MARS 20 (Unicode)

Start from the beginning
                                    

ရိပေါ်လေသံက နည်းနည်းတော့ မုန်းတီးသံပါသည်။

"မင်းမာမားဆေးရုံတက်တုန်းက သူတို့မင်းကို ပြန်ခေါ်လာကြတာလား"

ရိပေါ်က မဲ့ပြီးခေါင်းငြိမ့်ပြသည်။ ပြီးမှ ဒါတွေမပြောနဲ့တော့ လို့ စကားဖြတ်လိုက်သည်။

ရိပေါ်အိမ်က အပြင်ပိုင်းတင်မဟုတ် အတွင်းမှာလဲ တိတ်ဆိတ် အေးစက်လွန်းလှသည်။ အိမ်အတွင်းနံရံတွေပေါ်မှာ ပန်းချီကား ဓာတ်ပုံ တစ်ခုမှရှိမနေ။ ပစ္စည်းနည်းနိုင်သမျှ နည်းအောင် ပြင်ဆင်ထားပုံရပြီး နေရာလွတ်အကျယ်ကြီးတွေနှင့် ရှင်းလင်းနေတာ လူမရှိတဲ့ ခန်းမအလွတ်ကြီးတစ်ခုလို လစ်ဟာနေတဲ့ခံစားချက်မျိုး ပေးပြီး အိမ်ထဲမှာနေနေတဲ့ သူက သေးနုပ်သွားသယောင် ခံစားရသည်။

အနောက်ဘက် ခြံဝင်းက ဂေါက်ကွင်းကျယ်ကိုမျက်နှာမူထားသည့် အပေါ်ထပ်ဧည့်ခန်းအဝင်မှာတင် ရိပေါ်နဲ့ ရှောင်းကျန့် ခြေလှမ်းတုံ့သွားသည်။

ဧည့်ခန်းရဲ့ နံရံပေါ်မှာ ချိတ်ဆွဲထားသည့် ပန်းချီကားချပ်ကြီးက ရိပေါ်ရဲ့ Mars။ ခဲပုတ်ရောင် နံရံနောက်ခံမှာ ထင်းလင်းကြွရွနေသည့် Mars ရဲ့ အနီအဝါရောင်တွေကို ရှောင်းကျန့်နဲ့ ရိပေါ်မယုံနိုင်ပဲ ငေးနေမိကြဆဲ။

"အော်. . ရိပေါ်နဲ့ ရှောင်းကျန့် ရောက်လာပြီလား"

အခန်းရဲ့ အခြားတဘက်ကနေ ဝိုင်ပုလင်းတစ်လုံးလက်ကကိုင်ရင်း ရိပေါ် ပါပါးက လျှောက်လာသည်။ သူ့လက်တစ်ဖက်ထဲမှာ စုကိုင်ထားတဲ့ ဝိုင်ခွက်တွေကို ရိပေါ်နဲ့ ရှောင်းကျန့်လက်ထဲ ပေးပြီး ဝိုင်ငှဲ့ပေးလိုက်သည်။

"အိမ်ပြန်လာတဲ့ သားနဲ့ သူ့ချစ်သူကို ဒီလိုနည်းနဲ့ ကြိုဆိုတာ မှန်မမှန်တော့မသိဘူး။"

ရိပေါ်ပါပါးနှုတ်ဆက်ပုံက သားကို နှုတ်ဆက်တာထက် စီးပွားရေးလုပ်ငန်းရှင်အချင်းချင်းတွေ့ဆုံကြပုံနှင့် ပိုတူနေသည်။ သူ့ကြည့်ရတာ ရိပေါ်နဲ့ စကားပြောရတာကို ကျင့်သားမရသေးသလိုမျိုး. .

"ဦးလေးက..."

"Mars က. . "

ရိပေါ်နဲ့ ရှောင်းကျန့်ဆီက ပြိုင်တူမေးသံကြောင့် ရိပေါ်ပါပါးက နည်းနည်းရှက်သွားဟန်တူသည်။ မချိပြုံးနဲ့ နားရွက်နောက်ကို ကုတ်လိုက်တော့မှ ရိပေါ်ရှက်ရင်လုပ်တဲ့အမူအယာနဲ့ တထေရာတည်းလို့ရှောင်းကျန့်သတိထားမိသည်။

MARSWhere stories live. Discover now