၁ လ...
ဒီ ၁လဆိုတဲ့အချိန်ကာလတိုလေးအတွင်းမှာ ၀င့်ဖူးသဇင်ဆိုတဲ့ အေးတိအေးစက်ကျွန်မလိုလူတစ်ယောက်အတွက် တက္ကသိုလ်မှာပထမဦးဆုံးခင်မင်ခွင့်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိလို့လာပါတယ်။
သူ့နာမည်ကတော့ နွေးနေခြည်တဲ့။
ဟုတ်ပါတယ်...သူက နာမည်နဲ့လိုက်အောင် နွေးထွေးတဲ့စိတ်နှလုံးပိုင်ရှင်တစ်ယောက်ပါ။
အမြဲတမ်းရွှင်ပျနေတတ်တဲ့မျက်နှာထားနဲ့လိုက်အောင် သူက လူတိုင်းပေါ်မှာလည်း တကယ်ကို ကောင်းတဲ့သူတစ်ယောက်ပါ။
ကျွန်မလို လူမှုဆက်ဆံရေးမှာအားနည်းပြီး တစ်ခွန်းမေး တစ်ခွန်းဖြေလောက်သာ လုပ်တတ်တဲ့ လူအပေါ်မှာတောင် သူ့ရဲ့အပြုံးတွေနဲ့နွေးထွေးတဲ့ဂရုစိုက်မှုတွေကို ပေးတတ်ပါသေးတယ်။
တခါတလေကျတော့လည်း ကျွန်မ သူ့ကို အားကျမိတယ်။
ဘာလို့လည်းဆိုတော့ ကျွန်မလည်း သူလို့ လန်းဆန်းတက်ကြွပြီး အပူအပင်မရှိတဲ့ မိန်းကလေးတစ်ယောက်လိုနေချင်တယ်လေ။
ဒါပေမယ့် မနေနိုင်တဲ့ အကြောင်းပြချက်တွေက ကျွန်မဆီမှာရှိနေတာဆိုတော့လည်း....
ထားပါ...အတိတ်ကအကြောင်းအရာတွေက ပြောတိုင်းကောင်းတဲ့အရာတွေမှမဟုတ်တာ။
အော်....ကျွန်မရဲ့ ပထမဦးဆုံးသူငယ်ချင်းက နွေးနေခြည်ဆိုလို့ ကျွန်မမှာ နောက်ထပ်သူငယ်ချင်း မရှိတော့ဘူးလို့တော့ မထင်ပါနဲ့နော်။
ကျွန်မမှာ ပြည့်သိင်္ဂီဆိုတဲ့သူငယ်ချင်းတစ်ယောက်လည်းရှိပါသေးတယ်။
သူကတော့ နွေးနေခြည်ရဲ့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းလည်းဖြစ် တက္ကသိုလ်မှာ ကျွန်မရဲ့ ဒုတိယမြောက်သူငယ်ချင်းကြီးလည်းဖြစ်ပေါ့လေ။
သူက အင်းနဲ့ ဗမာ စပ်ထားတဲ့တိုင်းရင်းသူလေးဆိုတော့ အသားအရေလည်းအတော်ကိုလှတဲ့ အပြင် ဆံပင်ဂုတ်၀ဲလေးနဲ့ ချစ်ဖို့လည်းကောင်းပါတယ်။
ပြောရရင် ကျွန်မရဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ နွေးနေခြည်နဲ့ ပြည့်သိင်္ဂီတို့နှစ်ယောက်လုံးက တကယ့်ကိုချစ်ဖို့ကောင်းကြတဲ့သူတွေကြီးပါဘဲ။
ဘာဘဲပြောပြော အထီးကျန်မှုတွေနဲ့ ပြည့်နေတဲ့ ကျွန်မရဲ့ အချိန်တွေဟာ သူတို့နှစ်ယောက်နဲ့ အတူရှိနေရင်တော့ အထီးကျန်မှုတွေဟာ အနဲငယ်ပျောက်သွားသလိုပါဘဲ။
ဒါပေမယ့် တကယ်တမ်း တိတိကျကျပြောရရင်တော့ နွေးနေခြည်နဲ့ နှစ်ယောက်အတူတူရှိ နေချိန်ဆိုရင် ကျွန်မရဲ့အထီးကျန်တဲ့ခံစားချက်တွေက ခဏတာလောက်ပိုပျောက်ကွယ်သွားသလိုပါဘဲ။
ဒါကလည်း ကျွန်မစိတ်ထင်နေလို့လားတော့မသိပေမယ့်
တက္ကသိုလ်မှာ ကျွန်မအတွက် ပထမဦးဆုံးသူငယ်ချင်းလည်းဖြစ် အဆောင်တူအခန်းဖော်ချင်းလည်းဖြစ်တဲ့ နွေးနေခြည်နဲ့ ပိုအနေနီးနေလို့များ ကျွန်မအဲ့လို ခံစားရတာဘဲဖြစ်မယ်လို့လည်း ကျွန်မတွေးမိပါတယ်။
.
