Chapter 25

995 54 1
                                    

အလင်းရောင် ခပ်ဖျော့ဖျော့ရှိရာ အခန်းထဲ၌ အသက်ရှူသံ ခပ်တိုးတိုး တစ်စုံသာ ထွက်နေသော ညီအစ်ကိုနှစ်ယောက် အိပ်စက်နေကြရာ သူ့သားကြီး၏ အခန်းထဲသို့ ဦးမင်းမြတ် ခပ်ဖြည်းဖြည်းချင်း လျှောက်လှမ်း ဝင်ရောက်ခဲ့သည်။

အမွှာ‌တွေလည်း မဟုတ်ကြပါဘဲနဲ့ ခွဲမရသည့် ဒီနှစ်ယောက်ကို ဒီညလည်း အတူဖက်အိပ်နေကြဦးမည်ဟု ထင်ထားသော်လည်း သူ့အစ်ကိုကုတင်ဘေးက ခုံကျဉ်းကျဉ်းလေးပေါ်၌သာ ခွေခေါက်အိပ်နေသည့် ရှေးကို တွေ့လိုက်ရသည်။ ကြားလူဝင်ရခက်သည့် ထိုကလေးနှစ်ယောက်က တစ်ယောက်လက်တစ်ယောက်တော့ ကိုင်အိပ်နေကြသေးသည်မှာ သူများမြင်ရင် အတော်ပင် သနားစရာကောင်းနေသလိုမို့ ဦးမင်းမြတ် ခေါင်းရမ်းလိုက်ပြီး ရှေးလည်း အိပ်မောကျနေပြီမို့ မောင်းထုတ်မနေတော့ဘဲ သူ ဒီအတိုင်းသာ ဝင်ထိုင်စောင့်နေရတော့သည်။

ဒီရှုပ်ထွေးသော အခြေအနေကြားထဲ ရက်တွေကြာနေပြီမို့ သူလည်း စိတ်ပင်ပန်းနေပြီ။ ထို့ကြောင့် သူ စခဲ့မိတဲ့ ဇာတ်ကို ကိုယ်တိုင်ပဲ အဆုံးသတ်လိုက်ရတော့မလားပင် တွေဝေလာမိပြီ။ သူ့သားကြီးပါ ယခုလို ထိခိုက်နေရတာ မြင်တိုင်း သူ အလွန်နာကျင်နေရ၏။

"ဟင်း. . ."

ဇာဏီထွဋ်ခေါင် လူသံကြားလိုက်တာမို့ ဖျတ်ခနဲ ခေါင်းထောင်ကြည့်လိုက်မိစဉ် သူ့ခမည်းတော်ကို တွေ့လိုက်ရတာကြောင့် ခေါင်းပြန်ချအိပ်သွားကာ ရှေး၏ လက်ကိုသာ ခပ်တင်းတင်း ‌သေချာဆုပ်ကိုင်ထားလိုက်ရင်း စိတ်ချလက်ချ ပြန်ထိုးအိပ်သွားတော့သည်။

ဦးမင်းမြတ် ထိုင်ခုံပေါ်မှနေ ရှေးအား စိုက်ကြည့်နေမိသည်။ ဒီကောင်လေးက သူပါ ကုတင်ပေါ် တက်အိပ်နေရင် ဦးမင်းမြတ် ဝင်လာချိန် မောင်းထုတ်ခံရမှာကြောက်လို့ သက်တောင့်သက်သာမရှိသည့် ထိုခုံကျဉ်းကျဉ်းလေး၌ ကပ်သပ်အိပ်နေပုံရ၏။

. . . ငယ် . . .

ရှေးကို သေချာကြည့်မိတိုင်း ဦးမင်းမြတ် ရေရွတ်မိသွားတတ်သည့် နာမ်စားလေးတစ်လုံး။ ငယ်က သူ သိပ်ချစ်ခဲ့ရတဲ့ အမျိုးသမီးလေး။ သူ့ဘဝ၌ ယခုအချိန်ထိ ချစ်ခဲ့ဖူးတဲ့ လူသားနှစ်ဦးသာ ရှိပါ၏။ စိမ့်နှောင်းငယ်ဟု အမည်တွင်သည့် ထိုအမျိုးသမီးနှင့် သူ့သားကြီးဖြစ်သည့် စဝ်ဇာဏီထွဋ်ခေါင်။ သူ ဒီသားတစ်‌ယောက်အတွက်သာ ဒီအချိန်ထိ ရှင်သန်နေခဲ့ခြင်း ဖြစ်သည်။

The Loudest Silence [Completed]Where stories live. Discover now