ဆုရကဗျာလေးပါဆရာတွေကြားမနည်းလုခဲ့ရတဲ့ဆုလေးတစ်ဆုပါ....
................................................................
"စစ်ပွဲ ရယ်သံ"
ကျည်စတွေ ဘောင်ကွပ်တဲ့ ဒုက္ခသည် စည်းရိုးမှာ
ပန်းပွင့်တာ မမြင်ဖူးပေမယ့်
ဒုက္ခ တွင်းအိုထဲက ဘဝ နေပြိုသွားတဲ့
သားသည်အမေ တစ်ယောက်ရဲ့ ဘဝမှာ
ရေအိုး ခွဲဖူးပြီ
ကြေးစည် ထုဖူးပြီ
သပိတ်သွပ် တရား နာဖူးပြီ
မာဆတ်ဆတ် ထမင်းခဲကို
ဆားတစ်ပွင့်နဲ့ ဟင်း သဏ္ဍန်လုပ်
မျက်ရည်နဲ့ ရောထုပ်
သွေးအလိမ်းလိမ်း ထွက်လာတဲ့ ညည်းသံမှာ
အမေက ညည်းတာလား
သားက ညည်းတာလား ဆိုတာ
ထမင်းထုပ်ပဲ သိလိမ့်မယ်
ပန်းပွင့်တွေ စိစိညက်ညက် ကြေမွအောင်
မြေကြီးကို ကန္တာရအဖြစ် ဖန်တီးတဲ့ စစ်
ဒါ....မျက်မှောက်ခေတ် စစ်...။ဦးတည်ရာမဲ့တဲ့ နေ့တွေမှာ
ရင်ဘတ်စည်တီးတဲ့ စစ်မြေပြင်က
အနိဋ္ဌာ အာရုံတွေကို လှမ်းလှမ်းဆွဲ
ငယ်သံပါတဲ့ ငိုချင်းကို ရေရွတ်စေ ပြီး
မရဏ အတောင်ပံ ဖြန့်နေတဲ့
သေမင်းရဲ့ခံတွင်းဝမှာ
အသက်ရှင်ခွင့်ကို တောင်းပေမယ့်
ပုဆိုးတစ်ကွင်း ပိုင်ရှင်
ကလေးငယ် တစ်ယောက်ရဲ့ဖခင်ကတော့
ကျည်ခင်းတဲ့ လမ်းကနေ
ပြန်မလာတော့တာ သေချာပြီ
တိုက်ပွဲပြီးစ စစ်မြေတလင်းလို
အဖမဲ့ ကလေးရဲ့ အနာဂတ်
အနားစတွေ ဖွာလန်ကျဲလို့
ဘဝတွေ ငိုသံ မစဲတော့ဘူး
ကံဆိုးမသွားရာ မိုးလိုက်လို့ စ ရွာခဲ့ပြီ....။ပြည်တခွင် ကျည်ဆံတွေ ဖြာသမျှ
ဒီအသံတွေ နားစည်မှာ သာနေသမျှ
ဘဝအလင်းတွေ ခဏခဏ သင်းကွပ် ခံရမယ်
ပစ်ခတ်တဲ့ မုန်တိုင်းကြား
ထိတ်လန့်ဖွယ် အကြောက် တရားတွေကို
ကတုတ်ကျင်းထဲ သိမ်းကျုံးထည့်
ပုံပန်းပျက် ဘဝနဲ့
ကမ္ဘာဖျက် လောင်စာကြောင့်
ဓားစာခံ မျက်ရည် စတွေ
စစ်ပြေးဆိုတဲ့ ဒုက္ခသည် စာရင်းထဲ
တဖြည်းဖြည်း တိုးဝင်သွားကြတာ
၂၁ရာစု မုဆိုးမတွေ အဖြစ်နဲ့....။မျက်မှောက်ခေတ်.......စစ်မို့
ချီလေတဲ့ စစ်သည်ကြားမှာ
စစ် မြင်းတွေ မဟီ ၊ စစ် လှံတွေ မကျဲ
စစ် မြှားတွေ မဝေ ပါပဲ
ယမ်းမိုးတွေ သဲသဲမဲမှောက်
သူ့ထက်ငါ အပြိုင် ပစ်ဖောက်လို့
သင်ပုန်းနဲ့ မစခဲ့ရတဲ့ ဘဝက
အင်္ဂါမစုံ ခြေ လက် တစ်ဖက်နဲ့ စတာမို့
ရင်ထုကာ ပူဆွေးသံတွေက
ကမ္ဘာ့ကျောကုန်းမှာ မြိုင်မြိုင်စည် နေတယ်
ငြိမ်းချမ်းရေးဆိုတာ သူတို့ရဲ့ မှတ်ဉာဏ်ထဲ
အတိတ်ဆိုး အဖြစ် ထည့်သွားပေးတဲ့...စစ်....။သေမိန့်ချသူ ဘယ်သူမှန်းမသိ
ပစ်လိုက်တဲ့ ကျည်တစ်ထောင့်မှာ
ကလန်ကဆန် သေမင်းရဲ့ အပြုံးကြောင့်
အနာဂတ်မဲ့လူတန်းစား ရင်ကို ထိုးဖောက်
ဒေါထန်တဲ့ အရှိန်နဲ့
မရဏယန္တရား တောင်ပံခတ်လာတဲ့
စစ်ပွဲရဲ့..ရယ်သံအောက်မှာ
အသက်မဲ့ လူတန်းစား တွေရဲ့ ငိုသံက
အမှောင်ကမ္ဘာထဲ ခုထိ ကူးလူး ရှိုက်ငိုနေကြတုန်း.....။နွန်း
YOU ARE READING
အတွေး၊စိတ်ကူးကဗျာများ
Romanceဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...