.
ငယ်ငယ်ကတည်းက သွားအတူ စားအတူဖြစ်နေကြတဲ့ နွေးနေခြည်နဲ့ ပြည့်သိင်္ဂီတို့ဟာ နေ့လည်အတန်းချိန်စောစောဆင်းတဲ့အခါမှာလည်း နှစ်ယောက်အတူ ကန်တင်းကိုထွက်လာကြပါတယ်။
"ဟဲ့..နေခြည်...ငါတို့ အချောလေးကိုပါ ၀င်ခေါ်ကြမလား။ အတန်းပြီးပြီလားသိရအောင် ဖုန်းဆက်မေးကြည့်လိုက်ဦး"
"အေး..ငါမေးကြည့်လိုက်မယ်"
ပြည့်သိင်္ဂီကတော့ ၀င့်ဖူးသဇင်နဲ့ခင်မင်လာတာ တစ်လပင်ရှိလာပေမယ့် စတွေ့တဲ့အချိန်ကလိုပင် အခုထိ အချောလေးလို့ဘဲ ခေါ်လာစမြဲပါ။
'ဇင်' လို့လား?
အမလေး....'ဇင်' ဆိုတဲ့ စကားလုံးမပြောနဲ့ 'ဇ..' အသံလေးထွက်ရင်တောင် အကြောင်းမဲ့ မကျေနပ်တဲ့အကြည့်တွေ အကြည့်ခံနေရလွန်းလို့ အဲ့စကားကို ဒီကအပြည့်လေးက ယောင်လို့တောင် မထွက်ရဲ ပါဘူးရှင်။
ဘယ်သူကအဲ့လိုကြည့်တာလဲဆိုတာတော့ ငါမပြောလည်း မင်းတို့သိတယ်ဟုတ်။
"ငပြည့်...'ဇင်'က နောက်ဆယ့်ငါးမိနစ်လောက်နေမှ ပြီးမှာတဲ့။အတန်းပြီးရင် ကန်တင်းကို လာခဲ့မယ်ပြောတယ်"
"ဟုတ်လား...အဲ့ဒါဆို ငါတို့ဘာစားကြမလဲ"
"ချဥ်စပ်ထမင်းကြော်လား...."
