C 8

781 76 2
                                        

မနက်လင်းတော့ ရူဘီမျက်နှာသစ်နေတုန်း ရွာသားတွေရုန်းရုန်း ရုန်းရုန်းနဲ့ သူကြီးအိမ်ကို ဦးတည်သွားနေကြသည်ကိုခြံထဲကနေ မြင်လိုက်ရသည်။ထိုအထဲတွင် အခြားသူများထက်ပိုရင်းနှီးသယောင်ရှိတဲ့ကြက်မလည်း ပါနေတာကြောင့်
   "မကြက်မ"
   "ဟယ် မင်းသမီးအခုမှနိုးတာလား"
  "ဟုတ်တယ် ရွာသားတွေက ဘာဖြစ်လို့လဲဟင် ဘာလို့သူကြီးအိမ်ကိုသွားနေကြတာလဲ"
  "မင်းသမီး မသိသေးဘူးထင်တယ် လူချောလေးက သူကြီးယူရှင်းကို မောင်းခတ်ပြီးရွာသားတွေကိုခေါ်ခိုင်းထားတာလေ"
   "ဟင် ဟုတ်လား"
  "မင်းသမီးလိုက်မလို့လား လိုက်ရင်လာလေအတူသွားမယ်"
  အင်း လိုက်သွားရင်တော့တစ်ခုခုတော့သိရမှာပဲ။အိမ်ကမဟာယောက်ျားမြတ်ကြီးက ရူဘီ့ကိုတစ်လုံးတစ်ပါဒမှဖွင့်ဟတိုင်ပင်တာမဟုတ်ဘူး။မေးလည်းမဖြေလွန်းလို့ မောကာ မမေးချင်တော့ဘူး။
   "ခဏစောင့် ကျွန်မ အိမ်တံခါးပိတ်လိုက်မယ် မကြက်မရေ"
သူကြီးအိမ်ရောက်တော့ ရွာသားတွေဟာဗျစ်တောက်ဗျစ်တောက်
   "သူကြီးကလည်းဗျာ နေ့တိုင်းယာစိုက်တောင် ထမင်းကနပ်မမှန်ချင်တာကိုအစည်းအဝေးလာခေါ်နေတယ်"
  မင်နို (ခ) ဝက်ကြီးရဲ့စကားသံ။
   "ဟုတ်တယ် အခုတောင် စင်ကဘူးသီးလေးခူးပြီးဟိုဘက်ရွာသွားရောင်းမလို့ကိုအခုတော့ အချိန်လင့်ကုန်ပြီ"
ထောက်ခံရင်း ပေါက်ကွဲလာသူက မီနာ(ခ)ကြက်မရဲ့ ချစ်လင် ဒိုဟွန်း (ခ) ပြူးကြီး။

(စာကြွင်း။ ။နောက်ပိုင်းကျ ကြက်မတို့ ဝက်ကြီးတို့စတဲ့နာမည်ပြောင်နဲ့ပဲနှစ်ပါးသွားပါတော့မယ် နာမည်ရင်းလေးတွေတော့တွဲမှတ်ပေးကြပါ:xD)

