အရင်ညတွေလို အတွေးတွေနဲ့ စိတ်ရှုပ်မနေဘဲ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည့်အတွက် မနက်ငါးနာရီလောက်မှာ နွေးနေခြည် အိပ်ရာမှနိုးလာခဲ့သည်။
မျက်လုံးနှစ်လုံးပွင့်ပြီးနိုးနေတာ ဆယ်မိနစ်လောက်ရှိနေပေမယ့် အိပ်ရာကနေမထသေးဘဲ ဘေးကုတင်မှာ အိပ်ပျော်နေဆဲရှိသည့် ကောင်မလေးကို ခေါင်းလေးစောင်းငဲ့ရင်း နွေးနေခြည် အကြောင်းမဲ့ ငေးကြည့် နေမိသည်။
**အခုအချိန်မှာသူမနဲ့ ဒီလိုမျိုးပြန်တွေ့ရတယ်ဆိုတာ ကျွန်မအတွက်တော့ အိပ်မက်တစ်ခုလို ထူးဆန်းနေတုန်းဘဲ။ ဒါပေမယ့် ထူးဆန်းတဲ့ခံစားချက်တွေကြားကနေ ဒါဟာ အိပ်မက်မဟုတ်ဘဲ တကယ့်လက်တွေ့မှာဖြစ်နေတယ်ဆိုတာကြောင့်လည်း ကျွန်မစိတ်ထဲမှာ ဘာလို့ရယ်မသိပျော်နေမိပြန်တယ်။
ဒီလိုမျိုး ဘာကြောင့်လဲလို့သေချာရေရေရာရာမသိလေတော့ သူမက ကျွန်မအရမ်းတွေ့ချင်နေမိတဲ့သူ တစ်ယောက်ဖြစ်လို့ဘဲနေမှာပါလို့ ကျွန်မ အလွယ်တွေးမိလိုက်ပါတယ်။
မိနစ်ပိုင်းလောက်တော်တော်ကြာအောင် သူမကို နွေးနေခြည်ငေးကြည့်နေမိခဲ့တယ်။
သို့သော်ရုတ်တရက်ဆိုသလို ငြိမ်သက်စွာအိပ်စက်နေတဲ့သူက လှုပ်လှုပ်ရှားရှားဖြစ်သွားသည့်အတွက် နွေးနေခြည်လည်း ပြာပြာသလဲဖြင့် မျက်လုံးတွေကိုအတင်းပြန်မှိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်၏။
သို့သော် အချိန်အတော်ကြာသည်အထိ ဘာသံမှထပ်မကြားရတော့သည့်အတွက် နွေးနေခြည်ဟာ မျက်လုံးတို့ကိုဖြည်းဖြည်းချင်းဖွင့်လိုက်၏။
အဲ့ဒီ့နောက်မှာတော့ စိတ်ထဲမ၀ံ့မရဲနဲ့ ၀င့်ဖူးသဇင်ရှိရာကို နွေးနေခြည်လှမ်းကြည့်မိလိုက်တဲ့အချိန်မှာဘဲ ဗိုက်ပေါ်ကို လက်နှစ်ဖက်တင်ပြီး ကုတင်ပေါ်မှာငုတ်တုတ်ထိုင်နေသည့် ၀င့်ဖူးသဇင်ကြောင့် နွေးနေခြည်ခမျာစိုးရိမ်စိတ်ဖြင့် ...
"ဇင်...ဘာဖြစ်လို့လဲ...ဗိုက်အောင့်လို့လား"
နွေးနေခြည်ရဲ့စိုးရိမ်စိတ်တွေပြည့်နှက်နေသည့်အသံကြောင့် ၀င့်ဖူးသဇင်လည်း အနဲငယ် အံ့သြသလိုဖြစ်သွား၏။
ဒါပေမယ့် စက္ကန့်ပိုင်းအတွင်းမှာဘဲ သူမရဲ့နဂိုပုံစံအတိုင်းပင် အေးဆေးသည့်အသွင်ပြန်ပြောင်းသွားပြီး
"ဗိုက်မအောင့်ပါဘူး...ဗိုက်ဆာနေလို့ပါ"
မနက်အိပ်ရာကနိုးလာတဲ့အချိန်မှာဘဲ ဗိုက်ဆာလို့ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ကောင်မလေးကြောင့် နွေးနေခြည်ကတော့ သက်သက်မဲ့ စိတ်အပူလွန်နေမိသည့် ကိုယ့်ကိုယ်ကိုဘဲ ပြန်ရယ်ချင်မိတော့တယ်။
"ဇင်...တကယ်လို့ ဗိုက်အရမ်းဆာနေတယ်ဆိုရင် ခေါက်ဆွဲပြုတ်ပေးရမလား"
"ရပါတယ်...မပြုတ်ပါနဲ့ ...ဒါနဲ့ နင်အိပ်နေတာ ငါ့ကြောင့်နိုးသွားတာလား"
"အာ...မဟုတ်ပါဘူး..နိုးနေတာတော့ကြာပြီ..ပျင်းလို့မထသေးတာ"
"အော်...."