"ဟွင်း...ထမင်းကြော်တွေချည်းဘဲ နေ့တိုင်းစားရတာ ငြီးငွေ့လာပြီ။ တခြားအစားအစာတွေပြောင်းစားရအောင် ဥပမာကွာ ဟင်းထုတ်တို့ဘာတို့ပေါ့"
"ဟုတ်ပါပြီ အင်းသမရယ်....ဟင်းထုတ်စားချင်တာများ လမ်းကြောင်းရှာနေရသေးတယ်။စားချင်ရင်စားချင်တယ်ပြောပေါ့။အဲ့လိုနင်ေ၀့လည် ကြောင်ပတ်လုပ်လို့လည်း ရည်းစားသုံးယောက်ကနေ တစ်ယောက်လျော့သွားတာ"
"အမလေးတော်...အဲ့တစ်ယောက်ကို ငါ့ဘက်က အရင်ဖြတ်လိုက်တာပါနော်...ပြီးတော့ ရည်းစားတစ်ယောက်လေး လျော့သွားတာ ငါ့အတွက်တော့ ခံစားဖို့မပြောနဲ့ မျက်ရည်တစ်စက်တောင်မကျဘူး...အက်ဖ်အေတွေပေါနေတဲ့ ဒီလိုခေတ်ကြီးမှာ ငါ့မှာက ရည်းစားတွေတစ်ယောက်မက ရှိနေတာဆိုတော့ သူတို့နဲ့ပြတ်သွားလည်း ငါ့အတွက်တော့ အေးဆေးဘဲ ..အိုင် ဒုန့် ကဲ"
"အေး...နင်ချစ်တဲ့သူမတွေ့သေးသရွေ့တော့ အဲ့စကားကို ပြောထားပေါ့...နောက်မှ တခြားစကား မပြောနဲ့"
"အံမယ်...ငါ့လို အာအက်စ်ကိုများ နင့်လို အက်ဖ်အေမက ချစ်တဲ့သူတွေဘာတွေဆိုတဲ့စကားပြောနေတယ်ပေါ့..ဟားဟား...ပြောစမ်းပါဦး နင်က ဘယ်သူ့ကို ကြွေနေတာလဲ"
"ဘယ်သူ့ကိုကြွေကြွေ နင့်လို အခွံဘဲရှိပြီး အထဲမှာဘာမှမရှိတဲ့ ခရုခွံအဆံချောင်လို အာအက်စ်မကို ပြောပြစရာအကြောင်းကိုမရှိဘူး..အိုခေ"
"ဘာ...ခရုခွံအဆံချောင်?"
"တော် တန် တိတ်....ကန်တင်းကိုရောက်နေပြီ။ အိဒ္ဓြေရရနေ..ခုန်ဆွ ခုန်ဆွလုပ်မနေနဲ့"
"နင်နော်...နင် ...ဟူးစ်....ငါစိတ်တိုလာပြီ မဖြစ်ဘူး ကန်တင်းမှာက လူတွေအများကြီးဘဲ...စိတ်လျော့မှရမယ်"
အသက်ကို၀၀ရှူရင်းစိတ်တွေကို ဖြေလျော့နေတဲ့ ပြည့်သိင်္ဂီ။
ဒါပေမယ့်လည်း သူ့ကို ခရုခွံအဆံချောင်ဆိုပြီး လှောင်ပြောပြောသွားတဲ့ နွေးနေခြည်ကို တစ်ချက်လောက် ခပ်နာနာရိုက်ချင်စိတ်ကတော့ တဖွားဖွားဖြစ်နေပါတယ်။
*ဟွန့်...ဖော်လော်မော် မသူတော်မကြီး ငါ့ရဲ့အချစ်ရေးကိုများပြောသွားတာ ခရုခွံအဆံချောင် ဆိုဘဲ ...သူကျတော့ ရည်းစားလေးတစ်ယောက်တောင် အဖြစ်ရှိအောင် တွဲနိုင်တဲ့သူလည်းမဟုတ်ဘဲနဲ့များ....ကြီးကြီးကျယ်ကျယ်လာပြောနေသေးတယ်
....ပြီးတော့ ငါ့ရဲ့ relationship ကတကယ်ဘဲ ခရုခွံအဆံချောင်လို ဖြစ်နေလို့လား...လုံး၀မဖြစ်နိုင်တာ!!!
"ဦးလေး...လက်ဖက်ထမင်းတစ်ပွဲနဲ့ ဟင်းထုတ်နှစ်ပွဲပေးပါ။တစ်ပွဲက ကြက်သွန်မြိတ်တွေမထည့်နဲ့နော်"
"ဟဲ့...နေခြည်မ...ငါကြက်သွန်မြိတ် ကြိုက်တယ်လေ"
"အေး ..ငါသိတယ်လေ"
"ဟာ..အဲ့ဒါဆို တစ်ပွဲကို ဘာလို့ ကြက်သွန်မြိတ်မထည့်ခိုင်းတာလဲ...ဘာလဲ နင်က နေ့ချင်းညချင်းကြီး ကြက်သွန်မြိတ်နဲ့ရန်ဖြစ်လိုက်လို့လား?"
