part3

334 16 0
                                    

       အရှိန်ပြင်းစွာ မောင်းလာသောဆိုင်ကယ်ကို ခြံကြီးတစ်ခု၏ အရှေ့တွင် ရပ်လိုက်သည်။မြိတ်မြို့၊နောက်လယ်ရပ်ကွက်တစ်ခုလုံးတွင် အကျယ်ဆုံးခြံကြီးနှင့် ခမ်းနားလှဆုံးသောတိုက်အိမ်ကြီး။ဆိုင်ကယ်ရပ်လိုက်သောအခါ ကျော်လေး၏ ဖက်ထားသောလက်များမှာ ပြေလျော့သွားခဲ့သည်။

"အတ္တ.."

"အိမ်ထဲဝင်တော့.."

          စကားကို ခပ်ပြတ်ပြတ်ပြောကာ ဆိုင်ကယ်မောင်းထွက်သွားသည်။အတ္တ၏ စိတ်အခြေအနေမကောင်းတာ တစ်လမ်းလုံး သူရိပ်စားမိသည်။ဖောက်ပြန်ခံရတဲ့ ခံစားချက်ဆိုတာ အလွန်ခံရခက်သည်မဟုတ်ပါလား။အတ္တဘာမှမဖြစ်သလိုဟန်ဆောင်နေပေမဲ့ အရင်ကသံယောဇဉ်လက်ကျန်လေးကြောင့် စိတ်ထဲတွင်တစ်ခုခုဖြစ်နေမည်မှာ အသေအချာပင်။
           ပစ္စည်းအထုပ်လေးကို ကိုင်ရင်း ခြံတံခါးဝရှိ ဘဲလ်လေးကိုနိပ်လိုက်သည်။မကြာမီ အိမ်အကူအဒေါ်ကြီးရောက်လာကာ ခြံတံခါးလာဖွင့်ပေးသည်။ခြံထဲဝင်သွားတော့ ပန်းပင်ရေလောင်းနေသော ကိုကို့ကို တွေ့လိုက်ရသည်။
           ကိုကိုဆိုတာ ဦးသူရိန်အောင်၏ မွေးစားသား သတို့မာန်ပြည့်ရှိန်ပင်။အသက်26နှစ်အရွယ် ကိုကိုက အသက်30ကျော် ယောက်ျားကြီးတွေအလား တည်ငြိမ်ရင့်ကျက်မှုအပြည့်။ဒယ်ဒီ အားကိုးရတဲ့သားတစ်ယောက်။ဒယ်ဒီရဲ့ လုပ်ငန်းအားလုံးကို ကူညီလုပ်ကိုင်ကာ ဒယ်ဒီ့စကားကို အမြဲနားထောင်တတ်သော သားအလိမ္မာလေး။

"ကိုကို‌.."

"ဗျာ.."

       နွေးထွေးလှသော အသံချိုချိုလေးက နားထဲချိုမြိန်စွာ ဝင်ရောက်လာခဲ့သည်။ကိုကိုက ပန်းပင်ရေလောင်းရင်း သူ့ကိုကြည့်လိုက်သည်။‌‌ေကျာ်‌ေလးမျက်နှာ မရွှင်မပြဖြစ်နေတာကိုမြင်ရတော့

"ကလေးဘာဖြစ်လာလို့လဲ"

"ဟူးးးဘာမှမဖြစ်ပါဘူး"

      ကျော်လေးသက်ပြင်းချလိုက်ပြီး ကိုကို၏ မနီးမဝေးရှိ ဒန်းကလေးပေါ်တွင် ထိုင်လိုက်သည်။ပစ္စည်းထုပ်ကို နံဘေးကိုချထားလိုက်ကာ ဒန်းကိုအသာအယာလွှဲနေသည်။ငြိမ့်ငြိမ့်ညောင်းညောင်းလေးနှင့် ဒန်းစီးရတာသူအရမ်းကြိုက်မိသည်။ဝတ္တုတစ်အုပ် ဒါမှမဟုတ် ကော်ဖီတစ်ခွက်နှင့်ဆိုရင် ဒန်းစီးရတာပိုငြိမ့် သလိုခံစားရသည်။
      ထိုအချိန်တွင် အနက်ရောင်mercedesကားတစ်စီး ခြံတံခါးအဝသို့ ရောက်လာသည်။ကိုကိုက ချက်ချင်းပင် ရေလောင်းနေတာကို ရပ်လိုက်ပြီး ခြံတံခါးကိုအပြေးအလွှားသွားဖွင့်ပေး‌လိုက်သည်။ကိုကိုရဲ့ အမူအရာကိုကြည့်ပြီး ဘယ်သူ့ကားဆိုတာ ကျော်လေးအတိအကျသိသည်။
            ကားကခြံထဲဝင်လာပြီး အိမ်ရှေ့ဆင်ဝင်အောက်တွင် ရပ်လိုက်သည်။ကားပေါ်မှဆင်းလာသူမှာ ကျော်လေးထင်သည့်အတိုင်း ဦးသူရိန်အောင်ပင်။ဦးသူရိန်အောင်၏ ကားအနောက်တွင် နောက်ကားတစ်စီးပါလာခဲ့သည်။
              ဦးသူရိန်အောင်က အနက်ရောင်ကားပေါ်မှ ဆင်းလာပြီး အိမ်ထဲတည့်တည့်မတ်မတ်ဝင်သွားသည်။ကျော်လေးကို မရှိသည့်အမှုန်အမွှားလို တစ်ချက်ပင်မကြည့်ခဲ့။ဦးသူရိန်အောင်၏ ကားအနောက်တွင်ရပ်ထားသော ကားမှ လူသုံးယောက်ဆင်းလာသည်။တစ်ယောက်က ဗိုက်ပူပူ အရပ်ပုပုနှင့် အင်မတန်ရုပ်ဆိုးအကျည်းတန်သောလူကြီး။ကျန်နှစ်ယောက်ကတော့ ကိုကိုနှင့်အသက်တူတူလောက်ရှိမည်။
             ရုပ်ဆိုးဆိုးလူကြီးက ရုပ်သာဆိုးသည်။ကြွယ်ဝမှုမသေးတာကိုတော့ အဝတ်အစားအပြင်အဆင်ကိုကြည့်ရုံနှင့် သူခန့်မှန်းမိသည်။ထိုလူကြီးဝတ်ထားသော နာရီကား ဒေါ်လာသိန်း30တန်ဖိုးရှိသည့် montblanc brandနာရီတစ်ခုဖြစ်သည်။မြန်မာငွေနှင့်ဆိုရင် ဆိုဖွယ်မရှိ။
             လူတွေဘာဖြစ်လို့ ဒီ‌လိုဈေးကြီးတာတွေကို ဟန်လုပ်ဝတ်ချင်ကြတာလဲ သူစဉ်းစား၍ပင်မရ။5000တန်နာရီဝတ်လည်း အချိန်က အချိန်ပဲဖြစ်သည်။သူကိုယ်တိုင်က ချမ်းသာတဲ့ မိသားစုထဲကဖြစ်ပေမဲ့ ပကာသနတွေကို သူမကြိုက်။ရိုးရိုးရှင်းရှင်းဖြစ်သည်ကိုသာ ကြိုက်သည်။ထိုလူကြီးကိုကြည့်ရင်း ပကာသနတွေအကြောင်း တွေးတောမိ‌သည်။
          ထိုလူကြီးကတော့ အိမ်ထဲမဝင်သေးဘဲ ရပ်ပြီး ဟိုကြည့်သည်ကြည့်လုပ်နေသည်။

Rewrite the star (Complete)Where stories live. Discover now