“ပါး ဘယ်တုန်းက ပြန်ရောက် ... ”

ဖြန်း !!!

ငါ့စကားက အဆုံးမသတ်သေးဘူး။ ငါ့ပါးထက်ကို လက်ဖဝါးတစ်ခုက အားပြင်းပြင်းနဲ့ရောက်ရှိလာတယ်။ ငါ့မျက်နှာက ဘေးကိုလည်ထွက်သွားတယ်။ အဖေက ငါ့ကိုရိုက်ရင် တစ်ခါမှအားလျှော့ပြီးရိုက်ဖူးခြင်းမရှိဘူး။ အားကိုတမင်သုံးပြီးကို ရိုက်နှက်တတ်တာ။ အခုလည်း နာကျင်သွားတဲ့ပါးနဲ့အတူ အထဲကသွားပါ ကျွတ်ထွက်သွားသလိုခံစားလိုက်ရတယ်။ ဒါပေမယ့် လျှာနဲ့ထိုးကြည့်လိုက်တော့ ကျွတ်ထွက်သွားတာတော့မဟုတ်ဘူး။ ဒီအတိုင်း အရမ်းနာကျင်သွားလို့ ငါအပို‌တွေတွေးမိသွားရုံပဲ။

“မင်းဘာစောက်လုပ်တွေ ရှုပ်ထားတာလဲ !! ငါ့မျက်နှာကို စောက်အိုးမဲသုတ်နေတာလား ”

ကြည့်ရတာ အွန်လိုင်းပေါ်ကသတင်းတွေကို ငါ့အဖေတွေ့သွားတဲ့ပုံပဲ။ ငါ့ရဲ့လက်တွဲဖော်ဆိုတဲ့အကြောင်းတွေ၊ ငါ့အချစ်ရေးအကြောင်းတွေကိုပေါ့။ ဒီရက်ပိုင်းထဲ အဖေကခရီးထွက်နေလို့ ငါတော့ ခဏတာလွတ်လပ်ပြီထင်တာ။ အခုတော့ ‌ပြန်ရောက်ရောက်ချင်းပဲ ငါ့ဆီလာပြီး သင်ခန်းစာပေးတော့တာပဲ။ ငါစိတ်ပူမိတယ်၊ ဒီဒေါသစိတ်နဲ့ပဲ ငါ့အဖေသေသွားမှာကို။

“မင်းကို အရင်တည်းကပြောပြီးသား ။ ငါ့စီးပွားရေးပါတနာ သမီးတစ်ယောက်နဲ့ မင်းလက်ထပ်ရမယ်ဆိုတာ ။ ဒီလိုမျိုး စီးပွားချင်းပေါင်းစပ်လိုက်မှ ငါတို့ပိုင်ဆိုင်မှုတွေတိုးပွားပြီး ငါ့အစ်ကိုကို ယှဉ်နိုင်မှာကွ !! ဒါကို မင်းစောက်ဦးနှောက်က နားလည်ရဲ့လား ”

အဖေက ငါ့နားထင်ဘေးကို သူ့လက်ညှိုးနဲ့ ခပ်ကြမ်းကြမ်းထိုးရင်း အော်ပြောလာတယ်။ အဖေပြောတဲ့အကြောင်းအရာတွေ ငါလုံးဝမမေ့ဘူး။ ဒါပေမယ့် လိုက်လုပ်ဖို့လည်း ငါစိတ်မဝင်စားဘူး။ အဖေ့ကိုငါချစ်ပေမယ့် အဖေ့ကိုပုန်ကန်ပစ်ဖို့လည်း ငါဝန်မလေးဘူး။ ငါစိတ်မပါတဲ့အရာကို ဘာအတွက်ကြောင့်နဲ့မှ ငါမလုပ်နိုင်တာမို့။ ငါအဖေ့ကိုပြန်မကြည့်ပဲ ခေါင်းငုံ့ရပ်နေလိုက်ပြီး ငြိမ်သက်ပေးနေလိုက်တယ်။ အဖေက ငါ့ကိုဆူဆဲပြီး ရိုက်နှက်လို့ဝသွားရင် သူ့ဒေါသပြေသွားမှာပဲ။ ငါဒါကိုပဲ စောင့်နေရမယ်။

Be My Side [COMPLETED]Where stories live. Discover now