကြည့်တာပါ။နင်အဆင်မပြေဘူးဆိုလည်းရပါတယ်။စိတ်ထဲမထားပါနဲ့"
"မဟုတ်ပါဘူး..ငါအဆင်ပြေပါတယ်။ အဲ့ဒါဆို ငါ..ငါ ဖြီးပေးမယ်နော်"
နောက်ဆုံးတော့လည်း ဇင့်ရဲ့ ထိုအပြောတစ်ခုအောက်မှာတင် ဇင်နဲ့နီးနီးကပ်ကပ်မနေတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်လေးဟာလည်း နာရီပိုင်းနဲ့တင် လေထဲပျောက်ကွယ်သွားပါတော့တယ်။
"ဇင့်..ဆံပင်တွေက အိအိလေးနော်..ငယ်ငယ်တုန်းက ကစားခဲ့တဲ့ အရုပ်မလေးတွေရဲ့ ဆံပင်ကျနေတာဘဲ..ဖြောင့်စင်းနေတာ"
"အင်း...ဖြီးရတာနင်လက်ညောင်းနေပြီလား "
"မညောင်းပါဘူး။အမှန်အတိုင်းပြောရရင် ဇင့်ကို ဒီလိုမျိုး ဆံပင်ဖြီးပေးနေရတာကိုတောင် သဘောကျမိသေးတယ်"
"ဘာဖြစ်လို့လဲ"
"လူ့ခန္ဓာကိုယ်မှာ ဦးခေါင်းကို ထိရင် သိပ်မကြိုက်ကြတဲ့သူတွေများတယ်လေ။ တချို့ဆိုပြောကြတယ်မလား..ငါ့ဆံပင်ကိုမကိုင်နဲ့ မကြိုက်ဘူး။ငါ့ခေါင်းကိုမပုတ်နဲ့ မကြိုက်ဘူး ဆိုပြီးတော့လေ။အရမ်းအရမ်းကို ရင်းနှီးကြတဲ့သူတွေမှ ကိုယ့်ရဲ့ဆံပင်တွေ ခေါင်းတွေကိုကိုင်ခွင့်ပြုကြတာလေ။အခုလည်း ဇင်က ငါ့ကို ဒီလိုမျိုး ဆံပင်ဖြီးခိုင်းတယ်ဆိုတော့ ငါ့ကို တကယ် ရင်းရင်းနှီးနှီးခင်တယ်ဆိုတော့ သဘောပေါ့။ အဲ့တာကြောင့်မို့ သဘောကျတယ်လို့ပြောတာပါ"
"နင်က တော်တော်ထူးဆန်းတာဘဲနော်"
"ငါက ထူးဆန်းတယ်"
"အင်း..စတွေ့ကတည်းက နင်က ငါ့အတွက်တော့ လူထူးလူဆန်းတစ်ယောက်လိုဘဲ"
"ဘယ်လိုထူးဆန်းတာကိုပြောတာလဲ ဇင်ရဲ့...ငါ သေချာနားမလည်ဘူး"
"အွန်....ငါလည်း နင့်ကိုမရှင်းပြတတ်ဘူး။အိမ်အောက်ထပ်မှာ ဘဲလ်သံကြားသလိုဘဲ။မနေ့က လာပို့တဲ့ ပစ္စည်းတွေလာယူတာထင်တယ်"
"ဟင်..အင်း..ငါဆင်းပြီးသွားပေးလိုက်ဦးမယ်နော်"
နွေးနေခြည်အခန်းထဲကထွက်သွားတော့ ၀င့်ဖူးသဇင်လည်း သူမဆံပင်တွေကို ခပ်မြင့်မြင့်စုစည်းလိုက်ပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။
"ငါ ကူပေးရဦးမလား"
"ရပါတယ်ဇင်ရဲ့...ပြီးပါပြီ။အဲ့အမတွေက ပို့ထားတဲ့ပစ္စည်းလာယူယုံဘဲ။"
"အင်း..."
