နူးညံ့စွာပဲ သူမ ပြန်ပြောလိုက်သည် "ကောင်းပါပြီ"

"ဒီည ဘာစားခဲ့လဲ?"

နင်မုန့်က သူမ စားခဲ့တာတွေကို ညင်သာစွာ ဖြေးဖြေးနဲ့ မှန်မှန် ပြောပြလေ၏။ ပြီးနောက်မှာတော့ သူ့ကို မေးလိုက်သည်။ "ရှင်ရော စားပြီးပြီလား"

"ဟင့်အင်း"

အမျိုးသားက သူ စခေါ်တာ ဖြစ်သော်ငြား စကားအများကြီး ပြောမလာပေ။

နင်မုန့်က ရွှတ်နောက်စွာ ပြောလိုက်သည် "ဘုရင်ကြီးချန် ဘာမှ မစားပဲ အချစ်တွေပဲ စားနေမယ် ဆိုရင်တောင်မှ ရှင် တစ်ခုခု သွားစားသင့်ပြီ။ ဗိုက်အဆာမခံပါနဲ့"

အမျိုးသားက ကြက်သေ သေသွားပြီး ပြန်မေးလာသည်။ "ဘာမှ မစားပဲ အချစ်တွေပဲ စားနေမယ်?"

နင်မုန့်လည်း ကြက်သေ သေသွားသည်။

"ကောင်းပြီ ငါအခုပဲ ရေသွားသောက်လိုက်မယ်"

နင်မုန့် ဆွံ့အလို့သွားသည်။

အတိတ်မှာတုန်းက ထိုကဲ့သို့သော အီစီကလီစကားတွေ ဟော်ပေ့ချန်ကို အလွယ်တကူ ပြောထွက်ချိန် နင်မုန့် ဘာမှ မခံစားခဲ့ရ။ အခုအချိန်မှာတော့ ဟော်ပေ့ချန်က သူမပြောခဲ့တဲ့ စကားကို ပြန်ပြောလာတဲ့အခါ ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားလို့လာ၏။

ပါးတွေလောင်ကျွမ်းနေတာကို နင်မုန့် ခံစားလို့ရနေပြီး ဘာထပ်ပြောရမှန်း မသိတော့တာမို့ ထစ်ငေါ့စွာ ပြောလိုက်သည်။ "ကျွန်မ...ကျွန်မ အရင် အိပ်တော့မယ်"

ပြီးနောက်မှာတော့ သူ့ဘက်က ဘာမှ ပြောမလာနိုင်ခင်မှာပဲ ဖုန်းချလိုက်၏။

အိပ်ယာပေါ်မှာ လှဲလိုက်ပြီး သူမ မျက်နှာကို အုပ်လိုက်သည်။

သူမ စိတ်တွေကို တည်ငြိမ်အောင် ထိန်းနိုင်ပြီးတဲ့ နောက်မှာတော့ ဟော်ပေ့ချန်က ဖြစ်ခဲ့သမျှတွေကို ပြန်မတူးဆွခဲ့ဘူးဆိုတာ သဘောပေါက်လိုက်လေ၏။ ကွာရှင်းမယ့်အကြောင်းကို သူ လုံးဝ မဟလာခဲ့ပေ။ ထိုအကြောင်းပြောရင် သူမ ရှက်မှာကို သူက နားလည်သည့်အလား။ အခုတော့ ထိုအကြောင်းအရာက အတိတ်သာ ဖြစ်သွားလေပြီ။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now