ရဲခေါင်က ကျောင်းသို့ ရောက်ခါစက ရေချိုးခန်းထဲမှ အဖြစ်ပျက်နှင့် နေမကောင်းစဉ် အဝတ်လဲပေးထားသည့် အဖြစ်ပျက်တို့ကို ရည်ရွယ်ပြီးပြောလိုက်သဖြင့် ကိုသက်လူ၏ ဖြူရော်နေသောမျက်နှာက သွေးရောင်လွှမ်းသွားသည်။

"ခင်ဗျားတော့လား"

ရှက်သွားသော ကိုသက်လူ၏ မျက်နှာအား ရဲခေါင်မှာကြည့်၍မဝ။ စားပွဲပေါ်မှ ရေဖန်ခွက်အားလှမ်းယူကာ ဇွန်းဖျားကလေးဖြင့် ခပ်ယူလိုက်ပြီး...

"ရေကလေး နည်းနည်းလောက်သောက်ပါဦး ကိုသက်လူ... အစာမာတွေ ချက်ချင်းကျွေးလို့မရသေးဘူးလို့ ဆရာဝန်ကမှာသွားတယ်... ခဏနေရင် ဟောလစ်သောက်ရမယ်"

ရဲခေါင် တိုက်သောရေအား ဖြည်းညှင်းစွာသောက်ရင်း ကိုသက်လူက ခေါင်းညိတ်၏။

"အရေးပိုင်မင်းကြီးက ပါမောက္ခချုပ်ရုံးခန်းမယ် စောင့်နေလေရဲ့ ကိုသက်သူ... မောင် တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး သတင်းအပို့ခိုင်းလိုက်ဦးမယ်"

ရဲခေါင် ဆေးခန်းအပြင်သို့ထွက်ထွက်ချင်းပဲ အပြင်ခန်း၌ ထိုင်စောင့်နေကြသော ကိုဘမြင့်တို့အုပ်စုအား တွေ့ရသည်။

"ဟော... ဘယ့်နှယ်လဲ ကိုရဲခေါင်... ကိုသက်လူ သတိရပြီလား"

"အခုလေးပဲ သတိရတယ်... တစ်ဆိတ်လောက် အရေးပိုင်မင်းကြီးဆီ အကြောင်းကြားပေးစမ်းပါဦး"

"ကျုပ်တို့ သွားလိုက်ပါမယ်"

ကိုအောင်မြင့်နှင့် ကိုလှတင်က အရေးပိုင်မင်းကြီးအား ခေါ်ဆောင်ရန် ပါမောက္ခချုပ်ရုံးခန်းဘက်သို့ ထွက်သွားကြသည်။ ကိုဘမြင့်က ရဲခေါင်နှင့်အတူ အခန်းတွင်းသို့ လိုက်ဝင်လာပြီး ကိုသက်လူအားနှုတ်ဆက်၏။

"အိုင်ဆေး ကိုသက်လူ... သက်သာရဲ့လား"

"ဟုတ်ကဲ့ ကိုဘမြင့်... သက်သာပါရဲ့... ကျေးဇူးပါပဲ"

"သက်သာမှပါပဲ... ခင်ဗျား သတိမေ့နေတုန်း ခင်ဗျာ့လူ မျက်နှာများမြင်စေချင်စမ်းရဲ့... လင်စိတ် သားစိတ်နဲ့ ခေတ်သစ် မပဒါ မြေလူးနေသလားမှတ်ရ"

"ဟာဗျာ ဒီလူကတော့"

ကိုဘမြင့်က ထိုသို့နောက်ပြောင်တော့ "လင်စိတ် သားစိတ်" ဟူသော စကားအား ရဲခေါင်ရင်ဖိုသွားပြီး အနေရခက်စွာဖြင့် ကိုသက်လူအား မော့ကြည့်မိသည်။ ကိုသက်လူက ခေါင်းငုံ့သွားပြီး နှုတ်ခမ်းတို့က ပြုံးရောင်သန်းနေ၏။ နှလုံးသွေးတို့က တစ်ငြိမ့်ငြိမ့်တိုးနေပြီး ဤအခိုက်အတန့်ကလေးများကို ရဲခေါင်ခံစား၍မဝဖြစ်နေရတော့သည်။

"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျWhere stories live. Discover now