"မဟုတ်ပါဘူး...အဲ့တစ်ပွဲက 'ဇင့်'အတွက်မှာတာလေ။ပြီးတော့ 'ဇင်' က ကြက်သွန်မြိတ်တွေမစားလို့ မထည့်ခိုင်းတာ"
"အော်...အဲ့ဒီလိုလား...ဒါနဲ့ နေပါဦး နင်က အချောလေး ဘာကြိုက်တယ် မကြိုက်ဘူးဆိုတာတောင် သိနေတယ်ပေါ့ ဟုတ်လား"
"အနဲအကျဥ်းလောက်တော့သိပါတယ်။'ဇင်' က ကြက်သွန်မြိတ်တို့ နံနံပင်တို့တွေပါရင် မစားဘူး။ပြီးတော့ အရမ်းစပ်တဲ့အစားအစာတွေဆိုရင်လည်းမစားဘူး။တကယ်လို့ စားရင်လည်း တစ်ညလုံး ဗိုက်အောင့်နေတာ။ဒါပေမယ့် 'ဇင်' က အချဥ်တော့တော်တော်ကြိုက်တယ်။ နောက်ပြီး ဗိုက်လည်းခဏခဏဆာတတ်တယ်။မနက်ခင်းမိုးလင်းအိပ်ရာထတာနဲ့ ဗိုက်လေးကို ပွတ်ပြီး ဗိုက်ဆာလို့ဆိုပြီး ပြောနေတာ။ဟီ'ဟီ'..အဲ့လိုအချိန်ဆိုရင် ဇင်က အရမ်းချစ်ဖို့ကောင်း တာသိလား?ပြီးတော့လေ ရှိသေးတယ်.....ဇင်က ပဲနို့လည်းအရမ်းကြိုက်တယ်။ ကုတင်ဘေးမှာဆို ပဲနို့ကပ်တွေကိုအများကြီးဘဲ"
လက်ညိုးလေးတစ်ထောင်ထောင်နဲ့ 'ဇင်'က ဘာကြိုက်တယ် ၊ 'ဇင်' က ဘာမကြိုက်ဘူး ဆိုပြီး ပြောပြနေတဲ့ နွေးနေခြည်ကို သူငယ်ချင်းဖြစ်သူ ပြည့်သိင်္ဂီကတော့ ပါးစပ်ဟောင်းလောင်းဖြင့် တအံ့တသြဖြစ်နေပါသည်။
"နင်ပြောတဲ့ အနဲအကျဥ်းဆိုတာ ဒီလောက်ဘဲလား နေခြည်?"
"အင်း...'ဇင်' က နဂိုကတည်းက အနေအေးတဲ့သူဆိုတော့ 'ဇင်' ဘာကြိုက်လည်းဆိုတာ သိဖို့ တော်တော်ခက်တယ်ဟ။ဒါတောင် ငါမသိတာတွေအများကြီးရှိသေးတယ်"
*အလို....ဒီနွေးနေခြည်မဟာ သူအရင်ကသိခဲ့တဲ့ နွေးနေခြည်ရောဟုတ်ရဲ့လား။
ထူးဆန်းပါဘိ..ထူးဆန်းပါဘိ...တကယ်ကိုထူးဆန်းပါဘိ။
ဒီလောက်အချိန်ကြာကြာကြီး ပေါင်းခဲ့တဲ့ သူ့ရဲ့အကြိုက်ကိုတောင် ဒီလောက်စုံစိနေအောင် သိမှာမဟုတ်ဘူး။
အခုတော့ တစ်လလောက်ဘဲ သိသေးတဲ့ ကောင်မလေးရဲ့ အကြိုက်တွေ ကိုတော်တော်များများ သိနေလို့ပါလား။
ကြည့်ရတာ အချောလေးကို နေခြည်အရမ်း ခင်မိသွားပြီနေပါရဲ့။
အတန်းပြီးပြီးချင်း ကန်တင်းကိုထွက်လာတဲ့ ၀င့်ဖူးသဇင်တစ်ယောက် နွေးနေခြည်တို့ကို ရှာရင်း ယောင်လည်လည်ဖြစ်နေစဥ် သူရင်းနှီးနေကျအသံတစ်သံကိုကြားလိုက်ရ၏။
