" ဒါဘယ်နေရာလဲ "
၀ေ၀ါးနေသည့်အမြင်အာရုံတွေကြောင့် ရှောင်းကမျက်လုံးတွေကိုစုံမှိတ်ကာ စိတ်ငြိမ်အောင်ခဏကြိုးစားလိုက်ပြီး နောက်တစ်ဖန်ပြန်ဖွင့်ကြည့်လိုက်၏။အလုံပိတ်အခန်းငယ်အတွင်း သူနှင့်လင်းရောင်ကိုနောက်ပြန်ကြိုးတုပ်ကာချည်နှောင်ထားတာမို့ ရှောင်းက စိတ်ပျက်စွာဖြင့်သက်ပြင်းချလိုက်၏။
" ခွန်ရှောင်း "
" အင်း "
" ငါတို့ဘာဆက်လုပ်ကြမလဲ "
" အခုချိန်မှာငါတို့ကဘယ်ကိုရောက်နေမှန်းတောင်မသိတဲ့အတွက် စောင့်ကြည့်ရမှာပဲ "
ရှောင်းကသူ့ဘေးမှလင်းရောင်ရဲ့မျက်နှာကိုလှမ်းကြည့်ကာ စိတ်မကောင်းဖြစ်သွားသည့်ပုံစံဖြင့်မျက်နှာလွှဲလိုက်၏။လင်းရောင်ရဲ့မျက်နှာက ဆေးဒဏ်မခံနိုင်တာကြောင့် ဖြူဖျော့နေပြီး အားနည်းနေတာဖြစ်သည်။
" မင်းကြောက်နေလား လင်းရောင် "
ရှောင်းကဘယ်လိုအဓိပ္ပာယ်နှင့်မေးသလဲမသိပေမယ့် လင်းရောင်ကထိုမေးခွန်းကြောင့် ခြောက်ကပ်ကပ်ပြုံးရယ်လိုက်သည်။
" မင်းရဲ့မေးခွန်းအတိုင်း မင်းကိုပြန်မေးမယ်ဆိုရင်ကော မင်းဘယ်လိုဖြေမလဲခွန်ရှောင်းဇင် "
လင်းရောင်ရဲ့မျက်နှာကအားပျော့နေသော်လည်း အသံကတော့မာ၏။လင်းရောင်က ရှောင်းကိုလှည့်ကြည့်ကာမေးငေါ့ပြလိုက်တော့ ရှောင်းကပခုံးတစ်ချက်တွန့်ကာနှုတ်ခမ်းရွဲ့ပြလိုက်သည်။ဆိုလိုသည်က သူ့မှာအကြောက်တရားမရှိဘူးဟူ၍။
" ဒါဆိုရင်နောက်မေးခွန်းတစ်ခုမေးမယ် စတီဗန်ကိုရောလွမ်းလား "
ထိုမေးခွန်းကြောင့် ရှောင်းကမျက်လွှာချရင်းအောက်နှုတ်ခမ်းကိုဖိကိုက်လိုက်သည်။မလွမ်းဘူးဟုပြောလျှင် သူသေချာပေါက်လိမ်ရာကျလိမ့်မည်။
" လွမ်းတယ်....သေမတတ်ပဲ "
ရှောင်းရဲ့အဖြေကြောင့် လင်းရောင်ကမျက်လုံးကိုမှိတ်ကာခပ်ရေးရေးပြုံးလိုက်၏။သူလည်း တစ်စုံတစ်ယောက်ကိုလွမ်းနေမိတာဖြစ်သည်။