Chapter 1

4.1K 134 2
                                    

မဟာဒေဝီ နေထိုင်ရာ ပင်မဟော်နန်း

တစ်စုံတစ်ဦး၏ ဆွဲဆောင်မှု ရှိလွန်းတဲ့ အသံက စိတ်ဓာတ်ကျနေတဲ့ လူတစ်ယောက်အပေါ် မျှော်လင့်ချက် ရောင်ခြည်တွေ ပြန်ပေါ်စေတဲ့အထိ စွမ်းဆောင်နိုင်တတ်လားဆိုတာ မသိပေမယ့် ဇာမ့်အတွက်တော့ ထိုလူသားရဲ့ သီချင်းဆိုညည်းသံက သူ့၏ နာကျင်မှုအားလုံး ခဏတာ ပျောက်ကင်းသွားစေနိုင်ခဲ့တဲ့အထိ သက်ရောက်မှု ရှိခဲ့ဖူးသည်။

ထိုအချိန်က ဇာမ့်အသက် ဆယ်နှစ်။

ဇာမ့်စိတ်ကူးထဲ၌ သိတတ်စအရွယ်ကတည်းက သာမန်လူတွေလို အနာဂတ်ရည်မှန်းချက်တွေ များစွာရှိနေခဲ့ဖူးပေမယ့် ယခု သူ သိလိုက်ရတဲ့ အမှန်တရားက ဇာမ်တို့လို ကျွန်လူတန်းစားတွေဆိုသည်မှာ ဟော်နန်းသခင်တစ်ယောက်ရဲ့ နှုတ်ဖျားထက်မှနေ လွတ်လပ်မှု ပေးပြီဟု မဆိုမချင်း သူတို့ ဒီဟော်နန်းထဲကနေ ဘယ်‌သောအခါမှ လွတ်မြောက်ခွင့်မရှိနိုင်ဆိုသည်ကိုပင်။

ထွက်ပြေးရင် ပြန်လိုက်ဖမ်းခံရပြီး ထိုကဲ့သို့ ပြန်မိခဲ့လျှင် ပြစ်ဒဏ်အဖြစ် သေဆုံးခြင်းမှတပါး အခြားမရှိတော့။

ပင်မဟော်နန်းသည် တောင်စောင်းထိပ်၌ တည်ရှိသည့် အလွန်ကျယ်ဝန်းသော အိမ်တော်တစ်ခုဖြစ်ပြီး ဟော်နန်းအတွင်းရှိ စံအိမ်၏ အနောက်ဘက်တွင် ပန်းရောင်စုံဖူးပွင့်နေသည့် ပန်းခြံတစ်ခုနှင့် ထင်းရှူးပင် တစ်အုပ်ရှိသည်။ ဟော်နန်း၏ ပုံစံမှာ ခေတ်ဟောင်းနှင့် ခေတ်သစ်တို့ ပေါင်းစပ်ထားသည့် ပုံစံမျိုးဖြစ်သည်။

ယခုလက်ရှိ ဒီဟော်နန်း၏ သခင်မှာ စဝ်မင်းမြတ်ထွဋ်‌ခေါင်ဟု အမည်နာမရှိသည့် စော်ဘွားတစ်ယောက်ဖြစ်ကာ သူ့ထံ၌ မဟာဒေဝီမှ မွေးဖွားထားသော သားတစ်ယောက် ထွန်းကားသည်။ ပင်မဟော်နန်းအပြင် ထိုစော်ဘွား၏ ဒေဝီငယ်လေးများ နေထိုင်ရာ စံအိမ်ငယ်တွေလည်း ဒီမြို့ထဲမှာပဲ ရှိသေးတာမို့ ဇာမ် ယခုနေထိုင်ရသည့် စံအိမ်မှာ မဟာဒေဝီရှိရာ ပင်မဟော်နန်းထဲ၌ ဖြစ်သည်။

သူ ဒီစံအိမ်ထဲမှာပဲ ကြီးပြင်းလာခဲ့ရသော်လည်း ဟော်နန်းသခင်ကြီး၏ မဟာဒေဝီနှင့် ဒေဝီငယ်တို့မှ မွေးဖွားထားသော သားတွေမျက်နှာကို သေချာမမြင်ရပါပေ။ ဇာမ် ထိုသခင်လေးတွေရဲ့ နာမည်ကိုသာ ကြားဖူးပါ၏။

The Loudest Silence [Completed]Where stories live. Discover now