"ဇင်...ငါတို့ ဒီမှာ"
အင်း...မင်းတို့ထင်သလိုဘဲ သူကတော့ ငါ့ရဲ့အခန်းဖော်ကြီး နွေးနေခြည်ရဲ့ အသံပါ။
သူတို့ထိုင်နေတဲ့၀ိုင်းကိုမြင်အောင် လက်ပြရင်း လှမ်းအော်ပြောနေတဲ့ နွေးနေခြည်ကြောင့် ၀င့်ဖူးသဇင်လည်း နွေးနေခြည်တို့ရှိရာ၀ိုင်းဆီ သွားလိုက်၏။
"ဇင်...ငါ နင့်အတွက် ဟင်းထုတ်တစ်ပွဲ ကြိုမှာထားပေးတယ်နော်"
"အင်း...ကျေးဇူးဘဲ"
"အချောလေးက ကြက်သွန်မြိတ်တွေမကြိုက်တတ်လို့ ကြက်သွန်မြိတ်တွေမထည့်ခိုင်းထားဘူး ဆိုတာပါ ထည့်ပြောလိုက်လေ နေခြည်"
"ဟာ...ငပြည့်ကလည်း ဘာလို့ အဲ့တာတွေပြောနေတာလဲ"
ထိုသို့ပြောရင်း မျက်နှာပူစွာဖြင့် ဇင့်ကို နွေးနေခြည် ခိုးကြည့်မိ၏။
ဇင်ကတော့ ဘာမှမကြားလိုက်တဲ့လူလိုပင် ဇွန်းကိုလက်မှာကိုင်ရင်း ပန်းကန်ထဲက ဟင်းထုတ်တွေကို စားနေပါသည်။
*ကြည့်ရတာ ဇင် အရမ်း ဗိုက်ဆာနေလို့များလား။
အဟီး....စားနေတဲ့ အချိန် ဖောင်းသွားတဲ့ပါးလေးတွေကအစ သွေးကြောလေးတွေထင်းနေတာဘဲ။ ချစ်ဖို့ကောင်းလိုက်တာ ...ဇင် ရယ်...
ကိုယ့်အာရုံနဲ့ကို နွေးနေခြည် နစ်မြောနေတဲ့အချိန်မှာ
ပြည့်သိင်္ဂီကတော့ ဟင်းထုတ်စားနေတဲ့ အချောလေးကို ခဏခဏ ခိုးကြည့်နေတဲ့ နွေးနေခြည်ကို သတိထားမိတဲ့အတွက် လည်ချောင်းတစ်ချက်ဟန့်ရင်း
"နေခြည်.....နင့်လက်ဖက်ထမင်းကိုလည်း အာရုံစိုက်ဦးနော်။ ဟိုက လူဆိုရင် မှာတုန်းက မှာထားပြီး သူ့ကိုအာရုံ မစိုက်ဘဲ တခြားကိုအာရုံစိုက်နေလို့ဆိုပြီး ငိုယိုနေတော့မှာ"
"ဟမ်...မဟုတ်ပါဘူး...ငါအာရုံစိုက်ပါတယ်။ ဒီမှာလေ ငါစားတာ တစ်၀က်တောင် ကျိုးနေပြီ"
ပန်းကန်ထဲက ထမင်းက သုံးပုံတစ်ပုံတောင်မကုန်သေးဘဲနဲ့ မလိမ်တတ်ဘဲ လိမ်နေတဲ့ နွေးနေခြည်ရဲ့ပုံစံက ပြည့်သိင်္ဂီရဲ့စိတ်ထဲမှာတော့ တစ်ခုခုကို မသက်ာဖြစ်စေမိသည်။
သို့သော် အလိုက်ကန်းဆိုးမသိ ဒီအချိန်မှ ဖုန်းဆက်လာတဲ့ ပြည့်သိင်္ဂီရဲ့ ရည်းစားလေး ဇွဲထက် ကြောင့်
"နေခြည်...ငါ.. ဇွဲနဲ့ခဏသွားတွေ့လိုက်ဦးမယ်၊ဒါနဲ့ တစ်နာရီလေးဆယ့်ငါးမှ အတန်းပြန်စမှာမလား"
"ဟုတ်တယ်လေ..."