ထိုတစ်ခွန်းသာပြောပြီး ကုတင်ပေါ်ကဆင်းကာ သွားတိုက်မျက်နှာသစ်ဖို့ရန် ရေချိုးခန်းကို ထွက်သွားသည့် ၀င့်ဖူးသဇင်။
နွေးနေခြည်လည်း ဆက်အိပ်လို့မရတော့တာမို့ အိပ်ရာကနေထကာမနက်ခင်းတာ၀န်တွေကို လုပ်ဆောင်ဖို့ရန်ပြင်ဆင်ရတော့၏။
.
.
"ဇင်....မနက်စာကို တို့ဟူးနွေးဖြစ်ဖြစ်စားချင်လား"
မျက်နှာသစ်ပြီး ပြန်၀င်လာသည့်အချိန်မှာပြောလာတဲ့ နွေးနေခြည်ရဲ့စကားကြောင့် သနပ်ခါးလိမ်းနေတဲ့ ၀င့်ဖူးသဇင်လည်း ခေါင်းညိမ့်ရင်း
"အင်း...စားချင်တယ်"
"အဲ့ဒါဆို ငါတို့ခဏနေ တို့ဟူးနွေးသွားစားရအောင် ဒီလမ်းထိပ်က အန်တီစန်းရဲ့ဆိုင်ကတို့ဟူးနွေးက အရမ်းစားကောင်းတာ"
"အင်း...သွားမယ်လေ"
"ဒါနဲ့...ဇင်...နင်က သနပ်ခါးဘဲလိမ်းတာလား"
"အွမ်း..ဘာဖြစ်လို့လဲ"
"အော်...ဘာမှမဟုတ်ပါဘူး...ငါက ဒီအတိုင်းမေးကြည့်တာပါ"
ပါးကွက်တွေဘာတွေမကွက်ဘဲ သနပ်ခါးရေကျဲပါးပါးလေးနဲ့ နှုတ်ခမ်းနီအဆီဘဲဆိုးထားတဲ့ ၀င့်ဖူးသဇင်ရဲ့ပုံစံလေးက မနက်စောစောမှာတင် လှပတဲ့ပန်းချီကားတစ်ချပ်ကိုကြည့်နေ ရသလိုမျိုး ကြည်နူးမှုခံစားချက်ကို နွေးနေခြည်ခံစားနေရသည်။
"နင် မျက်နှာကိုတစ်ခုခုလိမ်းဦးမှာလား"
"ဟမ်..အဲ...ငါ ပြန်ရောက်မှဘဲလိမ်းလိုက်တော့မယ်။ ပြီးရင်သွားမယ်လေ...ဇင်.. ဗိုက်ဆာနေတာမလား"
အငေးလွန်သွားတဲ့အတွက် အရှက်ပြေအပြုံးတစ်ခုနဲ့အတူ အန်တီစန်းရဲ့ဆိုင်သို့ ၀င့်ဖူးသဇင်နဲ့အတူ နွေးနေခြည်ထွက်လာခဲ့သည်။
"အန်တီစန်း.....တို့ဟူးနွေး (၂) ပွဲပေးပါရှင့်"
ဆိုင်ရှေ့ရောက်တာနဲ့လူထက် အသံကအရင်ရောက်နေတဲ့ နွေးနေခြည်ကြောင့် မီးဖိုခန်းထဲမှာ အလုပ်များနေသည့် အသက်လေးဆယ်အရွယ် ပိန်ပိန်ပါးပါးဖြင့်အန်တီစန်းဆိုသည့်အမျိုးသမီးကြီးက...
"ဟ...ဘယ်သူများလဲလို့ နွေးနေခြည်ပါလား...လာ..လာ...ထိုင်ကြလေ သမီးတို့"
"ဟုတ်...ဇင် လာလေ..ဒီမှာလာထိုင်"
နွေးနေခြည်လည်း သူအမြဲတမ်းစားနေကျဆိုင်ဆိုတော့ ကိုယ့်အိမ်ကိုယ်ယာလိုပင် အေးအေးဆေးဆေး၀င်ထိုင်ရင်း ၀င်ဖူးသဇင်နဲ့သူ့အတွက် ရေနွေးပူပူလေးကို ခွက်ထဲငှဲ့လိုက်၏။
"ဇင်...အေးနေလား...ရေနွေးသောက်ဦးနော်"
"အွမ်း...ကျေးဇူး"
"ဒီဆိုင်ကလေ ငါ ပထမနှစ်တက်ကတည်းက အမြဲလိုလိုလာစားနေကျဆိုင်။ဒီဆိုင်မှာက ရှမ်းအစားအသောက်နဲ့ပတ်သက်ရင် အကုန်ရတယ်။ပြီးတော့ အန်တီစန်းကို စားချင်တာရှိရင်လည်းပြောလို့ရတယ်နော်...အန်တီစန်းက အရမ်းသဘောကောင်းတော့ သူလုပ်ပေးနိုင်တာဆိုအမြဲတမ်းလုပ်ပေးတယ်။"
"အင်း....."
