အတွင်းပိုင်းက မှောင်မိုက်နေပေမဲ့ မက်ဒါနာတို့နည်းပညာဝတ်စုံတွေမှာက ​ညအကြည့်အမြင်ပါပါတယ်။
ဖရက်ကတော့ အမှောင်ထဲမှာပဲ တိတ်ဆိတ်စွာနေရင်းပတ်ဝန်းကျင်နဲ့ အသားကျသွားပုံပဲ။ ဓားနတ်ဆိုးကျတော့ သူ့အတွက် အမြင်အာရုံမလိုပါဘူး။ သူက ခါတိုင်းလိုပဲ သားရေဂျာကင်အနက်ကြီးကိုဝတ်ထားပြီး ကြောက်မက်ဖွယ်ရာဓားနက်ကြီးကို ကျောမှာပိုးထားတာကြောင့် အမှောင်ထုနဲ့ တစ်သားတည်းလိုထင်ရတယ်။

ချောက်... ချောက်... ချောက်....

သူတို့မိလ္လာမြောင်းထဲမှာ လျှောက်နေတုန်း ဘာသံမှမကြားရသလို ဘာပိုးကောင်နဲ့မှလည်း မတွေ့ရသေးဘူး။ ရှေ့ဆုံးကသွားနေတဲ့ အေမီက တစ်နေရာရောက်တော့ ရပ်လိုက်တယ်။ သူတို့ချင်း ဘာမှမပြောဖြစ်ကြပေမဲ့ အလိုလိုနေရင်း သိနေတာတစ်ခုတော့ ရှိပါတယ်။ သူတို့နေရာမှန်ကို ရောက်လာပြီ။ သူတို့ရှေ့မှာ မိလ္လာမြောင်းနံရံကို ဖောက်ထွက်ပြီး မြေကြီးထဲကို နိမ့်ဆင်းဝင်သွားတဲ့ အဆုံးမတွေ့ရတဲ့ မြေအော​က်လိုဏ်ခေါင်းကြီးကို မြင်နေရပြီမဟုတ်လား။

ဒီထဲကို ဝင်သွားတာနဲ့ သူတို့ဘာတွေကြုံရမလဲဆိုတာကို မပြောနိုင်ဘူး။ ဖရာလီတာတို့တွေ ဝင်ခဲ့တဲ့ နေရာအတိုင်းသာ ဒီနေရာက အားကောင်းမယ်ဆိုရင် သူတို့အတွက်လည်း ဒီနေရာက လွယ်မှာမဟုတ်ပါဘူး။ သူတို့အုပ်စုက ဖရာလီတာတို့အုပ်စုထက် နည်းနည်းလေးမှ ပိုမသန်မာဘူး။

"ဘာပဲဖြစ်ဖြစ်ပေါ့လေ။" မက်ဒါနာက တစ်ချက်ပြုံးလိုက်ပြီး ရှေ့ကိုဆက်လှမ်းတယ်။ တိုက်ပွဲမဝင်ရတာကြာပြီဖြစ်တဲ့အတွက် သူ့သွေးတွေ ဆူပွက်နေပြီး တိုက်ပွဲဝင်ချင်နေပါပြီ။ မက်ဒါနာနောက်ဆုတ်မသွားတာတွေ့တော့ ကျန်တဲ့သူတွေလည်း ဆက်ဝင်ကြပါတယ်။

တွင်းထဲကို ငါးမိနစ်လောက်ဆက်လျှောက်သွားပြီးတဲ့နောက် လိုဏ်ခေါင်းက ဆုံးသွားပြီး ဂူက ကျယ်ပြန့်သွားတယ်။​ ခွေးနက်ကြီးက အန္တရာယ်တစ်ခုခုကို သတိထားမိဟန်နဲ့ ရှေ့ကိုပြေးတက်သွားပြီး ထိုးဟောင်ပါတယ်။ ငွေရောင်စစ်သည်ရဲ့ဝတ်စုံစနစ်ကနေ သတိပေးချက်တွေ အများအပြားတက်လာပြီး ရန်သူ့တည်နေရာ အတည်ပြုချက်တွေလည်း စက္ကန့်ပိုင်းအတွင်းမှာပဲ ရာချီပေါ်လာတယ်။ နောက်ထပ်ထပ်တိုးနေဆဲဖြစ်ပြီး နောက်ဆုံးရေတွက်၍မရပါဆိုတဲ့ သတိပေးချက်တက်လာပြီး ရပ်သွားတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now