"အေး..အဲ့ဒါဆို နင်စားပြီးရင် အတန်းထဲကိုသွားလိုက်တော့နော်...ငါ့ကိုမစောင့်နဲ့တော့"
"အေးပါ...ငါသိပါတယ်"
"အဲ့ဆို ငါသွားလိုက်ဦးမယ်....သွားဦးမယ်နော်...အချောလေး...တာ့တာ"
"အွမ်း တာ့တာ"
ကပျာကယာနဲ့ ထွက်သွားတဲ့ ပြည့်သိင်္ဂီကြောင့် နွေးနေခြည်တို့ ၀ိုင်းမှာတော့ နွေးနေခြည်နဲ့ ၀င့်ဖူးသဇင်တို့နှစ်ယောက်သာကျန်ခဲ့တော့၏။
"ဇင်...ဘာစားဦးမလဲ...မ၀သေးရင် ထပ်မှာလေ"
"ဟင့်အင်း....ငါ၀ပြီ..မမှာတော့ဘူး"
"အင်း...ဒါနဲ့လေ ငါ ဒီတစ်ပတ် ပိတ်ရက်ကို အိမ်ခဏပြန်ဖြစ်မယ်ထင်တယ်။ဆောင်းတွင်းလည်းရောက်တော့မှာဆိုတော့ ငါအနွေးထည်တွေ မယူခဲ့လို့ သွားပြန်ယူမလို့လေ"
"အိမ်က တောင်ကြီးမှာဘဲမလား"
"ဟုတ်တယ်။ ဘာဖြစ်လို့လဲ...ဇင်က တောင်ကြီးသွားမလို့လား"
"မဟုတ်ပါဘူး...မေးကြည့်တာပါ"
"အော်.....ဇင်ကရော အိမ်ကိုခဏလောက်ဖြစ်ဖြစ် မပြန်ဘူးလားဟင်"
"တစ်လတစ်ခါလောက် ဖေဖေတို့လာတွေ့မှာဆိုတော့ မပြန်ဖြစ်တော့ပါဘူး"
"အင်း...ဇင့်မိဘတွေက အလုပ်အရမ်းများတဲ့သူတွေထင်တယ်နော်"
"ဟုတ်တယ်။ ဘိုးဘွားစဥ်ဆက်ကတည်းက လုပ်လာတဲ့ ကျောက်မျက်လုပ်ငန်းတွေထဲက တစ်ခုကိုအဘွားကငါ့မိဘတွေကိုအမွေပေးထားတာဆိုတော့ သူတို့ တွေက ဆိုင်မှာဘဲ အချိန်ကုန်နေကြတာ"
"ဒါဆို ဇင်က ဘွဲ့ရပြီးသွားရင် အဲ့လုပ်ငန်းကိုဦးစီးရမှာလား?"
"အဲ့လိုဘဲဖြစ်မယ်ထင်တယ်....နင့်မိဘတွေကရော...ဘာအလုပ်လုပ်ကြတာလဲ?"
"ငါ့မိဘတွေကတော့ တောင်ကြီး မြို့မစျေးထဲမှာ ပိုးထည်တိုက် ဖွင့်ထားတယ်။ဇင့်မိဘတွေနဲ့ အတူတူပါဘဲ။ သူတို့ကလည်း အမြဲလိုလို ဆိုင်မှာဘဲအချိန်ကုန်နေကြတာလေ"
"အင်း...နင်က တစ်ဦးတည်းသောသမီးလား"
"ဟုတ်တယ်။ ဇင် ရော တစ်ဦးတည်းသောသမီးဘဲမလား"
"အွမ်း"
"ဟိုလေ...ဒီတစ်ပတ် အိမ်ပြန်ရင် ဇင် ငါ့အိမ်ကိုလိုက်ခဲ့မလားဟင်။"
"နင့်အိမ်ကို??"