"ဇင် ဗိုက်ဆာပြီလား?ခဏလေးနော် ငါဇင့်အတွက် မုန့်နဲ့ကော်ဖီပြင်ပေးမယ်"
"နင့်မွေးနေ့က ဘယ်တော့လဲ"
"ငါ့မွေးနေ့က ၁၂ရက်နေ့ ၇လပိုင်းလေ..ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး...ဒီအတိုင်းသိချင်လို့မေးကြည့်တာ"
"အင်း..ဇင့်မွေးနေ့က ၉လပိုင်း၃ရက်နေ့မလား"
"ဟုတ်တယ်..."
"ဒါဆို ငါက ဇင့်ထက် ၂လလောက်အသက်ကြီးတာဆိုတော့ အမပေါ့နော်"
"၂လလေးဘဲကြီးတာကို ပြီးတော့ ငါတို့က စတုတ္ထနှစ်ချင်းအတူတူဘဲမလား"
"ဟုတ်ပါပြီရှင်...ကဲ..မနက်စာရပါပြီ။ငါဖျော်ထားတဲ့ ကော်ဖီလေးသောက်ကြည့်ပါဦး..ဇင် ကြိုက်ရဲ့လားလို့"
"အင်း"
"ဘယ်လိုလဲ...သောက်ရတာအဆင်ပြေလား"
"အင်း,,,ပြေတယ်။နင်လည်းအတူတူစားလေ..."
"စားမှာပါရှင်"
မနက်စာကို နှစ်ယောက်အတူတူ စားပြီးတဲ့နောက်မှာတော့ ခြံ၀န်းထဲမှာ ခဏလောက် လမ်းလျှောက်ဖို့ အိမ်ထဲကနေအပြင်ကိုထွက်လာကြတယ်။
"နင်တို့အိမ်က ပန်းတွေတော်တော်စိုက်ထားတာဘဲနော်"
"ဟုတ်တယ်။မေမေက ပန်းတွေစိုက်ရတာ ၀ါသနာပါတယ်လေ။
ဒါနဲ့လေ ဇင့်ကို ငါ တစ်ခုလောက်မေးလို့ရမလား"
"အင်း..မေးလေ"
"ဟို,,,ငါ့ကိုလေ ဘာလို့ တခြားသူတွေလို နာမည်နဲ့မခေါ်တာလဲဟင်"
"နာမည်နဲ့?"
"ငါပြောချင်တာက ဒီလိုပါ။ ပြည့်ဆိုရင်လည်း ငါ့ကို နေခြည်ဆိုပြီး ခေါ်တယ်မလား။ဒါပေမယ့် ဇင်ကကျတော့ ငါ့ကို တစ်ခါမှ အဲ့လိုမျိုး မခေါ်ဖူးဘူးလေ။အဲ့တာကြောင့်မို့မေးကြည့်တာပါ"
"ငါ နင့်ကိုဘယ်လိုခေါ်ရမှန်းမသိဘူး။"
"အော်..အင်းပါ။ငါခုနကပြောတာကို ဇင် စိတ်ထဲမထားနဲ့နော်။ငါက ဘာရယ်မဟုတ်ဘူး။ ဒီအတိုင်းမေးကြည့်တာမိုလို့"
"အွန်း"
ထိုနေ့က မေးခဲ့တဲ့ ကျွန်မရဲ့ မေးခွန်းကိုပြန်ရုပ်သိမ်းလို့ရရင် ကောင်းမယ်လို့ အခုချိန်မှာကျွန်မတွေးနေမိတယ်။
ဘာလို့လည်းဆိုတော့ အဲ့အချိန်ကတည်းကနေ အခု အဆောင်ကိုပြန်လာတဲ့လမ်းတစ်လျှောက်လုံး ကျွန်မကို စကားသိပ်မပြောတော့ဘဲ တစ်နေရာရာကိုသာစူးစိုက်ကြည့်ရင်းငေးနေတဲ့ ဇင့် ကြောင့်ပါ။
"ဇင်..."
"ငါစဥ်းစားလို့ရသွားပြီ"
"ဟင်,,,ဘာ..ဘာကိုစဥ်းစားလို့ရတာလဲ?"
"နွေး,,,"
"ဟမ်.."
