"ကိုဇံရေ ကျွန်တော်ပြန်ရောက်ပြီ"
အိမ်ထဲသို့ဝင်ဝင်ချင်း ထုံးစံအတိုင်းပြန်ရောက်ပြီဖြစ်ကြောင်း အော်ပြောလိုက်သော ညီသုရှင်။ ညီသုရှင်ပြန်ရောက်တိုင်း "ညီ ပြန်လာပြီလား"ဆိုပြီး ဘာပဲလုပ်နေနေ ထွက်ကြိုနှုတ်ဆက်တတ်သည့်မဟာဇံတစ်ယောက် ဒီနေ့မှာတော့ အရိပ်တောင်မမြင်ရပေ။
"အပြင်များသွားနေတာလား"
ညီသုရှင် တစ်ကိုယ်တည်းရေရွတ်ရင်း ရေသောက်ဖို့ မိးဖိုချောင်ကိုဝင်လာခဲ့လိုက်သည်။
မီးဖိုချောင်သို့ ဝင်ဝင်ချင်းမှာပင် အဝင်အဝကိုကျောပေးပြီး ချက်ပြုတ်ရန်ပြင်ဆင်နေသော မဟာဇံကိုမြင်လိုက်ရ၏။ ညီသုရှင်ပြန်ရောက်တာကို သိသေးပုံမရသည့် မဟာဇံကိုခြောက်လှန့်ရန် ညီသုရှင်က ခြေသံမကြားရအောင် သူခိုးခြေလှမ်းလိုခပ်ဖွဖွနင်းပြီး မဟာဇံနားသို့ဖြည်းဖြည်းချင်းချဥ်းကပ်သွားသည်။ မဟာဇံနောက်မှာ ညီသုရှင်ခြေစုံရပ်ပြီးသည့်တိုင်အောင် မဟာဇံသိပုံမရသေး။
မဟာဇံကိုခြောက်လှန့်ဖို့ ညီသုရှင်၏ လက်နှစ်ဖက်ကိုဖြည်းဖြည်းချင်းကြွလိုက်သည်။ ညီသုရှင်မျက်နှာကလည်း သူများကိုစရတော့မယ်ဆိုတော့ ပြုံးစိစိနှင့်ပင်။ မဟာဇံရဲ့ပုခုံးနှစ်ဖက်ပေါ် ညီသုရှင်၏လက်နှစ်ဖက်ချမိချိန် ပါးစပ်မှလည်း "ဟိတ်"ဆိုပြီးအော်လိုက်သည်နှင့်တပြိုင်နက် မဟာဇံ၏"အ"ဟူသော အော်သံက တစ်ဆက်တည်းထွက်ပေါ်လို့လာသည်။
"ကို..ကိုဇံ ဘာဖြစ်သွားတာလဲ ဓားထိသွားတာလား ပြပါဦး"
မဟာဇံ၏လက်ကို ညီသုရှင်က အတင်းဆွဲပြီးကြည့်သော်လည်း မဟာဇံက မပြချင်သလိုလက်ကိုအတင်းပြန်ရုတ်နေ၏။
"ရှပ်ထိသွားရုံလောက်ပါ ကိုယ်ဘာမှမဖြစ်ပါဘူး"
"ဒီလောက်သွေးတွေထွက်နေတာကို ရှပ်ထိမိရုံလေးဆိုတာ ကျွန်တော်ကယုံရမှာလား ဟမ်"
အတင်းရုန်းနေသောမဟာဇံ၏လက်ကို ညီသုရှင်က အားပါပါကိုင်ဆွဲရင်း ကရုဏာဒေါသနဲ့ မဟာဇံရဲ့မျက်နှာကိုမော့ကြည့်ပြီး ရန်တွေ့မိစဉ်
"ဟင် ကို ကိုဇံ... ကိုဇံ ငိုနေတာလား ဘာဖြစ်လို့လဲ"
အံ့ဩတကြီးမေးလိုက်သည့်အချိန်တွင် မဟာဇံလက်ကိုဆွဲထားသည့် ညီသုရှင်၏လက်အားလျော့သွားသည်ကို မဟာဇံက အခွင့်ကောင်းယူပြီး ညီသုရှင်လက်ထဲမှရုန်းထွက်သွား၏။ တစ်ဆက်တည်းမှာပဲ ညီသုရှင်ကိုကျောပေးပြီး တစ်ဖက်ကိုလှည့်သွား၏။ ညီသုရှင်က တစ်ဖက်ကိုအလှည့်မခံဘဲ သူ့ဘက်ကိုသာပြန်ဆွဲလှည့်တော့လည်း မဟာဇံက မျက်နှာချင်းဆိုင်ရပ်နေရပေမယ့် ခေါင်းကိုငုံ့ထားပြန်၏။
YOU ARE READING
Forevermore {ယခုမှသည် နောင်ထာဝစဉ်}
Randomရိုးရိုးလေးနဲ့ယဉ်ယဉ်လေးသာ ရေးဖွဲ့ထားသော ကောင်လေးနှစ်ယောက်၏ ချစ်ခြင်းမေတ္တာအကြောင်း... [Unicode+Zawgyi] ရိုးရိုးလေးနဲ့ယဉ်ယဉ်လေးသာ ရေးဖွဲ့ထားသော ကောင်လေးနှစ်ယောက်၏ ချစ်ခြင်းမေတ္တာအကြောင်း...