   "ကဲ တော်ကြတော့ မင်းတို့ပြောနေတာနဲ့ရှေ့မရောက်ဘူး အခုက လူချောခေါ်ခိုင်းလို့ငါကခေါ်တာ ငါလည်းအကြောင်းအရာမသိဘူး လူချော မင်းပြောဦး"
လူအုပ်ကြီးကိုဟောက်ရင်း လာလီ့ဘက်ကိုလှည့်ပြောလိုက်တာမို့ ခေါင်းငြိမ့်ကာ ချောင်းတစ်ဟန့်ပြီး
  "အဟမ်း ဒီလိုပါ ကျုပ်ခေါ်ရတဲ့အကြောင်းအရာကတော့ ခင်ဗျားတို့ကိုအလုပ်ပေးချင်လို့ပဲ"
  "အလုပ်?"
  အားလုံးဆီက ထွက်လာသောအသံဟာတစ်ခုတည်း။
  "ဟုတ်တယ်အလုပ် "
"ဘာအလုပ်တုန်းလူချောရ ငါတို့ကဘာလုပ်ရမှာတုန်း"
ပြူးကြီးကထမေးခြင်း
  "လွယ်ပါတယ် ချောက်ကမ်းပါးထဲက သဲချောင်းထဲက သဲတွေကိုအပေါ်တင်ရမှာ တစ်ဗန်းကို ငွေစ ၂၀၀ ပေးမယ် ခင်ဗျားတို့သယ်နိုင်ရင်သယ်နိုင်သလောက်အထိ"
  "တစ်ဗန်းထဲတောင် ငွေစ ၂၀၀ဆိုတော့ အမလေး တစ်နေ့လုံး ယာထဲသွားရင်တောင် ငွေစ ၅၀ လောက်ရတာ ပြီးတော့သယ်ရင်သယ်နိုင်သလောက်ရမှာဆိုတော့ ကျုပ်တို့အဆင်ပြေပြီပေါ့တော့"
သွေးဆုံးခါနီးအပျိုကြီး ဒါရာ ရဲ့စကားကြောင့်တစ်ရွာလုံးကပြုံးပျော်ကုန်ကြသည်။
   "ဟုတ်တယ် ဒေါ်လေး ကြက်မတို့ကတော့ စကပ်ခါးတောင်းကျိုက်ပြီးကိုသယ်ပစ်ဦးမယ်"
"ဟာ ဒေါ်ကြက်ကြီးကလည်း ကျုပ်တို့စားမဝင်အောင်လုပ်တော့မယ် ဒေါ်ကြက်ကြီးဖင်က မဲနေမှာပဲကို"
ကြက်မစကားကြောင့်ပြာပြာသလဲ ပြောလာတဲ့ ဂွမ်နီတို့ကလေးတစ်သိုက်ကြောင့် ဝါးခနဲရယ်ချလိုက်ကြတာ အုန်းအုန်းကျက်ကျက်။အားရပါးရဆဲချလိုက်တဲ့ ကြက်မရဲ့အသံဟာလည်း မိုးလုံးဟိန်းသွားသည်။
   "သေနာလေးတွေ"
လာလီကတော့သူတို့ကိုသာပြုံးကြည့်နေရင်း မျက်လုံးထောင့်ကနေ နွဲ့နွဲ့နှောင်းနှောင်းပုံရိပ်ကလေးဟာဖျက်ခနဲ။ မင်းသမီးဟာ သစ်ပင်လေးကိုမှီရပ်ရင်းကြည့်နေတာ။စိတ်ချပါမင်းသမီးရယ် ကျုပ်ရှာဖွေသမျှ အောင်မြင်မှုဟာ ခင်ဗျားအတွက်ပါပဲ။
  "အဲ့တော့လာလီ ငါလည်းလုပ်လို့ရလား"
သူကြီးယူရှင်းအမေးကို လာလီတောင်မဖြေရသေး
   "အိုတော် သူကြီးက ဘာလို့လုပ်မှာလဲ ရွာသားတွေကျ အလုပ်ရှာမပေးနိုင်ဘဲ ရလာတဲ့အလုပ်လေးကျလာလုချင်နေတယ်"
   "အေးလေ လူချောအလုပ်ပေးလို့ ကျုပ်တို့အလုပ်ရတာ သူကြီးနဲ့သာဆိုမွဲနေဦးမှာပဲ"
   "တိတ်စမ်း"
တစ်ယောက်တစ်ပေါက်ပြောသံတွေဟာသူကြီး အသံနောက်မှာ တိခနဲပိတ်ကျသွားသည်။
   "နင်တို့ကသူကြီးလား ငါကသူကြီးလား"
  "ဟီးဟီ သူကြီးကသူကြီးပါ သူကြီးရယ်"
စပ်ဖြဲဖြဲမျက်နှာနဲ့ပြူးကြီးကပြောတော့