"ဒါနဲ့လေ...ဇင်က နဂိုကတည်းက ဒီလိုမျိုးအနေအေးတာလားဟင်"
"ဘာဖြစ်လို့လဲ?"
"အော်..ငါက တခြားဘာသဘောနဲ့မှမေးတာမဟုတ်ပါဘူး။ တစ်မျိုးမထင်ပါနဲ့နော်"
"ရပါတယ်...မထင်ပါဘူး"
"ကဲ..ဒီမှာ အန်တီစန်းလက်ရာ တို့ဟူးနွေးပူပူလေး ရပါပြီရှင့်"
"အရသာရှိတဲ့အစားအသောက်အတွက်ကျေးဇူးတင်ပါတယ်နော် အန်တီစန်း...ကောင်းကောင်းစားပါ့မယ်ရှင့်"
အန်တီစန်းက သူမှာထားတာလာချပေးတိုင်း ဒီစကားကိုနွေးနေခြည် အမြဲတမ်းပြောနေကျဆိုပေမယ့် အခုမှ နွေးနေခြည်နဲ့ သိကျွမ်းတဲ့ ၀င့်ဖူးသဇင်အတွက်ကတော့ အနဲငယ် အထူးအဆန်းဖြစ်လို့နေပါတယ်။
သူမကဲ့သို့ ကော်ဖီရောင်သမ်းနေသည့်ဆံပင်တွေလိုမဟုတ်ဘဲ နက်မှောင်ပြီးအနဲငယ်လှိုင်းတွန့်နေသယောင်ဆံကေသာပိုင်ရှင် နွေးနေခြည်။
နှာတံစင်းစင်း ၊ ကကြီးပုံပန်းနုရောင်နှုတ်ခမ်းတို့နှင့် မျက်တောင်ရှည်ရှည်တို့အားပိုင်ဆိုင်ထားသည့် နွေးနေခြည်။
ထိုနွေးနေခြည်ဆိုသည့်ကောင်မလေးရဲ့တက်ကြွရွှင်လန်းသည့်ပုံပန်းသဏ္ဍာန်တို့ဟာ အေးတိအေးစက်နေတတ်သည့် သူမပုံစံနဲ့နှိုင်းယှဉ်လိုက်ရင်တော့မိုးနဲ့မြေလိုကွာခြားလွန်းနေသည်။
တကယ်တမ်းဆို သူ့လိုခေါ်ထူးမေးပြောလောက်သာလုပ်တတ်သည့်လူတစ်ယောက်ထက် သူမလိုပျော်ပျော်နေတတ်သည့် သူမျိုးနှင့်သာ တစ်ခန်းတည်းအတူနေရမယ်ဆိုရင် နွေးနေခြည်အတွက်အတွက်ပိုအဆင် ပြေလိမ့်မည်ဟု ဝင့်ဖူးသဇင်တွေးမိသည်။
,
,
"အား...ဗိုက်ကိုတင်းသွားတာဘဲ...ဘယ်လိုလဲ ဇင်...ဒီဆိုင်က တို့ဟူးနွေးကို ကြိုက်ရဲ့လား"
"အင်း...ကြိုက်ပါတယ်"
ပြည့်တင်းသွားတဲ့ ကိုယ့်ဗိုက်ကိုပွတ်ကာ ဆိုင်ထဲကနေ နွေးနေခြည်နဲ့ ၀င့်ဖူးသဇင်တို့နှစ်ဦးစလုံး ပြန်ထွက်လာခဲ့ကြသည်။
"ဒါနဲ့လေ...ဇင် ...ကျောင်းသွားရင် ဇင်က ငါနဲ့အတူတူသွားမှာမလား...ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့သွားမှာလား"
"သူငယ်ချင်း?"
"အင်းလေ....ဇင့်ရဲ့သူငယ်ချင်းတွေကိုပြောတာ။ ဒီတက္ကသိုလ်မှာဇင်နဲ့ခင်တဲ့သူငယ်ချင်းတွေရှိတယ်မဟုတ်ဘူးလား?"