"ငါပြောချင်တာက ဒီလိုပါ....တကယ်လို့ ငါအိမ်ပြန်ရင် အဆောင်မှာ ဇင်တစ်ယောက်တည်း ဖြစ်နေမှာမလား။အဲ့တာကြောင့်မို့ ဇင်လည်း အဆောင်မှာတစ်ယောက်တည်းမပျင်းရအောင် ငါ့အိမ်ကို လိုက်ခဲ့မလားလို့ မေးတာပါ"
"တစ်ယောက်တည်းနေရတာတော့ ငါ့အတွက် အသားကျနေပါပြီ။ ဒါပေမယ့် ငါ အခုချိန်ထိ ဘယ်သူ့အိမ်မှာမှ ဆယ့်ငါးမိနစ်ထက်ပိုအောင် မနေဖူးဘူး"
"အင်းပါ....ဇင် မလိုက်ချင်ဘူးဆိုလည်း ရပါတယ်"
ရပါတယ်လို့သာ ပြောလိုက်ပေမယ့် ဘာကြောင့်မှန်းမသိ ကျွန်မအိမ်ကို ဇင်လိုက်လည်စေချင်မိ သည်။
ဒါပေမယ့်လည်း ဇင့်ဘက်က အဆင်မပြေဘူးဆိုတော့ ကျွန်မ အတင်းအကြပ်ကြီး မတောင်းဆိုချင်ဘူးလေ။
တကယ်တော့ ဇင့်ကို အဆောင်မှာတစ်ယောက်တည်းမပျင်းရအောင် အိမ်ကို လိုက်ခဲ့စေချင်တာထက် ဇင်နဲ့ နှစ်ယောက်အတူရှိချင်လို့သာ ကျွန်မအိမ်ကို လိုက်ဖို့ ခေါ်မိတာကိုတော့ ကျွန်မကိုကျွန်မသာ သိပါတယ်။
"ငါ...အဖေ့ကိုပြောကြည့်လိုက်မယ်"
"ဟင်?"
"အဖေ့ကိုပြောကြည့်လို့ရရင် ငါလိုက်ခဲ့မယ်လေ"
"တကယ်...? အဲ့ဒါဆို ဇင်က ငါ့အိမ်ကို တကယ်လိုက်မှာပေါ့နော်"
"အင်း...ပြောကြည့်လို့ အဖေခွင့်ပြုရင်ပေါ့"
၀င့်ဖူးသဇင် သေချာပြန်စဥ်းစားကြည့်လိုက်တော့ သူငယ်ချင်းတွေကြားထဲမှာ တစ်ယောက်အိမ် တစ်ယောက်လိုက်လည်တာဟာ သာမာန်လုပ်ရိုးလုပ်စဥ် ကိစ္စတစ်ခုဘဲလို့တွေးမိပါတယ်။
နွေးနေခြည်ဆိုတာကလည်း သူ့အတွက် အခုအချိန်မှာသူငယ်ချင်းတစ်ယောက်ဖြစ်နေပြီဆို တော့ သူ့သူငယ်ချင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရမယ်မလား။
သူ့ဘက်က အမြဲတစေ အေးစက်စက်ဆက်ဆံနေပေမယ့် နွေးနေခြည်ကတော့ ဂရုစိုက်မှုတွေကိုဘဲ သူ့ကိုပေးခဲ့တာဆိုတော့ နွေးနေခြည်ကို သူ့ကြောင့် စိတ်မကောင်းဖြစ်အောင် သူမလုပ်သင့်ဘူးလေ။
ဒါ့ကြောင့်မလို့ သူမလိုက်ဘဲ အဆောင်မှာနေခဲ့မယ်လို့တွေးခဲ့တဲ့အတွေးကိုပြန်ပြောင်းခဲ့တာပေါ့။
"ဇင်...ဒီမှာ ပီကေ"
"ဟင်..."
"တစ်ခုခုစားပြီးရင် ဇင်က အမြဲတမ်း ပီကေ စားနေကျမလား"
"အင်း...."
"အင့်....ဒါ ဇင့်အတွက်...ခုနက ဇင် ပီကေရှာနေတာတွေ့လို့....ငါ့မှာ တစ်ခုရှိနေတာနဲ့ အတော်ဖြစ်သွားတယ်"
"အွမ်း...ကျေးဇူး"
"ရပါတယ်...ဒီလောက်ကတော့.."
