MARS Finale (Unicode)

9.3K 967 61
                                    


မင်းငါ့ကို လိမ်တယ် ဝမ်ရိပေါ်။

မင်းပြောခဲ့သမျှ အားလုံးက အလိမ်အညာချည်းပဲ။

ကျင်းရှန်ပန်းခြံထဲက ရေကန်ကလည်း မင်းပြောသလို စိမ်းကြည်နေတဲ့ ရေထဲမှာ ငန်းလေးတွေရေကူးပြီး သာယာမနေဘူး။

ပန်းခြံထဲက ရေခဲမုန့်ကားက ရောင်းတဲ့ရေခဲမုန့်ဆိုတာလဲ ချိုရဲနေတာကလွဲရင် အရသာမရှိဘူး။

တုံအန်းမန်လမ်းဆိုတာလည်း လူတွေရှုပ်နေတာကလွဲရင် သာမာန်ပဲ။

အခုပဲ ကြည့် မင်းသိပ်ကောင်းတယ်လို့ပြောထားတဲ့ မင်းတို့အိမ်နားက ပဲနို့ဆိုတာ ဘာအရသာမှမရှိပဲ ရေလိုပေါ့ရွှတ်လို့။

လူမရှိတဲ့ ဒီစကိတ်ကွင်းထဲလာပြီး မင်းပြောသလို ပဲနို့သောက်နေတာ ဘာအဓိပ္ပါယ်ရှိလဲ။

တစ်နေကုန် လမ်းလျှောက်နေရတဲ့ သူ့ခြေထောက်တွေက နာကြင်မှုနှင့် ကိုက်ခဲနေသည်။ စိတ်တိုတိုနဲ့ သူ့ဆီလျှောက်လာသည့် ရိပေါ်ကို ပဲနို့ဘူးနှင့် ပစ်ပေါက်လိုက်သည်။ ရိပေါ်က မရှောင်တော့ ပဲနို့တွေဖိတ်ပြီး သူ့ရင်ဘတ်မှာ အကွက်လိုက်စင်သွားသည်။

ရိပေါ်က ရပ်မသွားပဲ သူ့ဆီဆက်လျှောက်လာတာမို့ ထိုင်နေရာကနေ မတ်မတ်ရပ်လိုက်သည်။

"ရှန့်ခုံး.... မင်းဘာလို့ ဆေးရုံက ထွက်ပြေးလာတာလဲ"

ရိပေါ်ရဲ့ အမေးကို သူရယ်လိုက်မိသည်။

"ငါက ဆေးရုံက ထွက်ပြေးတယ်။ ငါထွက်ပြေးတာမဟုတ်ဘူး။ ငါဆေးရုံက ဆင်းလာတာ။ သူတို့ကသာ ငါ့ကို တသက်လုံးအဲ့ဒီမှာ ချုပ်နှောင်ထားချင်တာ"

သူပြောရင်း ခြေတွေလက်တွေ ဆန့်ပြလိုက်သည်။ သူ့အရိုးတွေက အကုန်ပြန်ကောင်းနေပြီ။ ဒါကို လေ့ကျင့်ခန်းလုပ်ဖို့လိုတယ် အဆင်သင့်မဖြစ်သေးဘူးရယ်တွေနဲ့ သူ့ကို ဆေးရုံပေါ်မှာ အချိန်ဆွဲနိုင်သမျှ ဆွဲထားကြတာမမြင်ဘူးလား။

"မင်း အခုဒီမှာ ဘာလုပ်နေတာလဲ"

"ငါလား ဝမ်ရိပေါ်ကိုစောင့်နေတာလေ"

သူ ရိပေါ်ကိုခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ သူ့ရှေ့မှာ ရပ်နေတဲ့ ကုတ်အင်္ကျီ စတိုင်ပန်နဲ့ သပ်ရပ်နေတာ သူသိတဲ့ ဝမ်ရိပေါ်မဟုတ်ဘူးပဲ။

MARSWhere stories live. Discover now