MARS 17 (Unicode)

7.4K 931 33
                                    

ရုံးခန်း ပြတင်းပေါက်က ဝင်လာသည့် လူနာတင်ကားရဲ့ အရေးပေါ်ဥသြသံ။ ရဲကားက ဥသြသံနဲ့ ဘေးခပ်လှမ်းလှမ်းက ဝိုင်းနေတဲ့ ကျောင်းသား ကျောင်းသူတွေဆီက စကားသံတွေကြောင့် ရှောင်းကျန့် ခေါင်းတွေနောက်နေသည်။ သူ့လည်ပင်းက ပွန်းပဲ့ရာတွေကို ကျန်းမာရေးဝန်ထမ်းထဲက တစ်ယောက်က ဆေးထည့်ပေးပြီးတာတောင် အခုထိ နာနေတုန်း။ လေပြွန်နဲ့ အသံပြွန်ကို ဖိမိထားလို့ထင်သည် အခုထိ စကားသံက အက်ကွဲနေပြီး ပုံမှန်မဟုတ်။

သူနဲ့ ခပ်လှမ်းလှမ်းမှာ ရဲတပ်သားတစ်ယောက်ဆီ စစ်ချက်ပေးနေတဲ့ ရိပေါ်ကို ကြည့်ရင်း စိတ်ပူလာသည်။ သူအဆင်မှပြေပါ့မလား။

သူ့ကိုလာကယ်ပြီးတာနဲ့ ရှန့်ခုံးကို ကယ်ရမယ်ဆိုပြီး သွေးရူးသွေးတန်းနဲ့ ခုန်ချဖို့ကြိုးစားတဲ့ရိပေါ်။ သူ့မျက်စိရှေ့မှာတင် မြေပြင်ပေါ်မှာ ခွေခွေလေး လဲနေတဲ့ ရှန့်ခုံးကို မျက်ဝါးထင်ထင်တွေ့ရတော့ အသက်ရှူ၊ နှလုံးခုန်တွေ မြန်လာကာ မေ့လဲသွားမှာကို ရှောင်းကျန့်က စိုးရိမ်မိပေမယ့် ရိပေါ်က ပြိုလဲကျသွားတာကလွဲရင် သတိလွတ်မသွားခဲ့။ ရှောင်းကျန့်လက်ကိုသာ မလွှတ်တမ်း တင်းတင်းဆွဲထားတာ ရဲတွေရောက်မလာခင်အထိ။

ရဲတွေက ရိပေါ်ကို စစ်ချက်ယူပြီးတော့ ရှောင်းကျန့် သူ့နားသွားနေလိုက်သည်။ ရုံးခန်းထဲက စားပွဲပေါ်မှာ လက်ထောက်ထိုင်ပြီး လက်ထဲ မျက်နှာဝှက်ထားသည့် ရိပေါ်ကျောလေးကို သူခပ်ဖြည်းဖြည်းပုတ်လိုက်တော့ သူ့ကိုမော့ကြည့်လာသည်။ ရိပေါ်က ငိုမနေပေမယ့် သူ့မျက်ဝန်းထဲမှာ ရှောင်းကျန့်ကိုတောင် မြင်ရဲ့လားမသိ။ အရောင်အဆင်းကင်းမဲ့လို့။

"ရိပေါ်.. "

အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းက အခုအချိန်မှာ မေးစရာမဟုတ်မှန်းသူသိပါသည်။ ဘယ်လိုမှ ရိပေါ်အတွက် အဆင်ပြေမှာမဟုတ်သလို အပြစ်ရှိတယ်လို့ ခံစားနေရမှာကို သူနားလည်သည်။

"ကျန့်ကော. . . ရှန့်ခုံး မသေနိုင်ဘူးမလား"

"မသေနိုင်ပါဘူး. . သူမသေနိုင်ပါဘူး"

ရိပေါ်က ငြိမ်ကျသွားပြန်သည်။ ဘာမှဆက်မပြောပဲ သူ့လက်တွေသူငုံ့ကြည့်နေသည့် ရိပေါ်ကို သူဘယ်လိုနှစ်သိမ့်ရမလဲ မသိတော့။ သူ့ကြောင့်သာ ရိပေါ်က ရှန့်ခုံးကို လက်လွှတ်ခဲ့တာမလား။ ရိပေါ်က သူ့ကိုယ်သူအပြစ်တင်နေမလား။ ရှောင်းကျန့်ကိုပဲ အပြစ်တင်နေမလား။

MARSWhere stories live. Discover now