ဝှစ်...

ဒါပေမဲ့ ထွက်ထွက်ချင်းမှပဲ အစိမ်းရောင်ဆူးတချို့ပျံသန်းလာတဲ့အတွက် ပန်းသီးလေးက ဖရန့်ရှေ့ကိုထွက်ပြီး သစ်မြစ်တွေနဲ့ဒိုင်းတစ်ခုဖန်ဆင်းကာ ဖရန့်ကို ကာကွယ်ပေးလိုက်တယ်။

"ရန်သူလား...." ဖရန့်လည်း ပန်းသီးလေးနောက်မှာ ဝင်ပုန်းလိုက်ရင်း ပန်းသီးလေးကို မေးလိုက်တယ်။ သူကိုယ်တိုင် တိုက်ခိုက်ဖို့အသင့်မဖြစ်သေးဘူး။ ပန်းသီးလေးက ဖရန့်ကိုအတည်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်ပြီး..

"အဲဒါကြောင့် ဒီနေရာမှာ သစ်ပုပ်နံရနေတာ မထူးဆန်းဘူးပဲ။" ပန်းသီးလေးစကား မဆုံးခင်မှာပဲ ကောင်းကင်ပေါ်ကနေ အစိမ်းရောင်လူရိပ်တစ်ခု ဆင်းသက်လာတယ်။

ဖရန့်က အဲဒီလူရိပ်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။ နတ်သမီးထောင်ချောက်ပန်းပွင့်ကို အတောင်ပံအဖြစ် အသုံးပြုနေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဟီးရိုးဟောင်းတစ်ယောက်အနေနဲ့ ဒီမိန်းကလေးကို ဖရန့်အတော်ရင်းနှီးပါတယ်။

"ဗီးနပ်စ်၊ ဒီကလူတွေပျောက်သွားတာ နင့်လက်ချက်လား။" ဖရန့်က မေးလိုက်တယ်။ သူ့ခန္ဓာကိုယ်က ကြွက်သားတွေ ရုတ်တရက်တင်းသွားပြီး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်သွားတယ်။

ဗီးနပ်စ်ကလည်း ဖရန့်ရဲ့စကားကြောင့် မျက်စိကိုမှေးလိုက်ပြီး လက်ကိုပိုက်ကာ ပြန်ဖြေလိုက်တယ်။ "နင်က ငါ့ကိုရွာလုံးကျွတ်သတ်တဲ့တရားခံလို့ ပြောချင်တာလား။ ပြောစမ်းပါဦး၊ ဒီရွာနားမှာ ငါ့ရဲ့အစွမ်းအရိပ်အယောင်တောင် တွေ့မိလို့လား။".

အိမ်ထဲမှာ တွေ့ခဲ့ရတဲ့မြင်ကွင်းကို ဖရန့်ပြန်စဥ်းစားတယ်။ ဗီးနပ်စ်သာ ဒီရွာကိုသတ်တဲ့တရားခံဆိုရင် ရွာတစ်ခုလုံးကို အသားစားပန်းတွေနဲ့ ဖုံးနေလိမ့်မယ်။

"ပန်းသီးလေး၊ သူမဟုတ်ဘူးလို့ ငါယုံတယ်။ အဲဒါက ပိုနူးညံ့ပြီး သေစေနိုင်တဲ့အရာတစ်ခုဖြစ်လိမ့်မယ်။"

ဖရန့်က ရထားတဲ့အချက်အလက်တွေကိုသုံးပြီး ပန်းသီးလေးရဲ့ပခုံးကို ဆုပ်ကိုင်ကာ တားဆီးလိုက်တယ်။ ဗီးနပ်စ်က ဗီလိန်တစ်ယောက်ဖြစ်တယ်ဆိုပေမဲ့ ဖရန့်က မလိုအပ်ဘဲ မတိုက်ခိုက်ချင်ပါဘူး။ ဗီးနပ်စ်က S rank တစ်ယောက်ဖြစ်ပြီး သူတို့တိုက်ခိုက်မယ်ဆိုရင် ရုရှားစစ်​မြေပြင်မှာ သူတို့ရှိနေတဲ့နေရာကို လူတွေသိအောင် အသိပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now