Chapter 28

980 53 4
                                    

မနက်ခင်း နေရောင်ခြည်ကိုလည်း မမြင်ရတော့သည့်အပြင် သူ့အား မည်သူ ထိုကဲ့သို့ လုပ်သွားခဲ့တာလည်းဆိုတာကိုပါ မသိလိုက်ရသည့် လျှပ်တပြတ် ဖြစ်ပျက်သွားခဲ့သည့် တိုက်ခိုက်ခံလိုက်ရမှုကြောင့် မျက်လုံးတစ်ဝိုက် နာကျင်မှုက ရှေးထံ၌ ပြောမပြတတ်အောင် ဖြစ်နေခဲ့သည်။

တစ်ယောက်‌ယောက်ကြားစေရန် ကြမ်းပြင်ကို တဘန်းဘန်း ထုရိုက်ဖို့ပင် သွယ်လျသော လက်ချောင်းများက မမြှောက်နိုင်တော့တာကြောင့် ကြောက်လန့်လာမှုက ရှေးထံ၌ အလွန်အကျူးဖြစ်လာစေကာ အသံထွက်ကြည့်ဖို့ပင် အားယူနေခဲ့မိသည်။

သို့သော်ငြား ထုံးစံအတိုင်း ဘာသံမှ ထွက်မလာဆဲပဲမို့ မျက်ရည်များက အက်ဆစ်များနှင့် ရောနှောသွားခဲ့ရင်း သူ ယခုချိန်၌ ဇာဏီ့အား သူ့ဘေးကိုပဲ အမြန်ပြန်လာစေရန် အလိုရှိနေခဲ့သည်။

"ငါ ရှေးကို နှုတ်ဆက်ပြီးရင် ပြန်တော့မှာ။ မင်းတို့လည်း ဒီနေ့ပဲ ဟော်နန်းပြန်ဖို့ ပြင်ကြတော့"

မင်းမဟော်ထိုက် ထွဋ်ဘေးမှ လျင်မြန်စွာ ထွက်လာခဲ့ပြီး အိမ်ထဲ ဝင်လာခဲ့သည်။ ထို့ကြောင့် ဇာဏီထွဋ်ခေါင် ချက်ချင်း လိုက်လာခဲ့ရကာ-

"ဟေ့ကောင် ရှေး မနိုးသေးဘူး၊ အိမ်ထဲ အတင်း ဇွတ်မဝင်နဲ့"

နှေးကွေးစွာသာ လျှောက်နိုင်သေးသော ထွဋ် မမီခင်ပင် မင်းမဟော်ထိုက် အိမ်ထဲရောက်ရှိသွားပြီဖြစ်ကာ အိမ်ခန်းကျဉ်းလေးထဲမှ အိပ်ရာထက်သို့ ခြေလှမ်းပြင်လိုက်စဉ်မှာပင် သူ့ခြေရင်း၌ ကျနေသော ဇာမ် ဝတ်ဆင်ထားသည့် လဆွဲကြိုးကို မြင်လိုက်ရတာကြောင့် အမြန်ကုန်းကောက်လိုက်ပြီး အန္တရာယ်၏ အငွေ့အသက်ကို ခံစားလိုက်ရတာမို့ သူ့မျက်လုံးများက အိမ်ခန်းတစ်ခန်းလုံးပေါ် ပြေးလျှောက်သွားစဉ်-

"ရှေး. . .ဟေ့၊ ရှေး"

သူ့အား ‌ခေါင်းအောက်မှ ပွေ့ယူလိုက်သည့် ထိုလူ့၏ အထိအတွေ့ကို ခံစားလိုက်ရချိန်၌ အလွန်အမင်း နာကျင်မှုက သူ့၏ နောက်ဆုံးအသိကိုပင် ဆွဲယူလုနီးနီး ဖြစ်နေပြီဖြစ်သည်။

ဇာဏီထွဋ်ခေါင် သူ့မျက်လုံးကိုပင် မယုံနိုင်ဖြစ်သွားရသည်။ သူ ရှေးအား တစ်ညလုံး စောင့်ကြည့်နေခဲ့ခြင်းဖြစ်ပြီး ဒီမိနစ်ပိုင်းလေးလောက်သာ ထားခဲ့မိတာပင်။

The Loudest Silence [Completed]Onde histórias criam vida. Descubra agora