Part 8

2.1K 177 2
                                    

ဂိုက်ဆင်းချိန် ည၉နာရီတွင် ယွန်းတို့အိမ်မှကားဖြင့် ညီသုရှင်နှင့်ယွန်းကို လာကြိုသည်။ ညီသုရှင်က ယွန်းတို့အိမ်မှကားဖြင့်သာ ကျောင်း၊ကျူရှင်၊ဂိုက် အသွားအပြန်လုပ်လေ့ရှိသည်။ ညီသုရှင်မိဘတွေကလည်း ညီသုရှင်အတွက်အဖော်ရသည့်အပြင် ငယ်စဉ်တည်းက ပေါင်းသင်းလာသူဖြစ်၍ ယွန်းနှင့်သာစိတ်ချလက်ချထည့်လိုက်မြဲပင်။

ကားနောက်ခန်းထဲတွင် ယွန်းနှင့်သု ဘေးချင်းယှဉ်ထိုင်ရင်းလိုက်ပါလာခဲ့သည်။ ယွန်းကတော့ အိပ်ချင်သည်ဆိုသဖြင့် မျက်စိမှိတ်ပြီးမှိန်းနေလေသည်။ ကျွန်တော်ကတော့ ကားပေါ်တွင်မအိပ်တတ်သူမို့ ညဘက်အလှကိုသာ ကားထဲမှငေးမောရင်းလိုက်ပါလာခဲ့သည်။

ည၉နာရီခန့်အချိန်ဖြစ်သဖြင့် လမ်းပေါ်တွင်ကားမပိတ်ဘဲ ကားရှင်းနေပြီဖြစ်သည်။ အရှိန်ဖြင့်မောင်းနှင်နေသောကားလေးသည် မြောက်များစွာသော လူများ၊ အိမ်များ၊ သစ်ပင်များကို တရိပ်ရိပ်ဖြတ်ကျော်လာခဲ့သည်။ ကားအဲကွန်းကို နှစ်‌ယောက်လုံးမကြိုက်သဖြင့် ကားဘေးပြတင်းပေါက်ကိုသာ လေဝင်ရုံဖွင့်ထားသည်။

အေးမြလတ်ဆတ်နေသောလေကိုနှစ်သက်သဖြင့် ကားမှန်တံခါးကို အဆုံးထိဖွင့်လိုက်သည်နှင့်တပြိုင်နက် အလုံးအရင်းဖြင့်တိုးဝင်လာသောလေတို့က ညီသုရှင်၏ဆံနွယ်ပျော့ပျော့များကို ရှုပ်ပွသွားစေသည်။ ပွသွားသောဆံပင်ကို နဖူးပေါ်သပ်တင်ရင်း မျက်နှာကို ပြတင်းပေါက်နားကိုပိုတိုးကပ်လိုက်သည်။
မျက်လုံးနှစ်ဖက်ကိုမှိတ်ပြီး ညလေအေးအေးကို အားပါးတရခံစားလိုက်တော့ အား...လန်းဆန်းသွားတာပဲ။

သဘောတကျပြုံးရင်းမျက်စိပြန်ဖွင့်လိုက်တော့ ခပ်လှမ်းလှမ်းတွင်မြင်နေရသောလူတစ်စု။ လသာသောညဖြစ်သည့်အပြင် လမ်းမီးများလည်းလင်းနေသည်မို့ ပြတ်ပြတ်သားသားမြင်ရပါသည်။
လူတစ်စုဟုဆိုသော်လည်း တိတိကျကျပြောရလျှင် ၃ယောက်တည်းသာ။ ထိုလူ၃ယောက်ထဲမှ တစ်ယောက်မှာမူးနေဟန်။ ထိုမူးနေသောလူကို ဘေးကနှစ်ယောက်က တစ်ဖက်တစ်ချပ်စီတွဲကာ ကားရှိရာခေါ်သွားနေကြသည်။

ခပ်လှမ်းလှမ်းမှာတည်းက မြင်ရသော်လည်း လုံးဝမမှားနိုင်။ သူတစ်နှစ်နီးပါးလောက် တကောက်‌ကောက်လိုက်ငေးခဲ့ရသည့်လူကို မမှတ်မိနိုင်စရာမရှိ။ နောက်ကျောလေးမြင်ရရုံနှင့်ပင် မှတ်မိပါသည်။ မဟုတ်...ထိုလူ၏အရိပ်ဆိုလျှင်တောင် သူမှတ်မိနိုင်မည်ပင်။

Forevermore {ယခုမှသည် နောင်ထာဝစဉ်}Where stories live. Discover now