"ပြီးပါပြီ ကိုသက်လူ... ခေါင်းပေါင်း ပေါင်းဖို့သာကျန်တာပါပဲ... ကျုပ်ဖြင့် ဒီခေါင်းပေါင်းနဲ့ တယ်ပြီးနေရာမကျပါဘူး... ဒီတိုင်းဖြုတ်သာထားလိုက်ချင်တော့တယ်"

"ကဲ... လာစမ်းပါ ဒီကို... ကျွန်တော်လုပ်ပေးပါ့မယ်"

ကိုသက်လူက ရဲခေါင်လက်ထဲမှ ပုဝါစကိုယူ၍ မောင့်ကျက်သရေခေါင်းပေါင်းအား ကျွမ်းကျင်ပိုင်နိုင်စွာဖြင့်ပေါင်းပေး၏။ သူကိုယ်တိုင်ကလည်း တိုက်ပုံအင်္ကျီ ခေါင်းပေါင်းတို့ဖြင့် ခန့်ညားချောမောလို့နေ၏။

"ကိုသက်လူက တော်လိုက်တာဗျာ"

ရဲခေါင်က လူအများရှေ့တွင် ချီးမွမ်းတော့ ကိုသက်လူက အနေရခက်စွာပြုံးလိုက်၏။ ပြုံးသည်ဆိုရုံမျှသာ။

"ဦးအောင်ဇေယျတို့ ပြီးကြပြီလား"

ကိုဘမြင့်က ဝင်လာပြီးမေးပြန်သည်။ ခေါင်းပေါင်းပုဝါစကို လက်နှင့်ကိုင်ထားပြီး ကိုဘမြင့်သည်လည်း ခေါင်းမပေါင်းရသေးပေ။

"ဟော... ခင်ဗျားတို့ ခေါင်းပေါင်းတွေ နေရာကျနေပြီပဲ... ကျုပ်ကို လုပ်စမ်းပါဦးဗျာ... တကယ်တည်း... ခေါင်းပေါင်းတစ်ခါပေါင်းတာ ဆင်မတစ်ခါ ကိုယ်ဝန်ဆောင်နေရသလိုပဲ နှစ်ခါလည်လောက်ကြာတယ်"

ကိုဘမြင့်အပြောကို ကျောင်းသားများက သဘောကျစွာဝိုင်း၍ရယ်ကြပြီး ကိုသက်လူက ပုဝါကိုယူ၍ ကူပေးလိုက်ရသည်။ ကိုဘမြင့်၏ ခေါင်းပေါင်းနေရာကျပြီးတော့ အခန်းဝ၌ ကိုလှတင်၏ အသံဗြဲကြီးကို ကြားလိုက်ရသည်။

"အလို!! ဟိုရှေ့နားဆီက ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပစွာနဲ့ မာလီတွေလား ဒရဝမ်တွေလား... အမျိုးသေချာစစ်တော့ သူခိုးတွေသာဖြစ်တော့ သကိုး!!"

ကိုလှတင်၏ အပြောကို တဝါးဝါးတဟားဟား ဝိုင်း၍ရယ်ကြသည်။ ကိုဘမြင့်က ခါးထောက်လျက် ကြမ်းပြင်အား ဖနောင့်နှင့် ပေါက်လိုက်ပြီး...

"တယ်!!  သူတော်ကောင်းတွေ ပွဲလမ်းသဘင်ရှိပြီဆို ရွာသူတွေ နှောက်ယှက်တယ်... ဟိတ်! ခုချက်ချင်း ထမင်းကြမ်းကို ခွေးချေးလူးပြီး ခေါစာပစ်လိုက်ကြစမ်းကွယ်ရို့"

"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျWhere stories live. Discover now