ရိပေါ်အခန်းကို ဒုတိယအကြိမ်မြောက် သွားတော့ ရိပေါ်နဲ့အတူတူ။ အပေါ်မတက်ခင် သစ်သားပြားတွေကာပြီး ဂိုထောင်လိုလုပ်ထားတဲ့ အခန်းကိုဖွင့်ပြီး အထဲက ဆိုင်ကယ်တွေကို ရိပေါ်က ကြွားသေးသည်။ ဆိုင်ကယ် သုံးစီးမှာ တစ်စီးက ပြင်လက်စ။ အရမ်းကြီးထိန်းသိမ်းထားပုံမပေါ်ပေမယ့် ရှောင်းကျန့်မျက်စိထဲမှာ လမ်းပေါ်သူမြင်နေကျ ဆိုင်ကယ်တွေနဲ့ ကွဲပြားပြီး ဆွဲဆောင်မှုတမျိုးရှိနေသည်။

"ကောစီးကြည့်မလား"

ရိပေါ်ပြောတဲ့ စီးကြည့်မလားဆိုတာ ဆိုင်ကယ်ပေါ်တက်ခွမလားမေးတာပါ။ ရှောင်းကျန့်က အရပ်ရှည်ပေမယ့် ဆိုင်ကယ်တစ်ခါမှမခွဖူးတော့ ဒေါက်ထောက်ထားတဲ့ ဆိုင်ကယ်ပေါ်တောင် ကဂျိုးကဂျောင်နဲ့ မနည်းရအောင်တက်ရသည်။ ဆိုင်ကယ်ပေါ်ရောက်တော့လည်း သူ့ခြေတံရှည်ကြီးက ထိုးထိုးထောင်ထောင်နဲ့ ဒူးခေါင်းက ဘယ်နားထားရမှန်းမသိ။ သူဖြစ်နေပုံကို ရိပေါ်က ရီရင်း သူ့ကိုယ်နေဟန်ထားကိုပြင်ပေးသည်။ ဒါပေမယ့် တောင့်တင်းနေတဲ့ ရှောင်းကျန့်ကိုယ်လုံးနဲ့ လားလားမှမအပ်စပ်။ ပိုဆိုးတာက သူ့ကိုယ်နေဟန်ထားကို ပြင်ပေးရတဲ့ ရိပေါ်လက်တွေ ရှောင်းကျန့် ကျောနဲ့ ပေါင်တလျှောက်ထိကပ်သွားတာမို့ ရှောင်းကျန့် တစ်ကိုယ်လုံး ပူထူလာသည်။

"ဒါတွေက ပြိုင်တဲ့ဘီးတွေကောရဲ့။ လမ်းပေါ်က ဆိုင်ကယ်တွေနဲ့ မတူဘူး။ အဲဒါကြောင့် သူတို့ structure တည်ဆောက်ပုံကိုက ကွာနေတာ"

ရှောင်းကျန့်ကတော့ ရိပေါ်ရှင်းပြနေတဲ့ ဆိုင်ကယ် ကိုယ်ထည် သတ္တုတွေ အင်ဂျင်ပါဝါအမျိုးအစားတွေ နားမလည်ပါ။ သူနားလည်တာက ဆိုင်ကယ်ကိုယ်ထည်ရဲ့ အနုပညာဆန်ဆန်အချိုးအကွေ့တွေ။ အဲ့ဒါတွေကိုပဲ လက်ဖျားထိပ်လေးနဲ့ ကောက်ကြောင်းလိုက်ပြီး တို့ထိကြည့်မိသည်။

"ပန်းချီဆရာဆိုတော့ အမြင်ကိုက သာမာန်နဲ့ မတူဘူးပဲ"

သူပြောနေတာထက် ဆိုင်ကယ်ရဲ့ ပုံပန်းသဏ္ဍာန်ကိုပဲ စိတ်ဝင်စားနေတဲ့ ရှောင်းကျန့်ကို ရိပေါ်က မဲ့ပြသည်။ ရှောင်းကျန့်လဲ စပ်ဖြီးဖြီးနဲ့ သူမှရိပေါ်ပြောတာတွေနားမလည်ပဲ။

MARSWhere stories live. Discover now