  "အချိုးကိုမပြေကြဘူး"
သူကြီးက ငေါက်ကာ လာလီ့ဘက်ကိုလှည့်ပြီးမျက်နှာငယ်လေးနှင့်
   "လူချော ငါလည်းလုပ်မယ်လေကွာ"
  "ရတာပေါ့ လူအင်အားများလေ ပိုကောင်းလေပဲ လှည်းနှစ်စီးတိုက်စာလောက်သဲတွေကို ကျုပ်လိုချင်တယ် တပတ်အတွင်း"
   "ဟာ ရတာပေါ့ မင်းအလုပ်အဆင်ပြေပြီသာမှတ်တော့"
လာလီပြုံးလိုက်ပြီး
  "ကဲ အိမ်ပြန်ပြီးပြင်စရာရှိတာပြင်ဆင်ထားလိုက်တော့ မနက်ဖြန်ကစလုပ်မယ် ကျုပ်သွားပြီ"
စကားစဖြတ်ပြီး နှလုံးသားလေးရှိရာကိုလာလီလှမ်းခဲ့သည်။
   "အိမ်မှာမနေဘဲ ဘာလို့လာမတ်တပ်ရပ်နေတာလဲမင်းသမီးရယ်"
   "ရှင့်အကြံတွေကျွန်မသိမှာစိုးလို့လား"
"ခင်ဗျားသိပ်ရွဲ့တတ်တယ်နော်"
   "ရှင်ကသဲ လှည်းနှစ်စီးတိုက်စာတောင်ဘာလုပ်မလို့လဲ"
   "အကြောင်းရှိလို့ပေါ့ မင်းသမီးရယ် ကဲ သွားသွား အိမ်ပြန်နှင့်"
  "ဟင် ရှင်ကတစ်ခါတည်းမလိုက်ဘူးလား"
   "ကျုပ်ပန်းပဲဖိုဘက်သွားမလို့"
  "ရှင့်မလဲ ရွာရိုးကိုးပေါက်ကိုပတ်နေတော့တာပဲ"
   "နှာခေါင်းပေါက်လောက်ရှိတဲ့ရွာလေးမှာ အိမ်မှာမရှိတာနဲ့ပဲရွာရိုးကိုပေါက်ပတ်တယ်မပြောပါနဲ့ မင်းသမီးရယ်"
ရူဘီသူ့အားမျက်စောင်းထိုးလိုက်သည်။
  "ကျုပ်ပြန်လိုက်ပို့ပေးရဦးမလား"
"ရတယ် ကျွန်မဟာကျွန်မပြန်တတ်တယ်"
  "ကောင်းပြီ ဂရုစိုက်ပြန်နော် မင်းသမီး ကျုပ်စိတ်မပူရစေနဲ့"
ပြောချင်ရာပြောပြီးထွက်သွားတတ်တဲ့သူ့အကျင့်ဟာ ရူဘီမကြိုက်ဆုံးထဲကတစ်ခု။
ဒီဘုန်းကြီးကျောင်းသားဟာဒေါင့်မကျိုးဘူးဆိုပြီး ထုရိုက်ပစ်ဖို့ကောင်းသော်လည်း ထိုဘုန်းကြီးကျောင်းသားနာကျင်သွားမှာကိုပဲ ရူဘီအသဲထဲကကြောက်နေမိပြန်သည်။ဒါဟာ ဘာကြောင့်လဲ အဖြေရှာကြည့်ရမလားစဉ်းစားမိသော်လည်း မေးခွန်းမရှိဘဲ ထွက်လာတဲ့အဖြေဟာ သိပ်ကို သနားစရာကောင်းနေလိမ့်မည်။ဒါကြောင့်အဖြေမရှာတော့ဘူး။ဒီတိုင်းလေးပဲ တကယ်ကိုဒီတိုင်းလေးပဲ ရှင့်ရဲ့ဘဝထဲမှာစီးမျောခွင့်ရနေချင်တယ် လာလီ။ရှင့်အတွက် လက်ခုပ်တီးပေမဲ့ပါရမီဖြည့်ဘက်ပဲဖြစ်ချင်တယ်။တကယ်တော့ရူဘီနဲ့လာလီဟာ နှလုံးသားချင်းထပ်တူကျနေခဲ့ပြီးသားပါလေ။

#next part coming
#ရေးပြီးသားမို့ တစ်ခါတည်း up လိုက်ပါတယ်ကြာအောင် up မှန်နိုင်အောင်ကြိုးစားပါမယ်လို့ 🤧
 

H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡Where stories live. Discover now