"ခင်ဗျား မသန်းကြည်ကိုလည်း ကူသယ်ရဦးမယ် မဟုတ်လား... ကရိကထများတဲ့ ပစ္စည်းတွေ ထားခဲ့တာကောင်းမယ်ထင်ရဲ့... မဟုတ်ရင် ခရီးဖင့်နေမှဖြင့်"

"ကောင်းပါပြီ အဖွဲ့ခေါင်းဆောင်ရယ်... ဒီလိုဆိုလည်း တစ်ခုပဲ သယ်ပါ့မယ်... အသန်းရေ... လာ... အဲ့ဒီ တောင်းထဲ ထုတ်လို့ရတဲ့ဟာ ထုတ်လိုက်ဦး"

ကိုလှတင်က ရဲခေါင်အားပြောပြီး မသန်းကြည်၏ တောင်းထဲမှပစ္စည်းများကို ကူစစ်ပေးနေသည်။

"အဖွဲ့ခေါင်းဆောင်...ကျုပ်တို့ ဒါသယ်လို့ရမလား"

ကိုအောင်မြင့်က ဘူသီးခြောက်ရေဘူးတွဲကြီးအား မြှောက်ပြကာ ရဲခေါင်အား မေးလာသည်။

"ခင်ဗျားတို့က တယ်ခက်တဲ့ လူတွေပဲ... ပစ္စည်းတစ်ခုသယ်ချင်ရင် ကိုယ့် အတွက်အသုံးလိုလား မလိုလား အရင်စဉ်းစားကြစမ်းပါ... ခင်ဗျား ဒီဘူးသီးခြောက်ရေဘူးတွေ ရန်ကုန်ရောက်ရင်လည်း သုံးဖြစ်ပါ့မလား... အဲ့ဒီလို သယ်ရပိုးရ ကရိကထများတဲ့ ပစ္စည်းတွေကို...."

ရဲခေါင်၏ စကားတို့ မဆုံးသေးခင် တစ်ဝက်တစ်ပျက်မှာပဲ ရွာသူကြီးခြံဝိုင်းထဲသို့ ဝင်လာသော ကိုသက်လူကြောင့် ရပ်တန့်သွားရသည်။ အားလုံး၏ အကြည့်များသည်လည်း ကိုသက်လူဆီသို့ရောက်ကုန်ကြ၏။

ကိုသက်လူ၏လက်ထဲ၌ လောလောလတ်လတ်ယက်ထားပုံရသော လက်ဆွဲနှီးခြင်းကြားကလေးတစ်လုံး။ အထဲ၌ အေးအေးလူလူ မုန်လာဥနီ ကိုက်နေပြီး အပူပင်ကင်းလှသော ယုန်ဖြူလေးတစ်ကောင်။

"ဟ! ကိုသက်လူ... ခင်ဗျား ဒီယုန်ကိုများ မြေပြန့်သယ်ဖို့ ကြံစည်နေရော့သလား"

ကိုလှတင်က မျက်လုံးကြီးပြူးလျှက် အံ့ဩစွာဖြင့်မေးသည်။ ကိုအောင်မြင့်ကလည်း ခေါင်းတခါခါဖြင့် ဝင်၍ထောက်ခံ၏။

"မဖြစ်နိုင်ဘူးထင်ရဲ့ ကိုသက်လူ... အဖွဲ့ခေါင်းဆောင်က ကျုပ်တို့ကို ဘူးသီးခြောက်တွေတောင် သယ်ခွင့်ပြုတာမဟုတ်ဘူး"

ကိုအောင်မြင့်၏ အပြောကြောင့် ကိုသက်လူက ရဲခေါင်အား လှည့်ကြည့်လာသည်။

"အင်း...အဟမ်း... ခင်ဗျားတို့ ကိုယ့်ပစ္စည်းကိုယ် တာဝန်ယူနိုင်ရင် ပြီးတာပဲ"

"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျWhere stories live. Discover now