ဒါနဲ့လေ...ဇင် ညနေအတန်းဘယ်ချိန်ပြီးမှာလဲ"
"အတန်းကပြီးသွားပြီ။ အခုစားပြီး အဆောင်ပြန်တော့မှာ"
"ဟုတ်လား။ ဇင်တစ်ယောက်တည်းအဆောင်ပြန်ရမှာ အဆင်ပြေပါ့မလား...ငါလိုက်ပို့ပေးမယ်လေ"
"ငါ အဆင်ပြေပါတယ်။ အဆောင်နဲ့ကျောင်းက သိပ်မှမေ၀းတာ...ခဏလမ်းလျှောက်ရင် ရပါ တယ်"
"အင်း တစ်ခုခုဖြစ်ရင် ငါ့ကိုချက်ချင်းဖုန်းဆက်လိုက်နော်..."
"အင်းပါ....ဒါဆို ငါသွားတော့မယ်"
"ကောင်းကောင်းသွားဦး...ဇင်
လမ်းမှာ တချို့ကောင်တွေ ရိသဲ့သဲ့လုပ်ရင်လည်း အာရုံစိုက်မနေနဲ့... အတန်းက တစ်နာရီလေးဆယ့်ငါးမှစမှာဆိုတော့ ဇင်ပျင်းရင် ငါ့ဆီဖုန်းဆက်လို့ရတယ်နော်။ ပြီးတော့ အဆောင်ပြန်ရောက်ရင် ငါ့ကို မက်ဆေ့ခ်ျလေးပို့ပေးဦး အဲ့တာမှ အဆောင်ကို ဇင် ကောင်းကောင်းမွန်မွန် ပြန်ရောက်လား မရောက်ဘူးလားဆိုတာ သိရမှာ"
အသက်နှစ်ဆယ်အရွယ်မိန်းမငယ်တစ်ယောက်ကို ဆယ့်ငါးမိနစ်လောက်တောင် မလျှောက်ရမယ့် အဆောင်ပြန်လမ်းအတွက် တစ်ယောက်တည်းလွှတ်ရမှာ စိတ်မချနိုင်အောင်ဖြစ်နေတဲ့ နွေးနေခြည်...။
၀င့်ဖူးသဇင်ခမျာတော့ သူ့ကို ကလေးတစ်ယောက်လိုသဘောထားရင်း မှာတမ်းခြွေနေတဲ့ နွေးနေခြည်ကြောင့် မျက်လုံးလေးတွေက အံ့သြနေဟန် အတန်ငယ်၀ိုင်းစက်နေခဲ့၏။
မှာသမျှကို အင်းဆိုတဲ့ တစ်လုံးထဲနဲ့ ခေါင်းညိမ့်ကာ ကန်တင်းကနေ ထွက်သွားသည့် ဇင့်ကို ကျွန်မ မျက်စိတစ်ဆုံး လိုက်ကြည့်နေမိခဲ့တယ်။
အမြင်အာရုံထဲမှာ ဇင့်ရဲ့ ကျောပြင်သေးသေးလေးတစ်ခု တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ အချိန်ရောက်မှ ကျွန်မလည်း ထိုင်ရာမှထကာ စာသင်ခန်းထဲသို့ ပြန်၀င်လာခဲ့သည်။
လူဆယ်ယောက်လောက်သာ ရှိနေသေးသည့် စာသင်ခန်းထဲမှာတော့ နာရီကိုကြည့်ရင်း ဖုန်းကို လက်ထဲက မချဘဲ ဇင့်ဆီက စာကို ကျွန်မ စောင့်နေမိသည်။
ဘလာဖြစ်နေတဲ့ သူ့ဖုန်းစခရင်ပေါ်မှာ ရုတ်တရက်လင်းလာတဲ့ အလင်းရောင်တို့နှင့်အတူ မြင်လိုက်ရတဲ့ စာလုံးလေး လေးလုံး
_ ငါ ပြန်ရောက်ပြီ
ဒီစာလုံးလေး လေးလုံးကတော့ သာမာန်ကြည့်လိုက်ရင် ဘာမှအရေးမပါဘူးထင်ရပေမယ့် ကျွန်မအတွက်ကတော့ ကျွန်မနှလုံးသားမှာပျော်ရွှင်လာရတဲ့အထိ အရေးပါခဲ့ပါတယ်။
တကယ်လို့ ဒီစကားလုံးလေးတွေက ကျွန်မ မြတ်နိုးရတဲ့လူတစ်ယောက်ဆီက ပို့လိုက်တဲ့စာဖြစ်နေရင်ပေါ့။
💌🌷💌🌷💌