တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်ဖြစ်သော်လည်း မဟာဇံတို့က မနားရ။ တနင်္လာနေ့ ကျောင်းဖွင့်လျှင်တင်ပြရမည့်Presentationအတွက် အားလုံးအဆင်ပြေမည့် လှည်းတန်းice berryမှာသာ မေဂျာမှသူငယ်ချင်းတွေစုပြီး တိုင်ပင်ဖြစ်ကြသည်။
"ဒါဆို ကျန်တာမင်းတို့အပိုင်းဖြစ်သွားပြီ ငါဗိုက်ဆာလို့ မုန့်သွားယူလိုက်ဦးမယ်"
ဆိုင်ရဲ့အပေါ်ထပ်မှ မုန့်မှာရန် အောက်သို့မဟာဇံဆင်းလာခဲ့သည်။ ထို့နောက် ဗန်းတစ်ချပ်ကိုယူကာ ကိုယ်ကြိုက်သည့်မုန့်တွေကိုရွေးပြီး ကောင်တာပေါ်တင်လိုက်သည်။ ထို့နောက် ပိုက်ဆံရှင်းရန် ပိုက်ဆံအိတ်ကိုဖွင့်နေတုန်း ဘေးမှကော်ဖီအေးမှာနေသံကိုကြားသည်။ ဘာရယ်မဟုတ် ရုတ်တရက်အကြည့်ရောက်မိတော့ တွေ့ချင်နေသည့် ညီသုရှင်ဖြစ်နေသည်ပင်။
"အော် ညီ!"
"အော် ကိုဇံ"
သူလည်း အခုမှ ကိုယ့်ကိုသတိထားမိဟန် တအံ့တဩဖြင့်။
"ညီတစ်ယောက်တည်းလား အဖော်မပါဘူးလား"
"ပါတယ် ကိုဇံ ခုနကပဲပြန်သွားပြီ... ကိုဇံရော တစ်ယောက်တည်းပဲလား"
"အင်း ကိုယ်လည်းတစ်ယောက်တည်းပဲ ဒါဆို တူတူထိုင်ရအောင်လေ"
အပေါ်ကသူငယ်ချင်းတွေဘာတွေ ခဏဂျောင်း။ စားရကံကြုံလို့ မုတ်ဆိတ်ပျားဆွဲတာ။ အခွင့်အရေးဆိုတာ ရတိုင်းယူလို့မကောင်းပေမဲ့ မယူရင်လည်းပြန်ရဖို့မှမလွယ်ဘဲ။ ညီသုရှင်နှင့် အခုလို နှစ်ယောက်တည်းအပြင်မှာတွေ့ခွင့်ရဖို့ဆိုတာ ထီပေါက်ဖို့ထက်ခက်သည်။
ညီသုရှင်က သူမှာထားတာတွေကို ယူပြီး သူထိုင်နေရာစားပွဲဝိုင်းသို့ ရှေ့မှဦးတည်ပြီးသွားတော့ သူလည်း နောက်ကလိုက်သွားရုံသာ။တူတူသာထိုင်နေကြသော်လည်း ဘာပြောရမှန်းမသိ။ စားပွဲဝိုင်းလေးက စိုပြည်မှုမရှိဘဲ စကားသံတို့ပျောက်ဆုံးကာ တိတ်ဆိတ်ခြောက်ကပ်နေသည်။ နှစ်ယောက်လုံး စားစရာရှိတာသာ တိတ်တိတ်ဆိတ်ဆိတ်စားနေကြသည်။ အပြင်မှာသာနှုတ်ဆိတ်နေသော်လည်း မဟာဇံစိတ်ထဲမှာတော့ မေးခွန်းပေါင်းများစွာဖြင့် ဆူညံယောက်ယက်ခတ်နေသည်။
သူ့အတွေးတွေကိုသာ ညီသုရှင်ကြားနိုင်မယ်ဆို တော်တော်နားငြီးနေလောက်ပြီ။
YOU ARE READING
Forevermore {ယခုမှသည် နောင်ထာဝစဉ်}
Randomရိုးရိုးလေးနဲ့ယဉ်ယဉ်လေးသာ ရေးဖွဲ့ထားသော ကောင်လေးနှစ်ယောက်၏ ချစ်ခြင်းမေတ္တာအကြောင်း... [Unicode+Zawgyi] ရိုးရိုးလေးနဲ့ယဉ်ယဉ်လေးသာ ရေးဖွဲ့ထားသော ကောင်လေးနှစ်ယောက်၏ ချစ်ခြင်းမေတ္တာအကြောင်း...