"ဒီတက္ကသိုလ်မှာ ငါနဲ့ခင်တဲ့ သူငယ်ချင်းတစ်ယောက်မှမရှိဘူး"
"ဟင်"
ဝင့်ဖူးသဇင်ရဲ့နှုတ်က ပြတ်သားစွာထွက်လာတဲ့စကားက နွေးနေခြည်အတွက်တော့ အံ့သြသင့်စရာစကားတစ်ခုဖြစ်လို့လာခဲ့ပါတယ်။
ဒီလောက်ချောမောလှပပြီးနှစ်လိုဖွယ်ကောင်းတဲ့ကောင်မလေးက ဘယ်လိုလုပ်သူငယ်ချင်းမရှိရတာလဲ?
တက္ကသိုလ်တက်ခဲ့တဲ့ကာလတစ်လျှောက်လုံးမှာ ဇင့်မှာ ခင်မင်ရတဲ့သူငယ်ချင်းတစ်ယောက်တောင်မရှိဘူးတဲ့လား။
ဘာကြောင့်လဲ...အကြောင်းအရင်းကိုနွေးနေခြည်စဥ်းစား လို့မရပေ။
"အဲ့တာကြောင့်မို့ ငါနင်နဲ့ဘဲ အတူသွားဖြစ်မယ်ထင်တယ်"
၀င့်ဖူးသဇင်ပြောတာကို နားထောင်နေရင်း နွေးနေခြည်ရဲ့ခြေလှမ်းတို့က ရပ်တန့်သွားခဲ့သည်။
"ဇင်...တကယ်ဘဲ နင့်မှာသူငယ်ချင်းမရှိဘူးလား"
"အွမ်း"
"အဲ့တာဆိုရင် ငါ...ငါက ဒီတက္ကသိုလ်မှာ ဇင့်ရဲ့ ပထမဆုံးသူငယ်ချင်းဖြစ်ခွင့်ရှိမလား"
ဘယ်လိုသဘောနဲ့ နွေးနေခြည်ဘက်က ဒီလိုပြောတယ်ဆိုတာကို ၀င့်ဖူးသဇင်မသိနိုင်ပေမယ့် နဂိုထက်ပိုတောက်ပနေသည့်နွေးနေခြည်ရဲ့မျက်၀န်းအကြည့်တွေကို ၀င့်ဖူးသဇင် သတိထားမိခဲ့သည်။
ဒါပေမယ့် ဒါကလည်း သူနဲ့စတွေ့ကတည်းက အမြဲတစေ ပြုံးရွှင်နေသည့်မျက်နှာထားရှိတဲ့ နွေးနေခြည်ရဲ့ဆွဲဆောင်မှုတွေထဲက တစ်ခုပေလား။
ထားပါလေ.... ဒါတွေကိုသူစဥ်းစားမနေတော့ပါဘူး။
"ဇင်....ငါပြောချင်တာက..."
"နင်ပြောတာကို ငါလက်ခံတယ်။"
"ဟမ်"
"ငါ့ရဲ့ပထမဆုံးသူငယ်ချင်းအဖြစ်လေ"
"တကယ်...အား...ပျော်လိုက်တာ။ ကျေးဇူးတင်ပါတယ် ဇင်...ငါတကယ်ကိုအရမ်းပျော်တယ်"
သူမနဲ့သူငယ်ချင်းဖြစ်ခွင့်ရတာကို ကြီးကျယ်ခမ်းနားတဲ့အောင်နိုင်သူကြီးလို အလွန်အမင်း၀မ်းသာအားရပျော်ရွှင်နေသည့် နွေးနေခြည်ဆိုတဲ့ ကောင်မလေးကြောင့် ၀င့်ဖူးသဇင်ကတော့ လုံး၀နားမလည်နိုင်ဖြစ်နေရ၏။
ဒါပေမယ့်လည်း ဘာလို့ဒီလောက်ပျော်နေရတာလဲဆိုတဲ့မေးခွန်းကို ၀င့်ဖူးသဇင်မမေးခဲ့တော့ပါဘူး။
သူ့ကြောင့်နဲ့ ပါးမို့မို့လေးတွေဖောင်းတက်နေတဲ့အထိ ရယ်မောနေသည့် နွေးနေခြည်ရဲ့အပျော်ကို မပျောက်ပျက်သွားစေချင်သည်မို့,,,,
ဒါကလည်း အခန်းဖော်အချင်းချင်းကြားမှာရှိတတ်ကြတဲ့ ပုံမှန်နားလည်မှုတစ်ခုကြောင့်သာ ဖြစ်ပေလိမ့်မည်။
🎀🏵️🎀🏵️🎀