"နွေး,,, ငါ နင့်ကို ဒီနေ့ကစပြီး အဲ့လိုဘဲခေါ်တော့မယ်"
*ဇင်က ကျွန်မကို ဒီနေ့ကစပြီး နွေး လို့ဘဲခေါ်တော့မယ်တဲ့။
ဒါဆိုတကယ်ဘဲ ဇင်က မနေ့က ကျွန်မ ပြောခဲ့တဲ့စကားတွေကို သေချာစဥ်းစားရင်း ဘယ်လိုခေါ်ရမလဲဆိုတာ တွေးနေခဲ့တာဘဲ။
"ငါအခု ပြောတဲ့နွေးဆိုတဲ့နာမ်စားက နင့်နာမည်ရဲ့အစကစာလုံးကိုခေါ်တာသက်သက်ဘဲလို့ နင်ထင်တယ်မလား"
"ထင်တယ်လေ,,,ဘာဖြစ်လို့လဲ...ဇင်က အဲ့လိုအဓိပ္ပာယ်နဲ့ ခေါ်တာမဟုတ်ဘူးလား"
ကျွန်မပြောတာကို ခေါင်းလေးခါကာ မဟုတ်ဘူးဆိုပြီးပြောလာတဲ့ဇင်။
ကျွန်မသိချင်လိုက်တာ...ဇင်က ဘယ်လိုအဓိပ္ပာယ်နဲ့ကျွန်မကို အဲ့လိုခေါ်တာဖြစ်မလဲ?
"လူသားတွေကို အလင်းဓာတ်နဲ့ အနွေးဓာတ်ပေးနေတဲ့ အရာက ဘာဖြစ်မလဲ?"
"အလင်းဓာတ်နဲ့ အနွေးဓာတ်ဆိုရင် နေကိုပြောတာလား"
"အင်း..အဲ့လိုဘဲ နင်ကလည်း နေမင်းကြီးလိုမျိုး နင့်ဘေးနားမှာရှိတဲ့ သူငယ်ချင်းနဲ့မိတ်ဆွေတွေအားလုံးကို ဖော်ရွေတဲ့အပြုံးတွေနဲ့ နွေးထွေးတဲ့ဂရုစိုက်မှုကိုပေးနေတဲ့သူလေ။ပြီးတော့ ငါ့လို ပေါင်းသင်းဆက်ဆံရေးညံ့တဲ့သူအပေါ်မှာတောင်မေတ္တာမပျက်ဘဲ အမြဲဂရုစိုက်ပေးနေတာမလား။ အဲ့တာကြောင့်မို့ နင့်ကို ငါ "နွေး" လို့ခေါ်တာ"
စကားလုံးတစ်လုံးချင်းကို နူးညံ့သိမ်မွေ့စွာပြောနေသည့် ဇင့်ရဲ့ မျက်၀န်းတို့က လေးနက်တဲ့ အသွင်ဖြင့် တောက်ပနေ၏။
ကျွန်မကတော့ ကားစတီယာရင်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း ရင်ထဲကနေလှိုက်တက် လာသည့် ကြည်နူးမှုကြောင့် မငိုမိအောင် ထိန်းထားမိပါတယ်။
လူအများစုက လူတစ်ယောက်မျက်ရည်ကျတာကိုမြင်ရင် အဲ့ဒီလူက ၀မ်းနည်းနေလို့ ငိုနေတာ ဘဲလို့လွယ်လွယ်တွေးသွားတတ်ကြပါတယ်။
ဒါပေမယ့် မျက်ရည်ဆိုတာက ၀မ်းနည်းလို့လည်း ကျတတ်သလို ပျော်ရွှင်မှုကြောင့်လည်း ကျတတ်သည်မဟုတ်ပါလား?။
အဲ့လိုဘဲ အခုအချိန်မှာ ဇင် မမြင်အောင် ထိန်းချုပ်ထားတဲ့ကြားက ကျလာတဲ့ မျက်ရည်စတချို့ကလည်း နာကျင်၀မ်းနည်းမှုကြောင့်မဟုတ်ဘဲ ကြည်နူးပျော်ရွှင်မှုကြောင့်သာဖြစ်တယ်ဆိုတာကိုတော့ ကျွန်မကိုယ်တိုင်သာ နားလည်နိုင်ပါတော့တယ်။